ထိုင်းနိုင်ငံရောက် MoU အလုပ်သမားရာနဲ့ချီပြီး စာချုပ်အတိုင်းအလုပ်မရ
2024.06.13

နှစ်နိုင်ငံ သဘောတူညီမှုစာချုပ် (MoU) နဲ့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာအလုပ်သမားတွေဟာ စာချုပ်မှာပါတဲ့ အလုပ်တွေအတိုင်း လက်တွေ့မလုပ်ရတဲ့အပြင် ဘက်ပေါင်းစုံ အခက်အခဲကြုံနေရတဲ့သူ ရာနဲ့ချီရှိတယ်လို့ အလုပ်သမားရေး ဆောင်ရွက်သူတွေက RFA ကို ပြောပါတယ်။
အဲဒီလို အခက်အခဲဖြစ်နေတဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုမျိုးကျော်က ငွေရှာမယ်ဆိုတဲ့ အိပ်မက်နဲ့ ထိုင်းနိုင်ငံကို မေလ ၈ ရက်နေ့က ရောက်လာခဲ့တာပါ။
"မသွားရင် ပုလိပ်ခေါ်လိုက်မယ်ဆိုပြီး ကျွန်တော်တို့ကို ခြိမ်းခြောက်တယ်”
သူ့အနေနဲ့ ချွန်ပူရီခရိုင်မှာ မီးကြိုးတပ်ဆင်တဲ့ အလုပ်ရမယ်ဆိုပြီး ဖြူမေတ္တာအေဂျင်စီနဲ့ စာချုပ်ချုပ်ခဲ့ပေမဲ့ ရောက်ရောက်ချင်းနေ့မှာပဲ ထိုင်းအလုပ်ရှင်က အလုပ်မပေးနိုင်တော့လို့ သစ်သီးခြံမှာ သွားလုပ်ရမယ်ဆိုပြီး အေဂျင်စီက ဖိအားပေးတာခံရပါတယ်။
“နင်တို့တွေ ဒီမှာ အလုပ်မရတော့ဘူး။ ချင်းမိုင်မှာ ၁၄၊ ၁၅ ရက်လောက် သွားလုပ်ကြည့်လိုက်တဲ့။ မသွားဘူးလို့ ပြောတဲ့အချိန် နင်တို့သွားရင်သွား၊ မသွားရင် ပုလိပ်ခေါ်လိုက်မယ်ဆိုပြီး ကျွန်တော်တို့ကို ခြိမ်းခြောက်တယ်”
သစ်သီးခြံမှာလည်း ခြံပိုင်ရှင်က လုပ်အားခကို ညှိနှိုင်းထားတဲ့စျေးထက် လျှော့ပေးလို့ အလုပ်မဆင်းတော့တဲ့နောက်မှာ ထမင်းငတ်တဲ့အထိကြုံရလို့ အေဂျင်စီကို ဆက်သွယ်ခဲ့ပေမဲ့ တာဝန်ယူဖြေရှင်းမပေးဘူးလို့ သူက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ဖြူမေတ္တာအေဂျင်စီကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတဲ့သူ မရှိပါဘူး။
အသက် ၃၉ နှစ်အရွယ်ရှိတဲ့ ကိုမျိုးကျော်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီဆီမှာ စစ်မှုထမ်းရမှာကို စိုးရိမ်တာအပြင် ခက်ခဲလာတဲ့ စီးပွားရေးနဲ့ မြင့်တက်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့်ပါ ရန်ကုန်မှာ တစ်ပိုင်တစ်နိုင်လုပ်နေတဲ့ အိမ်တွင်းစီးပွားရေးကို ရပ်လိုက်ပြီး အတိုးနဲ့ငွေချေးပြီး ထိုင်းကို ရောက်လာခဲ့တာပါ။
“မြန်မာပြည်မှာလည်း လုပ်စားကိုင်စားရတာ အဆင်မပြေဘူး။ အခုတက်လာတဲ့ ပိုက်ဆံတွေကလည်း ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ရှိတဲ့ ပိုက်ဆံတွေ မဟုတ်ဘူး။ အပြင်ကနေ အတိုးနဲ့ချေးပြီးတော့ တက်လာတာ။ ဘယ်လောက်ကုန်လဲဆိုရင် ၅၅ (သိန်း) နဲ့ ၆၅ ကြား ကုန်သွားတယ်”
ဒါကြောင့် ကိုမျိုးကျော်နဲ့အတူ စုစုပေါင်း ၇၂ ယောက်ပါတဲ့အဖွဲ့ဟာ မဟာချိုင်မြို့က မြန်မာအလုပ်သမားအရေး လှုပ်ရှားမှု AAC မဟာမိတ်အဖွဲ့ကို ဆက်သွယ်ခဲ့ပြီး သံရုံးကနေတစ်ဆင့် ဖြေရှင်းဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။
စစ်သွေးညီကုမ္ပဏီကတစ်ဆင့် ထိုင်းနိုင်ငံက ဆောက်လုပ်ရေးလုပ်ဖို့ ဧပြီလထဲမှာ ရောက်လာတဲ့ နောက်ထပ် MoU အလုပ်သမားတစ်ယောက်ကလည်း အလုပ်သာရပေမဲ့ တစ်လခွဲစာ လုပ်အားခဖြစ်တဲ့ ဘတ်နှစ်သောင်းဝန်းကျင်မရလို့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ရုံးမှာ ခိုလှုံနေရတယ်လို့ ပြောပါတယ်။
“ဒုက္ခတွေရောက်ပြီး ပိုက်ဆံမရှင်းပေးလို့။ စားစရာ မရှိတော့တာနဲ့ WAG ရုံးကို အကူအညီတောင်းပြီးတော့ ခိုလှုံနေတာ။ အေးဂျင့်တွေကို ဖုန်းဆက်တော့လည်း မကိုင်ဘူး။ တာဝန်ယူမှု မရှိလို့”
ဒါနဲ့ပတ်သက်လို့ စစ်သွေးညီကုမ္ပဏီကို RFA က ဆက်သွယ်တဲ့အခါမှာ၊ အခက်အခဲဖြစ်နေတဲ့ အလုပ်သမားရယ်လို့ သူတို့ကို ဆက်သွယ်လာတာမရှိသလို ဆက်သွယ်လာခဲ့မယ်ဆိုရင်လည်း ဖြေရှင်းပေးတယ်လို့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အခက်အခဲဖြစ်နေလို့ ကူညီထားတဲ့ MoU အလုပ်သမား ဧပြီလမှာ ၂၀၀ လောက်ရှိပြီး၊ မေလမှာ ၁၅၀ ကျော်ရှိခဲ့တယ်လို့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) တာဝန်ရှိသူ ကိုမုန်တိုင်းက RFA ကို ပြောပါတယ်။ အဲဒီအပြင် အလုပ်သမားတွေရဲ့ ဘဏ်ကတ်တွေ အလွဲသုံးစား လုပ်ခံရတယ်လို့ ပြောပါတယ်။
“MoU ဆိုရင် ပတ်စပို့တွေ အများစု သိမ်းဆည်းထားတာ တော်တော်များများ တွေ့ရတယ်”
ဒီလိုမျိုး ပတ်စပို့တွေ သိမ်းဆည်းထားပြီးတော့ ဘာလုပ်လဲဆိုရင် အလုပ်သမားတွေကို ဘဏ်ကတ်တွေ ဖွင့်ပြီးတော့ လောင်းကစားလုပ်တာပေါ့။ ဂိမ်းတွေကစားတဲ့အချိန်ကျရင် ဒီအလုပ်သမားတွေက မသိရတဲ့ အပိုင်းဖြစ်တယ်ပေါ့။ ပတ်စပို့နဲ့ ဖွင့်ပေးတဲ့ MoU အလုပ်သမား အများစုခံရတယ်။ အခုတက်လာတဲ့ MoU တွေခံရတာ။ အဲဒီလိုမျိုးအချိန်ဆို သူတို့မှာ အဖမ်းဆီးခံရတယ်”
ထိုင်းပွဲစားတွေက MoU အလုပ်သမားတွေရဲ့ ပတ်စပို့တွေနဲ့ ဘဏ်စာရင်းတွေဖွင့်ပြီး အွန်လိုင်းငွေကြေး လိမ်လည်မှုတွေမှာသုံးစွဲလို့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတွေရှိတယ်လို့လည်း ပြောပါတယ်။
ဧပြီ ၁၃ ရက် က မဟာချိုင်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်က မြန်မာအလုပ်သမား တစ်ယောက်ကို သူဘဏ်ကတ်ကနေ ဘတ်ငွေ သိန်း ၂၀ ထုတ်သွားတယ်ဆိုပြီး ထိုင်းရဲတွေက ဖမ်းထားတာ အာမခံနဲ့ ရွေးလို့တောင်မရဘူးလို့ သူက ဆိုပါတယ်။
အခက်အခဲဖြစ်နေတဲ့ အလုပ်သမားတွေကို အတတ်နိုင်ဆုံး ကူညီပေးနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ အလုပ်သမားဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးကျော်နီက RFA ကို ပြောပါတယ်။
“အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်တာ၊ လိမ်လည်တာတွေ ဒါမျိုးတွေ အများကြီးကြားရတယ်။ တိုင်ကြားမှုတွေလည်း အများကြီး ရောက်လာတယ်။ ဒုက္ခရောက်ပြီဟေ့ဆိုရင် ကျွန်တော်တို့ ဝန်ကြီးဌာနမှာ တိုင်ကြားရေးယန္တရားဆိုတာရှိတယ်။ ဖုန်းတွေဆက်ပြီးတော့ အကူအညီတောင်းလို့ရပါတယ်။ အကူအညီပေးနိုင်တဲ့ ဘောင်ထဲကနေ ကျွန်တော်တို့ အကူအညီပေးနေပါတယ်”
မြန်မာနိုင်ငံမှာ ၂၀၂၄ ဇန်နဝါရီ ၂၅ ရက်နေ့အထိ စစ်ကောင်စီက တရားဝင်လုပ်ကိုင်ခွင့် ပေးထားတဲ့ လိုင်စင်ရ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်ကုမ္ပဏီပေါင်း ၅၄၂ ခုရှိပါတယ်။
အခုလိုဖြစ်နေတာဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ အေဂျင်စီတွေ ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်အောင် စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ မလုပ်တဲ့အတွက်ကြောင့်လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမား အခွင့်အရေးဖောင်ဒေးရှင်း Labour Rights Foundation (LRF) က ဦးအောင်ကျော်က ပြောပါတယ်။
“အခုအချိန်မှာ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနဘက်ကလည်း သက်ဆိုင်ရာ မြန်မာပြည်မှာ မှတ်ပုံတင်ထားသော အေဂျင်စီများကို ကျင့်ဝတ်နဲ့အညီ နေထိုင်လုပ်ကိုင်မှုအတွက်ကို စနစ်တကျ စစ်ဆေးနိုင်တဲ့ စွမ်းအားမရှိဘူး လျစ်လျူရှုထားတဲ့ အနေအထားမျိုးကြောင့်လည်း ဖြစ်နိုင်တယ်။ ကာယကံရှင် အေးဂျင့်တွေ ကိုယ်တိုင်ကလည်း အမိမြန်မာနိုင်ငံသားတွေ တိုင်းတစ်ပါးကို ငွေကုန်ကြေးကျမြောက်များစွာနဲ့ တိကျခိုင်မာတဲ့ ခံစားခွင့်တွေ လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်တွေကို တာဝန်ခံမှု တာဝန်ယူမှု မရှိလို့သာ ဒီစနစ်ကြီးက ဒီလို လျော့ရဲပျက်စီးသွားတယ်လို့ပဲ သုံးသပ်ပါတယ်”

အခုလို MoU အလုပ်သမားတွေ ရင်ဆိုင်နေရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီး ဌာနနဲ့ ဘန်ကောက်မှာရှိတဲ့ စစ်ကောင်စီ အလုပ်သမားသံအရာရှိရုံးတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးနေတယ်လို့ မေလ (၁) ရက်နေ့က ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ပေးပို့ထားတဲ့ သဝဏ်လွှာမှာ ပြောထားပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား ခြောက်သန်းလောက် ရှိနေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။