ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူဦးရေ တစ်ဘီလီယံကျော် ဆင်းရဲမှုမျိုးစုံ ကြုံနေ
2022.10.19

ဖွံ့ဖြိုးဆဲ ၁၁၁ နိုင်ငံက လူ ၁.၂ ဘီလီယံဟာ အဖက်ဖက်က ဆင်းရဲမွဲတေတဲ့ဘဝနဲ့ နေထိုင်နေရတယ်လို့ MPI- Multidimensional Poverty Index ဘက်ပေါင်းစုံဆင်းရဲခြင်းညွှန်းကိန်းက ဖော်ပြလိုက်ပါတယ်။
UNDP ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်နဲ့ ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ် OPHI-ဆင်းရဲမှုနဲ့ လူသားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ အဲဒီလိုပါရှိတာပါ။
လူအများစုဟာ ဆင်းရဲချမ်းသာတာကို ငွေကြေးနဲ့တိုင်းတာကြပေမယ့် ငွေကြေးချို့တဲ့တာ တစ်ခုတည်းနဲ့ ဆင်းရဲမှုကို တိုင်းတာလို့ မသင့်ဘူးလို့ အမေရိကန်အရှေ့ခြမ်းနယူးယောက်မြို့မှာ ကျင်းပတဲ့ အစီရင်ခံစာထုတ်ပြန်ပွဲမှာ ဦးဆောင်ဆွေးနွေးတဲ့ သတင်းစာဆရာမ Shakuntala Santhiran က ပြောပါတယ်။
ဆင်းရဲတာနဲ့ပတ်သက်လို့ အများစုက ငွေကြေးမပြည့်စုံတာကိုပဲ စဉ်းစားမိကြပါတယ်။ ဒါပေမဲ့ ပညာသင်ကြားနိုင်ရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့်အတန်းအပါအဝင် ထည့်သွင်းစဉ်းစားစရာ တခြားအချက်အလက်တွေ အများကြီးရှိပါတယ်လို့ ပြောသွားတာပါ။

လူနေမှုအဆင့်အတန်းမှာ အိုးအိမ်နေရာ၊ သောက်သုံးရေ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ လျှပ်စစ်မီးရရှိရေး စတာတွေ အကျုံးဝင်ပါတယ်။
လျှပ်စစ်နဲ့ဓာတ်ငွေ့မရရှိတဲ့အတွက် ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ လူ ၂.၄ ဘီလီယံဟာ ကျန်းမာရေးထိခိုက်စေမယ့် ထင်း၊ မီးသွေးနဲ့ ချက်ပြုတ်နေရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီနှစ် ဇန်နဝါရီ ၂ဝ ရက်နေ့က အစီရင်ခံစာထုတ်ပြန်ထားတာလည်း ရှိပါတယ်။
ဆင်းရဲမှုတိုက်ဖျက်နေတဲ့ ကမ္ဘာမှာ ကိုဗစ်ကပ်ရောဂါ မကျရောက်ခင်တုန်းကတော့ ၇၂ နိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု သိသိသာသာကျဆင်းသွားတယ်လို့ MPI ညွှန်းကိန်းက ပြောပါတယ်။ မြန်မာနိုင်ငံက ဆင်းရဲမှုနှုန်းဟာ ၂၀၁၇ မှာ ၂၀၁၅ ကထက် ၇.၈ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ဖော်ပြပါတယ်။
ဒီနှစ်ဇူလိုင် ၂ဝ မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဆင်းရဲတယ်လို့ သတ်မှတ်ထားတဲ့ အဆင့်အောက်မှာ လူ ၄၀ ရာခိုင်နှုန်း နေထိုင်နေရတယ်လို့ ပါရှိပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံတိုင်းလိုလို စီးပွားရေး တိုးတက်နှုန်းထိခိုက်ရပြီး မြန်မာနိုင်ငံမှာ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် စီးပွားရေးကျဆင်းရပြီး အရင်က လုံခြုံခဲ့တဲ့ဒေသတွေမှာ လုံခြုံရေးကင်းမဲ့သွားပါတော့တယ်။
ငါနဲ့မတူ ငါ့ရန်သူဆိုပြီး ရတဲ့နည်းနဲ့ နှိမ်နင်းစစ်ဆင်တဲ့ ဗျူဟာသုံးတဲ့အတွက် နဂိုက စည်ပင်သာယာပြီး တင့်တောင့်တင့်တယ်နေနိုင်ခဲ့တဲ့ လူတွေ နေစရာ စားစရာ ခိုကိုးစရာမဲ့ဘဝ နေ့ချင်းညချင်းရောက်ရှိသွားရပါတယ်။
ဥပမာ - စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မွေ့တုံရွာက ဖြစ်ရပ်မျိုးပါ။ တစ်ချိန်က ပြည့်ပြည့်စုံစုံရှိခဲ့တဲ့ ရွာကို သုံးကြိမ်တိုင်တိုင် စစ်ကောင်စီက မီးရှို့တဲ့အတွက် လက်ရှိကြုံတွေ့ရတာကို အသက် ၈၀ ကျော် ဒေသခံတစ်ယောက် ပြောပြတာက ....
"မွေ့တုံရွာဆိုတာ အင်မတန်မှ တောင်သူတောင်သားတွေ ချမ်းသာတဲ့ရွာလေးတစ်ရွာလို့ ပြောရမှာပါ။ အိမ်ခြေ ၃၅၀ ရှိတယ်။ ပထမအကြိမ် မီးရှို့တာ သိန်းပေါင်းမြောက်မြားစွာ ဆုံးရှုံးသွားတယ်။ အိမ်ခြေ ၁၇၅ အိမ်ပါသွားတယ်။ တစ်လကျော်လောက်ကြာတော့ ၃၅ အိမ် ဒုတိယအကြိမ်ရှို့ပြန်ရော။ တတိယအကြိမ်ကျတော့ ၁၂၁ အိမ် ပါသွားတယ်။ အခုတော့ နေစရာ ထိုင်စရာမရှိ၊ ပြေးစရာ မြေလည်းမရှိ မွေ့တုံရွာသားတွေ ဒုက္ခလှလှကြီး ရောက်နေပါတယ်။"

အိုးအိမ်တွေ မီးရှို့ခံရတဲ့အခါ MPT ဘက်စုံဆင်းရဲမှု ညွှန်းကိန်းမှာ ပြောတဲ့ နေစရာ ခိုနားစရာမဲ့သွားပါတယ်။
UNOCHA ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ဒီလ ၁ ရက်နေ့က ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံတစ်ဝန်း လူ ၁.၃ သန်းကျော် နေရပ်ကရွှေ့ပြောင်းရတယ်လို့ ဖော်ပြထားပါတယ်။
ဒီအထဲက တစ်သန်းကျော်ဟာ ၂ဝ၂၁ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတယ်လို့ ပြောပါတယ်။ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်အိမ်ကို စွန့်ခွာထွက်ပြေးရသူတွေဟာ MPI ပြောတဲ့ ဘက်ပေါင်းစုံဆင်းရဲခြင်းမှာ အကျုံးဝင်ပြီး စိတ်လည်း စိတ်ဆင်းရဲရပါတယ်။