စစ်တပ်ရဲ့တိုက်ခိုက်မှုနဲ့ အရပ်သားသေကြေမှုပိုလာနိုင်ကြောင်း အမေရိကန် ပညာရှင်များအဖွဲ့သုံးသပ်
2022.04.18
မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့လအတွင်းမှာ အာဏာသိမ်းဆန့်ကျင်ရေး လက်နက်ကိုင်လှုပ်ရှားမှုတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်က မြို့နယ်တွေမှာ PDF တပ်ဖွဲ့ဝင်တွေ ခိုအောင်းနေတယ်လို့ ယူဆတဲ့ ကျေးရွာတွေကို ရွာလုံးကျွတ် မီးရှို့ပြီး ဒေသခံတွေကို နှိပ်စက်သတ်ဖြတ်၊ ပစ္စည်းဥစ္စာတွေ လုယူဖျက်ဆီးပြီး၊ ဒေသခံ လူ့အသိုက်အဝန်းတစ်ခုလုံး နေထိုင်လို့ မရတော့အောင် သုတ်သင်ရှင်းလင်းတဲ့ နည်းဗျူဟာကို ကျင့်သုံးနေတယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် ပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Council on Foreign Relations - CFR နိုင်ငံခြားဆက်ဆံမှုများဆိုင်ရာကောင်စီက သုံးသပ်ဖော်ပြထားပါတယ်။
ဒီ CFR အဖွဲ့ကို ၁၉၂၁ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး၊ အမေရိကန်ပြည်သူတွေ ကမ္ဘာကြီးအကြောင်း သိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ထားတဲ့ အစိုးရလက်အောက်ခံ မဟုတ်တဲ့ပညာရှင်အဖွဲ့ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းတွေအရ အခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှာ စစ်ကောင်စီရဲ့လက်ချက်နဲ့ အသက်သေဆုံးသူ ၁၅၇၉ ဦးနဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူ ၁၂၀၀၀ ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်။ ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးအချိန် တစ်လကျော်ကြာ ဧပြီလ ၁၅ ရက်မှာတော့ သေဆုံးသူ ၁၇၅၆ ဦးနဲ့ ဖမ်းဆီးခံရသူ ၁၂ဝဝဝ ကျော် ရှိလာတယ်လို့ဆိုပါတယ်။
လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ကောင်စီဟာ အရှေ့တောင်အာရှမှာ ရုရှားနိုင်ငံက စစ်လက်နက်နဲ့ နည်းပညာ အများဆုံးဝယ်ယူနေတဲ့ ဖောက်သည်နိုင်ငံဖြစ်ကြောင်း Jane’s Defense Weekly စာစောင်က စစ်ရေးကျွမ်းကျင်သူ Anthony Davis က အခုနှစ်အစောပိုင်းက RFA ကို ပြောပါတယ်။
ဒါ့အပြင် လူထုရွေးကောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်တာနဲ့ ဆိုးဝါးပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာမျက်နှာစာမှာ ဒီမိုကရေစီနိုင်ငံတွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချမှုတွေ၊ ပိတ်ဆို့အရေးယူမှုတွေ နဲ့ရင်ဆိုင်နေရချိန်မှာ ရုရှားလို ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေရဲ့ထောက်ခံမှုကို မှီခိုနေရချိန်လည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း အခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ရုရှားက ယူကရိန်းကို ကျူးကျော်သိမ်းပိုက်မှု စတင်ချိန်မှာပဲ မြန်မာစစ်ကောင်စီက ရုရှားနိုင်ငံဘက်က ရပ်တည်ကြောင်း တရားဝင်ပြောကြားခဲ့ပါတယ်။
အခုနှစ် မတ်လ ၂၇ရက်နေ့ တပ်မတော်နေ့အခမ်းအနားမှာတော့ ‘အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ကူညီထောက်ပံ့နေတဲ့ အဖွဲ့တွေကို’ တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘဲ နှိမ်နင်းဆောင်ရွက်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသွားပါတယ်။
အခုနှစ် ဖော်ဖော်ဝါရီလနောက်ပိုင်းမှာ စစ်ကောင်စီဘက်က ဆန့်ကျင်ဘက်အင်အားစုတွေကို အမြစ်ပြတ်တိုက်ခိုက်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ တိုးမြှင့်လာတာလည်းတွေ့နိုင်ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ မြန်မာနိုင်ငံတစ်ဝန်းမှာ တည်ငြိမ်အေးချမ်းမှုရှိဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ အများဆုံး ကြုံနေရတဲ့ ကယားပြည်နယ်မှာ အရပ်သားပြည်သူတွေ သေဆုံးမှုတွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်မှုတွေအကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မတ်လ ၂ ရက်နေ့က မေးမြန်းခဲ့ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်းမှာ စစ်ရေးပဋိပက္ခတွေအတွင်း အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု များပြားလာတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ငြင်းဆိုခဲ့ပြီး၊ နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေကို ဒေသခံအာဏာပိုင်တွေက ပြန်လည်နေရာချထားပေးနေပြီလို့ ပြောဆိုခဲ့ပေမယ့် ကုလသမဂ္ဂနဲ့အခြား နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကတော့ ဆန့်ကျင်ဘက်ဖြစ်နေတာ တွေ့ရပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ခန့်မှန်းချက်အရ အခုနှစ် မတ်လ ကုန်ဆုံးချိန်မှာ မြန်မာနိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း ကိုးသိန်းကျော်အထိ ရှိသွားပြီလို့ ဆိုပါတယ်။
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်တပ်ကအာဏာသိမ်းလိုက်ကတည်းက ခံစစ်အတွက် ပြင်ဆင်ထားကြပေမယ့် ဒီတပ်ဖွဲ့တွေဟာ ပြည်တွင်းက PDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို ထိုးစစ်ဆင်တာမျိုး မရှိတဲ့အတွက် ထိရောက်တဲ့ စစ်ဆင်ရေး မဖြစ်တဲ့အကြောင်း ဝါရင့်မြန်မာ့အရေးဆောင်းပါးရှင် Bertil Lintner က သုံးသပ်ပါတယ်။
မြန်မာစစ်တပ်ဟာ လက်နက်နဲ့ လူအင်အား အားသာချက်ရှိနေပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပျံ့နှံ့နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အမြစ်ပြတ်နှိမ်နင်းနိုင်လောက်တဲ့ အခြေအနေမရှိတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နေ့အခမ်းအနားမှာ ပြောသွားသလို ရန်သူကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုတာ ဖြစ်နိုင်ခြေ မရှိကြောင်းလည်း သူကသုံးသပ်ပါတယ်။
အခုအချိန်မှာ နိုင်ငံတကာအနေနဲ့ ယူကရိန်းစစ်ပွဲကို အာရုံစိုက်နေတဲ့အပြင် ယူကရိန်းစစ်ပွဲမတိုင်ခင်ကလည်း အဓိကဒီမိုကရေစီနိုင်ငံတွေဟာ မြန်မာနိုင်ငံအရေးကို အာဆီယံရဲ့ဦးဆောင်မှုနဲ့ ဖြေရှင်းကြဖို့ ပြောဆိုပြီး မျက်နှာလွှဲထားတာကြောင့် အနာဂတ်ကာလအတွင်းမှာ မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ၊ အတိုက်အခံအင်အားစုတွေကို ဖိနှိပ်သတ်ဖြတ်မှုတွေနဲ့ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခ သည်တွေ အိမ်နီးချင်းနိုင်ငံတွေထဲကို ဝင်ရောက်မှုတွေ ဆက်ဖြစ်နေလိမ့်မယ်လို့ Council on Foreign Relations – CFR အဖွဲ့က သုံးသပ်ထားပါတယ်။