လောင်းကစားရုံပိတ်ဖို့ သတိပေးချက် ဟန်ပြသာဖြစ်ကြောင်း ဒေသခံတွေပြော

RFA Burmese
2024.07.14
လောင်းကစားရုံပိတ်ဖို့ သတိပေးချက် ဟန်ပြသာဖြစ်ကြောင်း ဒေသခံတွေပြော ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အဆောက်အအုံတချို့အား ၂ဝ၂၄ ခုနှစ် ဇူလိုင်လအတွင်းက တွေ့ရစဉ်။
Citizen Photo

ကရင်ပြည်နယ် မြဝတီမြို့နယ်က လောင်းကစားရုံတွေ ပိတ်သိမ်းဖို့ DKBA ဒီမိုကရေစီ အကျိုးပြုကရင့် တပ်မတော်နဲ့ KNU/KNLA PC ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့တွေက သတိပေးချက် ထုတ်ပြန်ပေမယ့် လက်တွေ့မှာတော့ လောင်းကစားရုံတွေ ပိတ်သိမ်းဖို့ ဟန်ပြသာဖြစ်နေတယ်လို့ မြဝတီမြို့ခံတွေနဲ့ လောင်းကစားရုံတွေမှာ လုပ်ကိုင်နေသူတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့ DKBA နဲ့ KNU/KNLA PC တပ်ဖွဲ့ တွေက မြဝတီ မြို့နယ်က လောင်းကစားရုံ ပိတ်သိမ်းဖို့နဲ့ မူးယစ်ဆေးဝါးကိစ္စရှောင်ဖို့ ဇူလိုင် ၁ဝ ရက်က သတိပေးစာထုတ်ပြန်ထားပေမယ့် ၁၄ ရက်အထိ လောင်းကစားရုံတွေ ဆက်လည်ပတ်နေတုန်းပဲလို့ လောင်းကစားရုံ တစ်ရုံက အလုပ်သမားတစ်ယောက်က RFA ကို ပြောပါတယ်။

"မြဝတီက ကရင်အဖွဲ့အစည်းဂိတ် ၁ဝ ဂိတ်တို့ ၁၂ တို့ ၁၃ တို့ ကျောက်ဖျာဂိတ်တို့ ကိုးသုံးလုံးဂိတ်တို့ လုပ်တဲ့ရုံတွေကတော့ ဖွင့်နေတာပဲ။ အမှတ် (၅) ဝါတော ဖားခြောက်ကောင်တို့ အမှတ် (၁) ကြံခင်းတို့ ရုံတွေကတော့မပိတ်သေးဘူး။ အခုထိဆော့လို့ရနေတုန်းပဲ။ (၂) ရပ်ကွက်ထဲက ဂိမ်းရုံတို့ အွန်လိုင်းရုံတို့ ငါးပစ်တဲ့ရုံတွေ တချို့ဂိမ်းရုံအသေးတွေကတော့ ပိတ်ထားတယ်။ သူတို့လက်နက်ကိုင်တွေနဲ့ တရုတ်နဲ့လုပ်ထားတဲ့ရုံတွေကတော့ မပိတ်ဘူး။ အခုထိဖွင့်တယ်။ ရပ်ကွက်ထဲက ဂိမ်းရုံမှာလုပ်တဲ့သူတွေကလည်း သွားလာနေတာပဲ အလုပ်က မပိတ်ဘူး"

လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တရုတ်လုပ်ငန်းရှင်တွေ ပူးပေါင်းဖွင့်လှစ်ထားတဲ့ လောင်းကစားရုံတွေဟာ ကရင်လက်နက်ကိုင်အဖွဲ့အကြီးအကဲတွေ လာရောက်စစ်ဆေးချိန်မှာ ခဏပိတ်ရင်ပိတ်၊ ဒါမှမဟုတ် နေရာ ပြောင်းသွားပြီး ဆက်လက်လုပ်ကိုင်နေတယ်လို့ မျက်မြင်သိရှိတဲ့ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

"ဂိမ်းရုံတွေ အာဝါဒေးတွေက ဖမ်းတုန်းခဏပဲ ရပ်သွားတာမျိုးမရှိဘူး။ ဒီ ၁ ရက် ၂ ရက် ဆိုသူတို့ပြန်လုပ်ကြတာပဲ။ နောက်ဆုံးရပ်ကွက်ထဲ သူတို့လုပ်မရတော့ဘူးဆိုရင် ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဂိတ်တွေ၊ ခြံဝင်းတွေထဲမှာ ဆက်လုပ်နေကြတယ်။ နေရာရွှေ့လိုက်တဲ့သဘောပေါ့လေ။ အခုလည်း DKBA တို့ ၊ BGF တို့၊ PC တို့ မြို့ထဲတော့ ပတ်နေတာလောက်ပဲ ရှိတယ်။ သူတို့လုပ်ငန်း ပိတ်ထားတာမျိုးဘာတစ်ခုမှမရှိဘူး။ ပြီးရင် မီးစက်တွေနဲ့ လုပ်နေကြတာတွေရှိတယ်။ ပြီးတော့ တရုတ်တွေလည်း သွားလာနေတာပဲ မြင်နေရတာပဲလေ"

ဒီတရားမဝင်လောင်းကစားလုပ်ငန်းတွေ ပိတ်သိမ်းခိုင်းတဲ့ သတိပေးစာနဲ့ ပတ်သက်ပြီး ကရင်လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုရဲ့ မြဝတီမြို့ဆက်ဆံရေးရုံး တာဝန်ရှိသူတွေကို RFA က ဆက်သွယ်ပေမယ့် ဖုန်းခေါ်လို့ မရသေးပါဘူး။

တရားမဝင်လောင်းကစားလုပ်ငန်းတွေကနေ ဝင်ငွေရနေတာကြောင့် ရပ်နားသွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ လောင်းကစားရုံလုပ်ငန်း လုပ်ကိုင်ဖူးသူ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

"လောင်းကစားရုံတွေကို အကာကွယ်ပေးထားတာ သူတို့အဖွဲ့အစည်းတွေပဲ လူငယ်တွေရဲ့ ဘဝတွေ ပျက်စီးတယ်၊ ဂိမ်းရှုံးလို့ ခိုးတဲ့အခါမျိုးကျရင် ဒီအပေါင်ဆိုင်တွေကလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ ပတ်သက်တဲ့သူတွေကပဲ ဖွင့်ထားတာ။ ဂိမ်းဆိုင်တွေကို ဖမ်းတယ်ဆိုတာကလည်း ဟန်ပြပဲရှိတယ်။ သူတို့တွေ ဝင်စစ်တယ်။ ဓာတ်ပုံတွေ ရိုက်တယ်။ ဒီလောက်ပဲ။ အဖွဲ့အစည်းတွေ ဝင်ငွေရတဲ့လုပ်ငန်းဆိုတာ ဒီဂိမ်းရုံတွေက ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ ဂိမ်းဆိုင်တွေကို အပြီးပြတ်ပိတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးပေါ့နော်"

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူ ကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။