မြဝတီမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကြီးထွားနေဆဲ

RFA Burmese
2024.01.16
မြဝတီမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကြီးထွားနေဆဲ တရုတ်နိုင်ငံတွင် မိုဘိုင်းလ်ဖုန်းအသုံးပြုနေသူတစ်ဦးအား ၂ဝ၂၁ ခုနှစ် ဇူလိုင်လက တွေ့ရစဥ်။
AFP

ထိုင်း-မြန်မာ နယ်စပ်အနီး ကရင်ပြည်နယ် မြဝတီခရိုင်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ပူးပေါင်းနှိမ်နင်းမယ်ဆိုပြီး နှစ်နိုင်ငံ စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းနေတာ နှစ်ကြိမ် ရှိသွားပါပြီ။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆုန်ဝစ်နွန်ပက်ဒီး (Songwit Noonpackdee) တို့ ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းက အွန်လိုင်းကတစ်ဆင့် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ညပိုင်းမှာပဲ ချက်ချင်း သတင်းထုတ်ပြန်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ထိုင်း-မြန်မာ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မယ့်ကိစ္စ၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ မြဝတီမြို့အနီးက အွန်လိုင်း လောင်းကစားမှုနဲ့ ငွေကြေး လိမ်လည်မှုတွေကို ပူးပေါင်း တိုက်ဖျက်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ လကုန်ပိုင်းတုန်းကလည်း မြဝတီဒေသက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ပူးပေါင်းနှိမ်နင်းဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဂျက်ကရာဖုန် ဂျမ်ပင် (Jakkapong Janpengpen) တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

“ဒီငွေလိမ်ဂိုဏ်းတွေကို ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းဖို့ မကြာခဏ ဆွေးနွေးနေပေမယ့် ဒီနေ့အထိ ဘာမှထူးမလာဘဲ ဆိုးဆိုးဝါးဝါး ဆက်လုပ်နေဆဲပဲ”

ဒီမိုကရက်တစ် ကရင် အကျိုးပြုတပ်မတော် DKBA ထိန်းချုပ်နယ်မြေ မြို့ဝတီခရိုင် ကျောက်ခက်ကျေးရွာမှာဆိုရင် ကာစီနို လောင်းကစားရုံနဲ့ ငွေလိမ်ဂိုဏ်းပေါင်း လေးဆယ်ခန့်ရှိနေပြီး နိုင်ငံခြားသား သုံးထောင်ကနေ ငါးထောင်လောက်အထိ ပိတ်လှောင်ခိုင်းစေခံနေရတယ်လို့ ထွက်ပြေး လွတ်မြောက်လာသူတွေက ပြောပါတယ်။ သူတို့ဟာ မြန်မာ၊ အီသီယိုပီးယား၊ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန် စတဲ့ နိုင်ငံစုံကလူတွေ ဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကုမ္ပဏီတွေမှာ အလုပ်ရမယ်လို့ စည်းရုံးပြီး ရောင်းစားခံထားရတာလို့ ဆိုပါတယ်။

အဲဒီနိုင်ငံခြားသားတွေကို တစ်နေ့ကို ၁၄ နာရီနီးပါး အဓမ္မ ခိုင်းစေနေပြီး မလုပ်နိုင်ရင် ကျဥ်စက်နဲ့တို့တာ၊ အခန်းကျဉ်းထဲ ထမင်းမကျွေးဘဲ ပိတ်လှောင်တာတွေ လုပ်နေတယ်လို့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတစ်ခုမှာ လုပ်ကိုင်ခဲ့သူတစ်ဦးက ပြောပါတယ်။

“အဓိက တကယ် နှိပ်စက်ခံနေရတာက တရုတ်နိုင်ငံသားတွေနဲ့ တခြားနိုင်ငံသားတွေကို တအား နှိပ်စက်ကြတာ။ သူတို့က တော်တော် ပိုဆိုးတယ်။ အလုပ်လုပ်နေရင်းနဲ့ ငိုက်သွားတာကစ အနောက်ကနေ ကျင်စက်နဲ့တို့တာ။ အလုပ်ချိန်ကကျတော့ ညနေ လေးနာရီကနေပြီးတော့မှ နောက်နေ့မနက် ငါးနာရီ၊ တစ်ခါတစ်လေ အလုပ်မပြီးရင် ခြောက်နာရီပေါ့နော် အချိန်ပိုဆင်းရတာ။ ၁၃ နာရီကနေ ၁၄ နာရီလောက်ရှိတယ် အလုပ်ချိန်က။ အဲဒီအတွင်းမှာ ငိုက်သွားတာတို့၊ တခြားကို ဘေးကို စကားပြောတာတို့ဆို ကျင်စက်နဲ့တို့တာ။ ပြီးတော့ သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းတွေ အများကြီးပဲ။ အဲဒီလိုဟာမျိုးနဲ့ တစ်ခုခု ငြိတယ်ဆိုရင် ရိုက်ပြီးနှိပ်စက်တာတို့ နောက်ပြီး သူတို့ခေါ်တဲ့ အမှောင်ခန်းဆိုတာ ရှိတယ်၊ အခန်းကျဉ်းလေးထဲမှာပေါ့နော်။ လက်ထိပ်ခတ်ပြီးတော့ ထမင်းမကျွေးဘဲနဲ့ ရိုက်တာတို့ ဘာတို့ လုပ်တာ။ အဲဒါမျိုး အများဆုံး ခံရတာက တရုတ်တွေနဲ့ နိုင်ငံခြားသားတွေ”

မြန်မာနိုင်ငံသားတွေကို နှိပ်စက်တာမျိုး သိပ်မရှိပေမယ့် အလုပ်ချိန် ပိုခိုင်းတာ၊ လုပ်အားခ ဖြတ်တာတွေရှိတယ်လို့ သူက ပြောပါတယ်။

ဒီငွေလိမ်ဂိုဏ်းတွေကို ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းဖို့ မကြာခဏ ဆွေးနွေးနေပေမယ့် ဒီနေ့အထိ ဘာမှထူးမလာဘဲ ဆိုးဆိုးဝါးဝါး ဆက်လုပ်နေဆဲပဲလို့ မြဝတီဒေသခံတွေက ပြောပါတယ်။

နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းရေး အခြေအနေ အသေးစိတ် သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်‌ဇော်မင်းထွန်းကို RFA က ဒီနေ့ မွန်းလွဲပိုင်းက ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကို အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ အင်္ဂလိပ် ဘာသာစကားကို အသုံးပြု၊ အုပ်စုတွေခွဲ အလုပ်လုပ်ပြီး တစ်ကမ္ဘာလုံးက မသိနားမလည်သူတွေကို လိမ်လည်ငွေညှစ်ခိုင်းနေတာလို့ မြဝတီမြို့ ရွှေကုက္ကိုမြို့သစ် ဒေသခံတစ်ဦးက ပြောပါတယ်။

“(ငွေလိမ်ဂိုဏ်းမှာ အလုပ်လုပ်တာ) သူ့အပိုင်းပိုင်းတော့ ရှိတယ်၊ တချို့ကျတော့ ဒီနိုင်ငံနဲ့ အမေရိကန်ဆို အမေရိကန်ပေါ့၊ အဲဒီအပိုင်းကို တာဝန်ယူရတဲ့သူ ရှိတယ်။ နောက် အိန္ဒိယဆို အိန္ဒိယပေါ့။ သူက ဘယ်လိုလဲဆိုတော့ မြန်မာပိုင်းနဲ့တော့ မရဘူး၊ အကုန်လုံး အင်္ဂလိပ်စာ ရိုက်တယ်။ အင်္ဂလိပ်လိုပဲ ပြောပြီးတော့ သူနဲ့ စကားပြောတဲ့အပိုင်း ဝင်ရတဲ့သူက တစ်ယောက်သီးသန့်။ ပြီးရင် မိန်းကလေးဆိုရင်လည်း ဆွဲဆောင်တဲ့အပိုင်းမှာ မော်ဒယ်ရှိပြီးသား။ အဲဒီလို လိမ်ညာပြီးတော့ပဲ ငွေပမာဏကို အဲဒီလို ယူတာ။ လုပ်ငန်းဆိုလည်း လုပ်ငန်းရှင်အပိုင်း ဘာညာပေါ့”

မြဝတီခရိုင်ဟာ နယ်စပ်ဒေသ ဖြစ်တာကြောင့် အရင်ကတည်းက နိုင်ငံရေး၊ စီးပွားရေး ရှုပ်ထွေးပါတယ်။ အဲဒီဒေသမှာ စစ်ကောင်စီရဲ့ တပ်ရင်း တပ်ဖွဲ့တွေရှိသလို ကရင် အမျိုးသား အစည်းအရုံး KNU၊ ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော် DKBA နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) တပ်ဖွဲ့တွေလည်း လှုပ်ရှားနေပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မြဝတီမြို့ ရွှေကုက္ကို အထူးစီးပွားရေးဇုန်ကို ကြီးကြပ်နေသူ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် DKBA နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ဗိုလ်မှူးကြီးစောချစ်သူကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကရင် အမျိုးသား အစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ ဒီငွေလိမ်ဂိုဏ်းတွေရဲ့ မြစ်ဖျားခံရာနဲ့ အရင်းအမြစ်ဟာ စစ်ကောင်စီပဲ ဖြစ်တယ်လို့ ဇန်နဝါရီ ၁ ရက် နှစ်သစ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။

“အွန်လိုင်း လောင်းကစားတွေနဲ့အတူ အွန်လိုင်း ငွေလိမ်မှု အဲဒီဆိုးဝါးလှတဲ့ ရာဇဝတ်မှု လုပ်ငန်းတွေကို တိုက်ဖျက်နိုင်ရေးအတွက်ဆိုရင် ဒီလုပ်ငန်းတွေ မြစ်ဖျားခံရာ အရပ်နဲ့ အရင်းအမြစ်က စစ်ကောင်စီက လာတာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီလုပ်ငန်းတွေ တိုက်ဖျက်ဖို့အတွက် စစ်ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ ကာလပတ်လုံး ဘာအဖြေမှ ထွက်လာမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် ဒီနေရာကနေ ရှင်းရှင်းလင်းလင်း ပြောချင်တယ်”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ မြ၀တီမြို့နယ်မှာ အွန်လိုင်း လောင်းကစားမှု၊ လူမှောင်ခိုလုပ်မှုနဲ့ နာမည်ကြီးတဲ့ KK Park ဟာ KNU နဲ့ ကုမ္ပဏီတစ်ခုတို့ ပူးပေါင်း လုပ်ဆောင်နေတာဖြစ်ပြီး KNU က အဲဒီကိစ္စကို ဗြောင်လိမ်လည်နေတယ်လို့ ဇန်နဝါရီ ၉ ရက်နေ့မှာ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေကတစ်ဆင့် တုံ့ပြန်ပါတယ်။ အဲဒီစွပ်စွဲချက် မမှန်ဘူးလို့ ပဒိုစောတောနီးက အဲဒီနေ့မှာပဲ ပြန်လည် ငြင်းဆိုထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မှ အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တွေ့ရစဥ်။ (Photo: RFA)
ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မှ အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလက တွေ့ရစဥ်။ (Photo: RFA)

ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNLA-PC) အတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းရေးဟာ အချိန်တိုတွင်းမှာ လုပ်လို့မရဘဲ ရေရှည် အချိန်ယူရမယ့်ကိစ္စလို့ ပြောပါတယ်။

“ကျွန်တော် မြင်တာကတော့ မူးယစ်ဆေးဝါး နှိမ်နင်းသလိုမျိုးပဲ၊ ဒါက အမျိုးသားရေး တစ်ခုအနေနဲ့ ရေရှည် ဖြေရှင်းဆောင်ရွက်ရမယ့် အလုပ်လို့ပဲ ကျွန်တော်တို့က နားလည်တယ်။ လွယ်လွယ်ကူကူနဲ့တော့ ကျွန်တော်တို့ကလည်း ဒါကို ချက်ချင်း အမြစ်ပြတ်အောင် လုပ်ဖို့ကတော့ လွယ်ကူမယ်လို့တော့ ကျွန်တော်လည်း မမြင်ပါဘူး”

ရှမ်းမြောက်ဒေသက ငွေလိမ်ဂိုဏ်းတွေကို အုံနဲ့ ကျင်းနဲ့ ဖျက်ဆီးနိုင်ပေမယ့် မြဝတီခရိုင်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စစ်ကောင်စီရဲ့ အကျိုးစီးပွား ပါဝင်ပတ်သက်နေတာကြောင့် အနည်းအကျဥ်းပဲ လုပ်နိုင်လိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“ဒါက နှစ်ပေါင်း သုံးဆယ်ကျော်နေပါပြီ။ အဲဒီတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ထိုင်းက လုပ်ချင်တဲ့ဆန္ဒရှိလည်း ကျွန်တော်တို့တော့ ဖြစ်မြောက်အောင်မြင်မယ်လို့ သိပ်မထင်ပါဘူး။ ရှမ်းမြောက်ဒေသမှာလို အုံနဲ့ ကျင်းနဲ့ ဖမ်းဆီးနိုင်တာ၊ ဖျက်သိမ်းနိုင်တာမျိုး ရှိလာလိမ့်မယ်လို့ ကျွန်တော်တော့ မမျှော်လင့်ပါဘူး။ သို့သော်ငြားလည်း အချို့သော အသေးအဖွဲ့ နေရာတွေကို ဖြေရှင်းတာ၊ ဘာညာ အနည်းအကျဥ်းတော့ ပေါ်ပေါက်လာနိုင်ပါတယ်”

မြဝတီဒေသခံ တစ်ဦးကလည်း ဒီလိုလုပ်ငန်းတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေပါ ပေါင်းပြီး လုပ်စားနေတာကြောင့် အမြစ်ပြတ် နှိမ်နင်းနိုင်ဖို့ မလွယ်ဘူးလို့ RFA ကို ပြောပါတယ်။

“အစ်မတို့ကတော့ သိပ်မထင်ထားဘူးဆိုတာ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနဲ့ လုပ်တယ်ဆိုရင်တော့ ဘယ်လိုပြောရမလဲ ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ အကုန်လုံးက သူတို့ပါ ပေါင်းပြီးတော့ လုပ်စားနေတာဆိုရင် တော်ရုံတန်ရုံတော့ မဖြစ်လောက်ဘူး (မနှိမ်နင်းနိုင်လောက်ဘူး) လို့ အစ်မကထင်တယ်”

မြန်မာနိုင်ငံမှာ စနစ်တကျ ဖွဲ့စည်းထားတဲ့ အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေ အရင်ကတည်းက လှုပ်ရှားခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းချိန်ကစလို့ ပိုဆိုးလာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပြုစုတဲ့အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြပါတယ်။

အွန်လိုင်း လောင်းကစားမှုနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးတွေကို မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ထိုင်း၊ တရုတ်နဲ့ လာအိုနိုင်ငံတွေက ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းရာမှာ အာဆီယံ ရဲတပ်ဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ညှိနှိုင်းရေးစင်တာ တစ်ခုကိုလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထူထောင်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြဝတီခရိုင်မှာတော့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ထိန်းမနိုင် သိမ်းမရ ကြီးထွားနေဆဲ ဖြစ်တာကြောင့် ရှမ်းမြောက်ဒေသက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေလိုပဲ ထိထိရောက်ရောက် နှိမ်နင်းသင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။