မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်ရောက်
2019.03.20

NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေဟာ အစိုးရငြိမ်းချမ်းရေးဗဟိုဌာနနဲ့ မနက်ဖြန်တွေ့ဆုံဆွေးနွေးဖို့ နေပြည်တော်ကို ရောက်နေကြပါပြီ။
အစိုးရနဲ့ဆွေးနွေးပွဲ တက်ရောက်ဖို့အတွက် UWSP ဝပြည်သွေးစည်းညီညွတ်ရေးပါတီက ဦးအားမင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ KIO ကချင်လွတ်မြောက်ရေးအဖွဲ့က ဦးဘရန်နန်နဲ့ ဗိုလ်မှူးကြီးခွန်နောင် ဦးဆောင်တဲ့အဖွဲ့၊ မိုင်းလားအဖွဲ့က အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့် ဦးဆောင်တဲ့အဖွဲ့၊ AA က ဗိုလ်မှူးကြီးကျော်ဟန် ဦးဆောင်တဲ့အဖွဲ့တို့ ရောက်နေကြတာဖြစ်ပါတယ်။
ဆွေးနွေးပွဲတက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် တဖွဲ့ချင်းစီကို တပ်မတော်ညှိနှိုင်းဆွေးနွေးရေး အဖွဲ့က နောက်တနေ့ မတ်လ ၂၂ ရက်နေ့မှာ သီးသန့်ထပ်မံတွေ့ဆုံမယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၊ ရခိုင်အမျိုးသားပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ကြိုဆိုလိုက်ကြပါတယ်။
RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။