ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို NCA မထိုးတဲ့အဖွဲ့တွေ သံသယရှိ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူကိုယ်တိုင် တွေ့ဆုံဆွေးနွေးမယ်ဆိုပြီး ဖိတ်ခေါ် ထားတဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ယုံကြည်မှုသိပ်မရှိကြပါဘူး။
ဧပြီလ ၂၂ ရက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အရေးပေါ်မိန့်ခွန်းပြောပြီး တိုင်းရင်း သားလက်နက်ကိုင် အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ မနက်ပိုင်းမှာ အဲဒီလိုဖိတ်ခေါ်ခဲ့ပြီး ညနေပိုင်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အားလုံး ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်မှာ တပ်အင်အားတိုးချဲ့တာ၊ နယ်မြေချဲ့ထွင် တာတွေလုပ်ရင် လက်တုံ့ပြန် ပြီး လုံခြုံရေးဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ကြေညာချက်ထုတ်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ပြောနေပေမယ့် တစ်ဖက်မှာ တိုင်းရင်း သားဒေသတွေဆီ တပ်အင်အားတွေထပ်ပို့ပြီး ရွာတွေကို မီးရှိ့နေတာကြောင့် ယုံကြည်လို့ မရဘူးလို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေးမှူး (၁) ခူးဒယ် နီယာ က ပြောပါတယ်။
“တစ်ဖက်မှာ ငြိမ်းချမ်းရေးစကား ပြောတယ်။ မြေပြင်မှာ တပ်အင်အားတွေ ပို့တယ်၊ ရွာမီးရှို့တယ် ၊ လူသတ်တယ်၊ တိုက်ပွဲတွေ စစ်ဆင်ရေးတွေဆင်တယ်ဆိုရင် ကျနော် တို့က ဘယ်လိုလုပ်ပြီး ယုံကြည်မလဲ။ အဓိက ကတော့ သူ့ရည်ရွယ်ချက်က လက်နက် ကိုင်တဲ့သူမှန်သမျှကို သုတ်သင်ရှင်းလင်းဖို့ပဲ သူရည်ရွယ်ချက်ရှိတယ်။ ငြိမ်းချမ်းရေး စကားပြောတယ်၊ နိုင်ငံရေးဆွေးနွေးမယ်ဆိုတာက မက်လုံးပေးတာတစ်ခုပဲရှိတယ်လို့ တိုင်းရင်းသားတိုင်းက ဒီလိုပဲ သုံးသပ်ပါတယ်”
KNPP ဟာ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ရဲ့ ထိုးစစ်ကို အပြင်းအထန်ခုခံနေတာပါ။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း PDF တွေနဲ့ပူးပေါင်းပြီး စစ်တပ်ကို ခုခံတိုက်ခိုက် နေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကတော့ စစ်တပ်ရဲ့ ဖိတ်ခေါ်မှုကို ဘယ်လို တုံ့ပြန်ရမလဲဆိုတာ မစဉ်းစားရသေးဘူးလို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ကျနော်တို့ KIO ကတော့ ဘာမှ သဘောထားထုတ်ပြန်တာမရှိဘူး။ ညွှန်ကြား လာတာလည်း မရှိသေးဘူး။ အဲ့ဒီဟာကို ပြောဖို့အတွက် အချိန်နည်းနည်း စောင့်ရမယ့်သဘောရှိပါတယ်”
‘၀’အဖွဲ့ရဲ့ ပြင်ပဆက်ဆံရေးဌာနတာဝန်ခံ ဦးညီရမ်းကလည်း စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး ဗဟိုကနေ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချရသေးဘူးလို့ ပြောပါတယ်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကလည်း စစ်ကောင်စီဥက္ကဋ္ဌရဲ့ ဖိတ်ခေါ်ချက်ကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ အဖွဲ့အတွင်း ပြန်ဆွေးနွေးဖို့ လိုသေးတယ်လို့ ပြောပါတယ်။
ဒီဖိတ်ခေါ်ချက်ထဲမှာ NUG နဲ့ PDF တွေကို ချန်ထားခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေးဟာ လက်တွေ့ ဖြစ်လာမှာ မဟုတ်ဘူးလို့ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် TNLA ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က မှတ်ချက်ပေးပါတယ်။
"ဖိတ်ထားတဲ့အပေါ်မှာတော့ ကျနော်တို့ထိပ်ပိုင်းမှာ ပြန်လည်ဆွေးနွေးနေဆဲဖြစ်တယ်။ တက်ဖြစ်မလား၊ မတက်ဖြစ်ဘူးလားဆိုတာတော့ မပြောတတ်သေးဘူးပေါ့နော်။ တစ် နိုင်ငံလုံး ငြိမ်းချမ်းရေးဆိုတာကတော့ အားလုံးပါဝင်မှ ငြိမ်းချမ်းရေးဖြစ်မှာပေါ့နော်။ အရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တုန်းကလည်း ဘယ်လက်နက်ကိုင်အဖွဲ့ အစည်းကပါမယ်၊ ဘယ်အဖွဲ့က မပါဝင်ရဘူး အဲ့လိုပဲဆွေးနွေးလာတော့ ငြိမ်းချမ်းရေး က ဒီအတိုင်းပဲ တရွတ်တိုက်ဆွဲပြီးတော့ မဖြစ်လာဘူးပေါ့နော်။ အခုလည်း ပြည်တွင်း မှာက တိုက်ပွဲပြင်းထန်နေ တာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပေါ့နော်။ အဲ့လိုမျိုး သူတို့ကန့်သတ်မှုတွေ၊ ဘောင်တွေ ဆောင်ရွက်လာတဲ့အခါကျတော့ မြန်မာပြည် ငြိမ်းချမ်းရေးကတော့ တရွတ်တိုက်ဆွဲပြီးမှ ပြီးပြတ်နိုင်တဲ့အနေအထားလည်း မရှိနိုင်ဘူးပေါ့နော်"
"တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUG နဲ့ ပူးပေါင်းဆောင်ရွက်မှု များလာတာကို သွေးခွဲဖို့လုပ်တဲ့ အစီအစဉ်တစ်ရပ်ပါ"
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောခွင့်ရ ဗိုလ်မှူးစိုင်းဘုန်းဟန်ကတော့ မြောက်ပိုင်း အဖွဲ့တွေအားလုံး ဒီငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို NCA မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC ) က ဆုံးဖြတ်မယ်လို့ ပြောပါတယ်။
"နိုင်ငံရေးဆွေးနွေးမှုက ကျနော်တို့ က FPNCC ရဲ့ ဦးဆောင်မှုအောက်မှာပဲ သွားမယ် ဆိုတဲ့ မူရှိတယ်ဗျာ။ အဲ့ဒါကြောင့်မို့ FPNCC ရဲ့ဆုံးဖြတ်ချက်မကျခင် တက်ဖြစ်မယ်၊ မတက်ဖြစ်ဘူး ဆိုတာက ပြောလို့မရသေးဘူးဗျ။ ဆွေးနွေးမှုက FPNCC အကုန်လုံး သွားမှ သွားမယ်ဆိုတဲ့ဟာ သူတို့ချထားတာလေဗျာ။ ကျနော်တို့ FPNCC နဲ့ ဆွေးနွေးမှု မပြုနိုင်သမျှ ကျော်လွန်ပြီး လုပ်လို့ မသင့်တော်ဘူးလေဗျာ။ ဒါပေမဲ့ ကျနော်တို့ရဲ့ SSPP ကတော့ ဘယ်ဆွေးနွေးမှုမဆို အပြုသဘောဆောင်တယ်လို့ပဲ ပြောလို့ရတာ ပေါ့ဗျာ"
FPNCC ကို UWSP နဲ့ KIO တို့က ဦးဆောင်ထားပြီး NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းရင်းသားလက်နက် ကိုင် ခုနစ်ဖွဲ့နဲ့ ဖွဲ့စည်းထားတာပါ။ FPNCC မှာ UWSP၊ KIO၊ SSPP၊ TNLA၊ MNDAA၊ NDAA နဲ့ AA တို့ ပါဝင်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌက တိုင်းရင်းသားလက်နက်ကိုင်တွေကိုပဲ ရွေးပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ် တာဟာ PDF တွေကို သီးခြားခွဲထုတ်ပြီး နှိမ်နင်းလိုတဲ့ ရည်ရွယ်ချက်လို့ သြစတြေးလျ အမျိုးသားတက္ကသိုလ်မှာ အမျိုးသားလုံခြုံရေး ဘာသာရပ်ကိုလေ့လာနေတဲ့ ကိုကျော်စောဟန် က သုံးသပ်ပါတယ်။
“ဒီတစ်ခေါက်ကတော့ န-စ-က ဥက္ကဋ္ဌ ကိုယ်တိုင်ဖိတ်ကြားတယ်။ ထိပ်သီး ခေါင်းဆောင်တွေနဲ့ တွေ့မယ်ဆိုတဲ့ ဖိတ်ကြားချက်ကတော့ တစ်ဖက်မှာ အဘက်ဘက်က ရန်သူဝိုင်းနေတာလည်းပါသလို PDF တွေရဲ့နောက်မှာ EAO ကြီးတွေရဲ့ ကြီးမားတဲ့ထောက်ပံ့မှု၊ ခိုလှုံစရာ နေရာပေးမှု၊ သင်တန်းပေးမှု စတဲ့ ထောက်ပံ့မှုတွေကို ဖြတ်တောက်ဖို့လည်းပါမယ်လို့ ထင်ပါတယ်ခင်ဗျ”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီက PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား သွေးခွဲဖြိုခွင်းဖို့ ကြိုးစားပေမယ့် လက်တွေ့မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ မြင်ပါတယ်။
“တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ NUG နဲ့ ပူးပေါင်းဆောင်ရွက်မှု များလာတာကို သွေးခွဲဖို့လုပ်တဲ့ အစီအစဉ်တစ်ရပ်ပါ။ သူကလည်း မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ငြိမ်းချမ်းရေးစကားကို တိုင်းရင်းသားတွေနဲ့ ပြောပြီး NUG နဲ့ PDF တွေကို အပြင်း အထန် ထိုးစစ်ဆင်နေတာ။ အဲ့တော့ ဘာငြိမ်းချမ်းရေးအလားအလာမှ မဖြစ်နိုင်ဘူးလို့ ခြုံပြောပါရစေ”
စစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကနေ အခုချိန်ထိ တစ်နှစ်ကျော်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်မှုပေါင်း ၁၂ ကြိမ်ရှိခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူကိုယ်တိုင် တွေ့ဆုံဆွေးနွေးမယ်လို့ ဖိတ်ခေါ်တာကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။