အာဏာသိမ်းတစ်နှစ်ကျော်အတွင်း နေအိမ် နှစ်သောင်းနီးပါး မီးရှို့ဖျက်ဆီးခံရ

2022.06.13
အာဏာသိမ်းတစ်နှစ်ကျော်အတွင်း နေအိမ် နှစ်သောင်းနီးပါး မီးရှို့ဖျက်ဆီးခံရ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ချောင်းမီးတိုရွာကို တွေ့ရစဉ်
Photo: Citizen Journalist

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ မေလကုန်အထိ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့ ဖျက်ဆီးတာကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ လူနေအိမ်ပေါင်း ၁၈,၈၈၆ လုံးထိ ရှိနေပြီလို့ Data For Myanmar အဖွဲ့က ဇွန်လ ၇ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ခုခံစစ်တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းက ရွာတွေဟာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှု ကို အများဆုံးခံခဲ့ရပြီး စစ်ကိုင်းတိုင်းတစ်ခုတည်းမှာတင် နေအိမ်ပေါင်း ၁၃,၈၄၀ လုံးထိ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းပြီးရင် မကွေးတိုင်းနဲ့ ချင်းပြည်နယ်က ဒုတိယနဲ့ တတိယအများဆုံး ဒေသတွေ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ရွာတွေကို စစ်ကြောင်းထိုးတာ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ တွေဟာ စစ်ရာဇဝတ်မှုမြောက်ပြီး နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်တဲ့အထိ ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူနိုင်ဖို့ လိုတယ်လို့ လူ့အခွင့်အရေးရှေ့နေ တစ်ဦးဖြစ်တဲ့ ဦးမင်းလွင်ဦးက ပြောပါတယ်။

"ပြောမယ်ဆိုရင်တော့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ကို စစ်ကောင်စီက ကျူးလွန် နေတယ်လို့ ကျနော်တို့က မြင်ပါတယ်။ ဒီစစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အရေး ယူနိုင်ဖို့ အတွက်ကတော့ အဓိကအားဖြင့် အချက်အလက်တွေ အခိုင်အမာရရှိဖို့လိုတယ်။ နောက်ပြီးတော့ ကျူးလွန်တဲ့သူတွေ ဘယ်သူတွေဖြစ်တယ်၊ အမိန့်ပေးစနစ် ဘယ်လို စနစ်အောက်မှာ သွားတယ်ဆိုတာတွေကို အချက်အလက်စုဆောင်းတဲ့သူတွေအနေနဲ့ စုဆောင်းနေတဲ့ အခြေအနေဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်"

အာဆီယံအပါအဝင် နိုင်ငံတကာကတော့ နည်းမျိုးစုံ ဖိအားတွေပေးနေပေမယ့် စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေဆဲပဲလို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလတစ်လတည်းမှာတင် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်ပေါင်း ၇၁၄၆ လုံးရှိခဲ့ပြီး အာဏာသိမ်း တစ်နှစ်ကျော်အတွင်း မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်တယ်လို့ Data For Myanmar အဖွဲ့က ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရမှု သက်သေအထောက်အထားတွေကို စုဆောင်းနေပြီး ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

"ကျနော်တို့ဆီကို မီးရှို့ခံရတဲ့ ရွာတွေက ရွာသူ၊ ရွာသားတွေ၊ သတင်းတွေ ပေးပို့တာ ရှိတယ်။ အဲဒီအချက်အလက်တွေ သေချာစုဆောင်းထားသလို တကယ့်ကို အမှုသွား အမှုလာအရ ခိုင်ခိုင်မာမာ တရားစွဲဆိုနိုင်ဖို့အတွက် ပြန်လည်ပြီးတော့ မေးမြန်းတာတွေ၊ သူတို့ရဲ့ သက်သေအထောက်အထားတွေ ဒါတွေကို ကျနော်တို့ ရယူစုဆောင်းပြီးတော့ လုပ်ဆောင်နေတာရှိပါတယ်။ အဲဒီတော့ ရှေ့အပတ်မှာ ကျင်းပမယ့် လူ့အခွင့်အရေး ကောင်စီမှာ ကျနော်တို့ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ တင်ပြနိုင်တဲ့အရာမျိုး ဒါကို ဆက်ပြီးတော့ ကြိုးစားနေတယ်။ ကမ္ဘာကို တင်ပြမှုက အခုလိုချိုးဖောက်နေတဲ့ စစ်အာဏာရှင်ကို အမြန်ဆုံး အပြစ်ပေးအရေးယူနိုင်ဖို့အတွက်ဖြစ်တယ်"

အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အပါအဝင် နိုင်ငံတကာတရားရုံး တွေမှာ တရားစွဲနိုင်ဖို့ ကြိုးစားနေတယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောထားပါတယ်။

အာဏာသိမ်းတစ်နှစ်ကျော်အတွင်း ပြည်သူတွေရဲ့ အိုးအိမ် နှစ်သောင်းနီးပါး မီးရှို့ဖျက်ဆီး ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မှုတွေလုပ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အရင်မေးမြန်းခွင့်ရတုန်းက ဖြေခဲ့တာကတော့ စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ကယားပြည်နယ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ သူတို့လက်ချက်မဟုတ်ဘဲ PDF တွေရဲ့ လက်ချက်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်စွပ်စွဲခဲ့ပါတယ်။

pauk-tsp-burn.jpg
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် မကွေးတိုင်း၊ ပေါက်မြို့နယ် မြေခြားရွာက နေအိမ်များကို တွေ့ရစဉ် (Photo: Pauk Newsletter Page)

စစ်ကောင်စီက စစ်မြေပြင်မှာ လိုက်နာရမယ့် ကျင့်ဝတ်တွေအတိုင်း လုပ်ဆောင်နေတယ်လို့ ပြောနေပေမယ့် သူတို့ရဲ့ လက်တွေ့လုပ်ရပ်တွေနဲ့ အပြောနဲ့က ကိုက်ညီမှု မရှိဘူးလို့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ် ဦးနေဇင်လတ်က ဝေဖန်ပါတယ်။

"သူတို့ဘယ်လောက်ပဲပြောပြော အမှန်တကယ်က ဒီမှာ မြေပြင်မှာက သူတို့ အကြမ်းဖက် နေတာတွေက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတဲ့ကိစ္စပေါ့။ ဒီမှာ မီးတွေရှို့တယ်။ အပြစ်မဲ့ ကျေးရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာမျိုးတွေ သူတို့လုပ်တယ်ပေါ့။ ဘယ်လောက်ပဲ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖုံး ဒါတွေက ထင်ရှားနေတဲ့ ကိစ္စတွေခင်ဗျ။ ဘာလို့လဲဆိုတော့ ပြည်သူတစ်ရပ်လုံးက ကိုယ့်ရွာကို မီးရှို့တဲ့ကိစ္စ မျက်မြင်ဖြစ်နေတာ၊ ကိုယ့်ပြည်သူပြည်သားတွေ၊ ကိုယ့်ရွာသားတွေ သတ်တဲ့ကိစ္စတွေ မျက်မြင်ဖြစ်နေတာ ဒါတွေက ဘယ်လိုမှ ငြင်းမရတဲ့ အမှန်တရားတွေ ခင်ဗျ"

နိုင်ငံနဲ့ နိုင်ငံသားတွေကို အကာအကွယ်နဲ့ လုံခြုံမှုပေးဖို့ တာဝန်ယူထားတဲ့ စစ်တပ် ကိုယ်တိုင်က စစ်မြေပြင် စည်းမျဉ်းတွေကို မလိုက်နာဘဲ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်နေတာဟာ ဥပဒေကြောင်းအရ ခွင့်လွှတ်နိုင်ဖွယ်ရာ မရှိဘူးလို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောပါတယ်။

"နိုင်ငံတကာတပ်မတော်တွေရော လိုက်နာကြရတဲ့ စစ်မြေပြင်စည်းကမ်းတွေရှိတယ်။ အဲဒါကတော့ အရပ်ဘက်ပစ်မှတ်တွေကို အဓိကထားပြီး တိုက်ခိုက်မှု မလုပ်ရဘူး။ ဘာအကြောင်းနဲ့မှ လုပ်ခွင့်မရှိဘူး။ လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့အချင်းချင်းပဲ တိုက်ခိုက်ကြရတဲ့ စစ်ပွဲဖြစ်တယ်။ အဲဒီမှာ စစ်ရေးအသာစီးရလိုမှုနဲ့ အရပ်ဘက် ပစ်မှတ်တွေကို ပစ်မှတ်ထားပြီးတော့မှ ဆောင်ရွက်ခြင်းသည် ရာဇဝတ်မှု ကျူးလွန်တာ လို့ ကျနော်တို့ ဒီအတိုင်းပဲမြင်ပါတယ်။ ရွာတွေ၊ အိမ်တွေကို မီးရှို့ဖျက်ဆီးခြင်းအားဖြင့်၊ လူတွေကို အကြမ်းဖက်သတ်ဖြတ်ခြင်းအားဖြင့် ဆောင်ရွက်နေတာသည် ဥပဒေကြောင်း အရလည်း လုံးဝခွင့်လွှတ်နိုင်ဖွယ်ရာမရှိဘဲနဲ့ တစ်ချိန်ချိန်မှာ ဥပဒေနဲ့အညီ ဒီဆောင်ရွက်ချက်တွေကို အရေးယူဆောင်ရွက်ရမယ်လို့ ဒီလိုပဲမြင်ပါတယ်"

အာဏာသိမ်းပြီးကတည်းက စတင်ဖြစ်ပွားလာတဲ့ မီးရှို့ဖျက်ဆီးမှု၊ သတ်ဖြတ်မှုတွေဟာ ဒီနေ့အထိ ရပ်တန့်သွားတာမျိုးမရှိဘဲ ပိုဆိုးလာတာ၊ စစ်ဘေးဒုက္ခသည်တွေ ပိုများလာတာ တွေကို ကြည့်ရင် စစ်ကောင်စီတပ်က ဒီလုပ်ရပ်တွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် နေတာ ထင်ရှားတယ်လို့ သူက ဆိုပါတယ်။

"ကမ္ဘာကိုသိစေချင်တာပါ။ သိစေချင်ပြီးတော့ ကျနော်တို့အပေါ်မှာ အဲဒီလောက်ထိ မရက်စက်ကြပါနဲ့လို့ ပြောစေချင်တာ"

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက အိမ်မီးရှို့ခံရတဲ့ ကံသစ်ရွာသား တစ်ဦးကတော့ အခု ဖြစ်ရပ်တွေ အမြန်ဆုံးရပ်တန့်ပြီး အေးချမ်းချင်ပြီလို့ ပြောပါတယ်။

"ကျနော်တို့အပေါ်မှာ တရားမျှတမှု လုံးဝမှ မရှိဘူး။ ကျနော်တို့က တရားမျှတမှု တစ်ခုလေးတော့ လိုချင်တယ်။ အေးအေးချမ်းချမ်းပေါ့ဗျာ အဲလိုလေးတော့ နေချင်တယ်။ ကမ္ဘာကိုသိစေချင်တာပါ။ သိစေချင်ပြီးတော့ ကျနော်တို့အပေါ်မှာ အဲဒီလောက်ထိ မရက်စက်ကြပါနဲ့လို့ ပြောစေချင်တာ။ ကမ္ဘာကိုတော့ တင်ပြပေးပါဦးနော်"

မြန်မာပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေတွေဟာ စိုးရိမ်စရာကောင်းနေပြီး ဒီလုပ်ရပ်တွေ ကို ရပ်တန့်ဖို့ နိုင်ငံတကာအသိုက်အဝန်းက စစ်ကောင်စီကို တိုက်တွန်းနေတဲ့ကြားကပဲ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်က ရွာတွေဟာ နေ့စဉ်ရက်ဆက် မီးရှို့ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာနိုင်ငံတာဝန်ခံမှု စီမံချက် (MAP) အဖွဲ့ကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်တွေ ကျူးလွန် ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို တရားစွဲနိုင်ရေး တူရကီအာဏာပိုင်တွေက စတင်စုံစမ်း စစ်ဆေးနေပြီလို့ ဇွန်လ ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။