စစ်ကိုင်းမှာ တစ်ပတ်အတွင်း နေအိမ်ငါးရာနီးပါး မီးရှို့ခံရပြီး ဒေသခံ ငါးထောင်ခန့် ထွက်ပြေးရ

2022.08.07
စစ်ကိုင်းမှာ တစ်ပတ်အတွင်း နေအိမ်ငါးရာနီးပါး မီးရှို့ခံရပြီး ဒေသခံ ငါးထောင်ခန့် ထွက်ပြေးရ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကိုင်းကံရွာမှ ကားနှင့် ဆိုင်ကယ်များကို တွေ့ရစဉ်
ဓာတ်ပုံ - ဒီပဲယင်းညီနောင်များ

စစ်ကိုင်းတိုင်းကို စစ်ကောင်စီတပ်က မြေပြင်ကရော၊ ဝေဟင်ကပါ စစ်ကြောင်းထိုး နေတာကြောင့် ဩဂုတ် ပထမပတ်အတွင်း ရွာပေါင်း ၁၀ ရွာထက်မနည်းက နေအိမ်ပေါင်း ငါးရာနီးပါး မီးထပ်မံအရှို့ခံရပြီး လူငါးထောင်လောက် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

ဒီပဲယင်းမြို့နယ်က ကိုင်းကံ၊ လျှော်ဖြူ၊ ဘုရားထွက်၊ အင်ပင်-ယဒင်၊ နဂါးဘို၊ မကျည်းအုပ်၊ အင်းတန်း၊ အရာတော်မြို့နယ်ထဲက ကောင်းသစ်၊ မင်းရွာ၊ ဟင်္သာရွာ၊ အုပ်ရှင်းကြီး၊ ရှောက်ခါး၊ ဘောင်ကျ၊ အောင်သာ အပါအဝင် ရွာပေါင်း ၁၀ ရွာကျော်က ဒေသခံ ငါးထောင် လောက် ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

လက်ရှိမှာလည်း စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်တုန်းက မြင်းမူမြို့နယ် လက်ပန်ကျင်းရွာကို စစ်ရဟတ်ယာဉ်နဲ့ အင်အားတွေ လာချပြီး ရွာကိုပစ်ခတ်ခဲ့လို့ နေအိမ် ၁၅ လုံး မီးလောင်ခဲ့သလို ဩဂုတ်လ ၄ ရက်ကနေ ၆ ရက်နေ့အထိ ညအိပ်တပ်စွဲခဲ့တဲ့ အရာတော်မြို့နယ် မင်းရွာမှာလည်း နေအိမ် ၂၅၀ လောက်မီးလောင်ခဲ့ပြီး မပြေးနိုင်လို့ ကျန်ခဲ့တဲ့ အသက် (၈၀) ကျော်အရွယ် အဘွား ဒေါ်ရှင် မီးလောင်သေဆုံးခဲ့ပါတယ်။

letpankyin-village.jpg
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ပန်ကျင်းရွာကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်နှင့်ပစ်ခတ်သောကြောင့် စာသင်နေသည့် ကလေးများ ထွက်ပြေးခဲ့ကြရပြီး လွယ်အိတ်များ ကျန်ခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ - မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့)

အလားတူ အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ ဒီပဲယင်းမြို့နယ် ကိုင်းကံရွာမှာလည်း ဩဂုတ်လ ၆ ရက် က နေအိမ် ၁၈၀ လောက် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အိမ်ကြီး၊ အိမ်ကောင်းတွေကိုရွေးပြီး မီးရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒီပဲယင်း မြို့နယ် ကိုင်းကံရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"၄ ရက်နေ့ ၉ နာရီလောက်က စဝင်တယ်။ အိမ်ခြေ ၂၀၀ ကျော် ပါသွားတယ်။ လမ်း တစ်လျှောက် အိမ်ကြီး၊ အိမ်ကောင်းတွေ ရွေးလုပ်သွားတယ်။ စစ်ကောင်စီက လုပ်သွားတာ။ သူတို့က ဝင်တဲ့ရွာတိုင်း လုပ်သွားတာ။ ပြည်သူတွေ မလှုပ်ရှားနိုင်မှ၊ စားဝတ်နေရေး ဖြေရှင်းနေရမှ တော်လှန်ရေးရပ်မယ်လို့ သုံးသပ်တာထင်တယ်။ သူတို့လုပ်ရပ် မအောင်မြင်ပါဘူး"

ကိုင်းကံရွာအနီးက ရေမြောင်းနားမှာ အမျိုးသမီးတစ်ဦး အပါအဝင် အလောင်းလေးလောင်း တွေ့ရှိရပြီး ဘယ်သူဘယ်ဝါဆိုတာတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်မြို့နယ် မင်းရွာကိုလည်း ဘုရားထွက်ရွာ (သာစည်ရွာ) ဘက်ကနေ ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး မီးဝင်ရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီက မီးရှို့တယ်။ သူတို့က ဒီလိုပဲပတ်ရှို့နေတာ။ မနေ့က လှမ်းမြင်နေရ သလောက်ဆိုရင် ၂၀၀ အောက် မကဘူး။ ၆ ရက်နေ့က ဘုရားထွက်ကနေ ထွက်လာတဲ့ စစ်ကြောင်းကို ရဟတ်ယာဉ်နဲ့ရွှေ့လာပြီး ရှို့တာ။ ရွှေ့ပြီး ရွာထဲကို ဝင်စီးတယ်။ လက်နက်ကြီးနဲ့ပစ်တယ်။ မီးရှို့တယ်။ စစ်သားဆိုတာက PDF နဲ့ဖြစ်နေ ပြည်တွင်းစစ် ပဲလေ။ စစ်တိုက်တာ မဆန်းတော့ဘူး။ ဒါပေမဲ့ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ် ဖျက်ဆီးတာကတော့ အဆင်မပြေဘူး"

ဩဂုတ်လ ၇ ရက်မှာတော့ မိုင်းထောင်ခဲ့တာတွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ရှင်းလင်းနေသလို မီးလောင်နေတဲ့ နေအိမ်တွေကိုပါ သန့်ရှင်းရေး ဝင်လုပ်နေကြရပြီး နေအိမ်ဆုံးရှုံးသွားသူတွေကိုတော့ ဘုန်းကြီးကျောင်းနဲ့ ပရဟိတအသင်းတွေမှာ ယာယီ နေရာချထားတယ်လို့ ဆိုပါတယ်။

အခုလအတွင်း မီးရှို့ခံရတဲ့ နေအိမ်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့ညနေပိုင်းအထိ ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒါပေမဲ့ ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က ဆက်သွယ်မေးမြန်ချိန်မှာ စစ်ကောင်စီဘက်က ဒီလိုမျိုးတွေ မလုပ်ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။

"တချို့ပြည်သူ့စစ် ဖွဲ့စည်းတယ်ဆိုတဲ့ရွာတွေ သတင်းရတာနဲ့ လူအင်အားစုပြီးတော့ တိုက်ခိုက်တာမျိုးရှိတယ်။ ပြန်ဆုတ်သွားရင် မီးရှို့တာမျိုးတွေရှိတယ်။ သူတို့မီးရှို့ပြီး ထွက်သွားပြီးတဲ့နောက်ပိုင်းမှာလည်း တပ်က မီးရှို့သယောင်၊ ပြည်သူ့စစ်ကပဲ မီးရှို့ သယောင် သတင်းလွှင့်တာတွေရှိတယ်။ ကျနော်တို့သည် ပြည်သူ့စစ်ရော တပ်မတော် အနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးအဖွဲ့တွေ အနေနဲ့ကတော့ လုံခြုံရေးအရ ဆောင်ရွက်ပြီးရင်လည်း မီးရှို့တဲ့လုပ်ငန်း လုပ်စရာမရှိဘူး"

ရွာတွေကိုဝင်တဲ့အခါတိုင်း အခုလိုမီးရှို့အကြမ်းဖက်နေတာတွေက တော်လှန်ရေးကို ပိုအားကောင်းစေပြီး စစ်တပ်ကို ပိုမုန်းတီးကြတယ်လို့ နေအိမ် မီးလောင်ဆုံးရှုံးခဲ့သူတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ အခုလို ပြည်သူတွေအပေါ် အနိုင်ကျင့်လေ၊ ပြည်သူတွေက ပိုတော်လှန်လေ ဖြစ်မှာပဲလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီရဲ့ လုပ်ရပ်ကတော့ လူမဆန်တာထက်တောင် ပိုနေပါတယ်။ သူတို့ဒီလို လုပ်လို့ ကြောက်သွားလိမ့်မယ်လို့တော့ မထင်နဲ့လို့ ပြောချင်ပါတယ်။ ဒီလိုလုပ်လေ ပိုတော်လှန်လေပါပဲ။ အရင်က လူတစ်ရာရှိရင် အခုလူသုံးရာ ထွက်လာမှာပဲ။ နေစရာ အိမ်ဆိုတာ မရှိတော့ဘူး။ လူအင်အား ပိုတိုးလာမယ်။ အကြမ်းဖက်လေ သူတို့ကို တော်လှန်တဲ့သူ ပိုများလေပဲ။ ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေတာတွေက လူမျိုးတုံး သတ်ဖြတ်နေတာလို့ ပြောချင်ပါတယ်"

စစ်ရဟတ်ယာဉ်သုံးပြီး ရွာတွေကို နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေပေမယ့် ပြည်သူတွေရဲ့ တော်လှန်စိတ်ကတော့ လျော့ကျမသွားဘူးလို့ ဆိုပါတယ်။

"ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေတာတွေက လူမျိုးတုံး သတ်ဖြတ်နေတာလို့ ပြောချင်ပါတယ်"

ဒီပဲယင်းမြို့နယ်ထဲ အင်အား ၁၀၀ နီးပါးလောက်နဲ့ စစ်ကြောင်းထိုးနေတဲ့ ဖောင်းပြင် အခြေစိုက် ခလရ (၃၆၇) တပ်ဟာ ဩဂုတ်လ ၇ ရက်မှာ အရာတော်မြို့နယ်ကို ရောက်ရှိ နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

NLD ပါတီရဲ့ ကန့်ဘလူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေဇင်လတ် ကတော့ စစ်ကောင်စီတပ်ဟာ တိုင်းပြည်နဲ့ ပြည်သူကို မကာကွယ်နိုင်တော့ဘဲ အကြောက် တရားနဲ့ အုပ်ချုပ်နိုင်ဖို့ အစွမ်းကုန် အကြမ်းဖက်နေတာလို့ ဝေဖန်ပါတယ်။

"ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို သူတို့အနေနဲ့ စစ်ရေးအရ တိုက်ခိုက်ဖို့က သူတို့ စွမ်းဆောင်ရည်ပိုင်းမှာ အကန့်အသတ်တွေ ဖြစ်လာနေတာပေါ့။ မလုပ်နိုင်တဲ့အခါ ကျတော့ ဘာမှမဆိုင်တဲ့ ဒေသခံပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်ပြီးတော့မှ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို မထောက်ပံ့ရဲအောင်၊ မကူညီရဲအောင် ဖြတ်လေးဖြတ် ထဲမှာ အပါအဝင်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ပြည်သူလူထုနဲ့ အဆက် အသွယ် ဖြတ်တဲ့ ပုံစံမျိုးလုပ်ချင်လို့ အကြောက်တရားသွင်းဖို့ လုပ်တဲ့လုပ်ရပ်ပေါ့၊ ပြည်သူလူထုအပေါ် အစွမ်းကုန်ယုတ်မာတဲ့ သဘောပဲ"

စစ်ကောင်စီအနေနဲ့ နိုင်ငံရေးဩဇာ မရှိတော့ဘဲ ထွက်ပေါက်မရှိတဲ့အနေအထားမှာ တွေ့ကြုံနေရလို့ အခုလိုတွေ လုပ်နေတာလို့လည်း ဦးနေဇင်လတ်က ဆိုပါတယ်။

တစ်နိုင်ငံလုံး မီးရှို့ခံရမှုတွေကို မှတ်တမ်းတင်နေတဲ့ Data For Myanmar အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ အာဏာသိမ်းချိန်ကနေ အခုနှစ် မေလ ၃၁ ရက်နေ့အထိ တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံမှာ နေအိမ်အလုံးပေါင်း ၁၈၈၈၆ မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် ၁၃၈၄၀ နဲ့ အများဆုံးဖြစ်နေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။