တိုက်လေယာဉ်တွေနဲ့အတူ ပူးပေါင်းဖို့ NUG ဖိတ်ခေါ်ချက် အလုပ် ဖြစ်နိုင်မလား

2022.04.18
တိုက်လေယာဉ်တွေနဲ့အတူ ပူးပေါင်းဖို့ NUG ဖိတ်ခေါ်ချက် အလုပ် ဖြစ်နိုင်မလား ၇၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်ရဟတ်ယာဉ်တချို့အား ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: AFP

စစ်ကောင်စီတပ်ထဲမှာ ရှိနေတဲ့ ဂျက်တိုက်လေယာဉ်တွေ အပါအဝင် လေကြောင်း၊ ကြည်း ကြောင်း၊ ရေကြောင်း သုံးခုစလုံးက တိုက်ခိုက်ရေးယာဉ်တွေနဲ့ စက်ယန္တရားတွေကို ဖျက်ဆီးတာ ဒါမှမဟုတ် အဲဒီယာဉ်တွေနဲ့အတူ ပူးပေါင်းလာမယ်ဆိုရင် အမေရိကန်ဒေါ်လာ အနည်းဆုံး တစ်သိန်းကနေ သုံးသိန်းအထိ ဆုချီးမြှင့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၇ ရက်နေ့က ကြေညာချက်ထုတ်ပြီး ကမ်းလှမ်းထားပါတယ်။

အထက်က အမိန့်ပေးတာကို မလုပ်ဘဲ လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်တွေနဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာမယ်ဆိုရင် မြန်မာငွေကျပ် သိန်းတစ်သောင်းနဲ့ညီမျှတဲ့ အမေရိကန် ဒေါ်လာ ငါးသိန်း၊ အဲဒီယာဉ်တွေကို စစ်စခန်းတွေမှာ ရပ်နားထားစဉ် ဖျက်ဆီးနိုင်မယ်ဆိုရင် မြန်မာငွေကျပ် သိန်းခြောက်‌ထောင်နဲ့ ညီမျှတဲ့ အမေရိကန် ဒေါ်လာ သုံးသိန်း စသဖြင့် ကမ်းလှမ်းထားတာပါ။

“လေယာဉ်တို့၊ ဘာတို့ကို တစ်နေရာကနေ တစ်နေရာ ယူလာပေးဖို့ကျတော့ နည်းနည်း အခက်အခဲရှိနိုင်တယ်"

ဒါဟာ စစ်ကောင်စီရဲ့ စက်ယန္တရားတွေကို ဖျက်ဆီးပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာမယ့် စစ်သား တွေအတွက် ဘဝအာမခံချက်ပေးဖို့ ရည်ရွယ်တာလို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

“တကယ်သာ စစ်ကောင်စီကနေ ပြည်သူကို နှိပ်စက်နေတဲ့ ယန္တရားကို ဖြိုဖျက်ပေးနိုင် မယ်ဆိုရင် သူတို့အတွက်လည်း အများကြီး ဘဝအတွက်လည်း အများကြီး အာမခံချက် ရှိစေမယ်ဆိုတဲ့ အနေအထားမျိုးမှာလည်း ဖန်တီးပေးထားတယ်။ ဒါကြောင့်မိုလို့ ပြည်သူ့ ရင်ခွင်ကို ရဲရဲဝံ့ဝံ့ ခိုလှုံစေဖို့အတွက်ဆိုပြီး ထုတ်ပြန်ကြေညာပေးတာ ဖြစ်ပါတယ်။ စစ်တပ်ထဲကနေ ထွက်ခွာပြီးတော့ ပြည်သူရဲ့ရင်ခွင်ကို ခိုလှုံလာဖို့အတွက် ရည်ရွယ်ထား တဲ့ စစ်သားတွေ အများကြီးရှိတယ်ဆိုတာ ကျနော်တို့ သိရှိထားပါတယ်ခင်ဗျ။ ဒီလိုမျိုး ကြေညာချက်ကြောင့်မိုလို့ ပိုမိုပြီးထွက်ခွာမယ့်သူတွေ ပိုများလာနိုင်တယ်။ နောက်ပြီး တော့ ထွက်ခွာတဲ့နှုန်း နေ့စဉ်နှုန်းကလည်း ပိုတက်လာနိုင်တယ်လို့ ကျနော်တို့ထင် တယ်”

စစ်ကောင်စီဟာ အဲဒီတိုက်ခိုက်ရေးယာဉ်တွေကို အသုံးပြုပြီး ပြည်သူတွေရဲ့ အသက်အိုး အိမ်ကို ဖျက်ဆီးနေတာကြောင့် အခုလို ဆုကြေးထုတ်ပြန်ရတာလို့လည်း NUG က ပြောထားပါတယ်။

ဒီလိုတိုက်ခိုက်ရေးယာဉ်တွေကို ယူလာပြီး ပြည်သူနဲ့အတူ ပူးပေါင်းဖို့ထက် စစ်စခန်းတွေမှာ ရပ်နားထားစဉ် ဖျက်ဆီးပစ်တာက လက်တွေ့မှာ ပိုဖြစ်နိုင်ခြေရှိတယ်လို့ CDM အရာရှိ တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး ကောင်းသူဝင်းက ပြောပါတယ်။

“လေယာဉ်တို့၊ ဘာတို့ကို တစ်နေရာကနေ တစ်နေရာ ယူလာပေးဖို့ကျတော့ နည်းနည်း အခက်အခဲရှိနိုင်တယ်။ ဥပမာ-တိုက်လေယာဉ်ဆိုရင်လည်း လေယာဉ်ဆင်းကွင်းတို့၊ ဘာတို့ပေါ့နော်။ အခက်အခဲရှိနိုင်တယ်။ ရဟတ်ယာဉ်ဆိုရင်လည်း သူတို့သတ်မှတ် ထားတဲ့ ဆီနဲ့သွားနိုင်တဲ့ လမ်းခရီးအကွာအဝေးတို့ အဲလိုမျိုး အနေအထားတွေကတော့ နည်းနည်းအခက်အခဲရှိနိုင်တယ်။ တင့်ကားတွေဆိုရင်လည်း လမ်းခရီးသွားဖို့တွေ အခက်အခဲရှိမယ်။ အဲဒီတော့ ဖြစ်နိုင်တာကတော့ ဖျက်ဆီးပစ်တာက ပိုပြီးဖြစ်နိုင်တယ်။ ဖျက်ဆီးပစ်တယ်။ ဖျက်ဆီးပစ်ပြီးတော့ ဒီဘက်ကို ထွက်လာမယ်။ ဖျက်ဆီးထားတဲ့ သက်သေအထောက်အထားကို ပြနိုင်မယ်ဆိုရင် NUG က ဆုတော်ငွေထုတ်ပေးမယ် ဆိုတဲ့ အနေအထား။ ဒါကတော့ ပိုပြီးတော့ဖြစ်နိုင်တယ်”

NUG ရဲ့ ဧပြီ ၇ ရက် ထုတ်ပြန်ချက်မှာ တိုက်လေယာဉ် ဆီသိုလှောင်ကန်တွေ၊ လက်နက် တိုက်နဲ့ လက်နက်စက်ရုံတွေကို ဖျက်ဆီးနိုင်ရင် အမေရိကန် ဒေါ်လာ တစ်သိန်းနဲ့ ညီမျှတဲ့ ကျပ်ငွေ သိန်းနှစ်ထောင်၊ တင့်ကား၊ သံချပ်ကာယာဉ်တွေနဲ့အတူ ပြည်သူနဲ့ ပူးပေါင်းလာရင် ဒါမှမဟုတ် အဲဒီယာဉ်တွေကို ဖျက်ဆီးနိုင်ရင် ကျပ်ငွေ သိန်းနှစ်ထောင် ချီးမြှင့်မယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ကိုသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ NUG ရဲ့ ဒီထုတ်ပြန်ချက်ဟာ ဝါဒဖြန့်မှု သက် သက်သာဖြစ်ပြီး လက်တွေ့မှာ ဖြစ်နိုင်ခြေမရှိဘူးလို့ မှတ်ချက်ပေးပါတယ်။

“ဖျက်ဆီးတယ်တို့၊ ဘာတို့ဆိုတာ ထားပါဦး။ တပ်ရဲ့အတွင်းထဲမှာရှိနေတဲ့ လုံခြုံရေး အသိုင်းအဝိုင်း ဘယ်လိုရှိတယ်ဆိုတာ ဒါက သူ့မှာ အဆင့်ဆင့်သော လုံခြုံရေးစည်းစနစ် ကွပ်ကဲမှုတွေရှိတယ်။ ဒါကတစ်ပိုင်းပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဝါဒဖြန့်ရုံသက်သက် ဒါမျိုးအတွက်ပဲ လုပ်ထားတဲ့ ထုတ်ပြန်ချက်လောက်လို့ပဲ ကျနော်တို့ သဘောထားပါ တယ်။ လက်နက်ကိုင်လမ်းစဉ်ကို တစ်ဖက်က စွဲကိုင်လာပြီဆိုတဲ့ အခါမှာတော့ ကိုယ် တိုက်ခိုက်နေတဲ့၊ ကိုယ်က ရန်သူလို့သတ်မှတ်ထားတဲ့ဘက်ကို အနိုင်ရဖို့ နည်းလမ်းမျိုးစုံ သုံးကြတာပါ။ အဲဒီနည်းလမ်းက မှန်သလား၊ မှားသလား၊ အကျိုးသက်ရောက်မှုရှိလား ဆိုတာတော့ လုပ်ဆောင်တဲ့သူရဲ့ ရည်ရွယ်ချက်နဲ့ ရရှိတဲ့ အကျိုးဆက်ကလည်း သူတို့ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်”

army-tank.jpg
၇၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်ကောင်စီ၏ တင့်ကားတချို့အား ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ် (Photo: AFP)

NUG ဒီထုတ်ပြန်ချက်ဟာ အောက်ခြေစစ်သားတွေနဲ့ စစ်တပ်ခေါင်းဆောင်ပိုင်းအထိ လှုပ်ခတ်မှုတွေ ရှိနိုင်တယ်လို့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဗိုလ်ကြီး လင်းထက်အောင်က သုံးသပ်ပါတယ်။

“အဓိကကတော့ လက်ရုံးတပ်တွေအတွက် နည်းနည်းလေး လှုပ်ခတ်မှုရှိတယ်ပေါ့နော်။ ယာဉ်တွေနဲ့ ပတ်သက်ပြီးတော့ တာဝန်ထမ်းဆောင်ရတဲ့သူတွေအတွက် သို့လော သို့လော အတွေးတွေ သူတို့အတွက် စဉ်းစားစရာတွေ အများကြီး ဖြစ်လာနိုင်တာပေါ့ နော်။ အဲဒီတော့ တိုက်ရိုက်ကိုင်တွယ်မောင်းနှင်ရတဲ့ သူတွေအတွက်ကတော့ ဒါက နည်းနည်းလေး လှုပ်လှုပ်ခတ်ခတ်ရှိမယ်။ နောက်တစ်ခုကတော့ တပ်တွင်းအချင်းချင်း မယုံကြည်မှုတွေ မြင့်တက်လာမယ့် အလားအလာအလာတွေရှိတယ်ပေါ့နော်။ သူတို့ရဲ့ တပ်တွင်းစည်းရုံးရေးတွေကလည်း တဖြည်းဖြည်း တပ်တွင်းမှာက ယုံကြည်မှုနဲ့ တခြား အားနည်းချက်တွေ အများကြီးဖြစ်ပေါ်နေတဲ့အချိန်မှာ ဒီလိုထုတ်ပြန်ချက်ကြောင့် သူတို့ ပိုပြီးတော့ အထက်ပိုင်းမှာလည်း ဒါတွေနဲ့ပတ်သက်ပြီးတော့ သူတို့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ့်အနေအထားတော့ ရှိတယ်လို့တော့ ကျနော်မြင်တယ်”

NUG ရဲ့ ဧပြီ ၇ ရက် ထုတ်ပြန်ချက်မှာ ဆုငွေချီးမြှင့်တာတွေကို အချက်အလက် ခိုင်ခိုင် လုံလုံ တင်ပြနိုင်တဲ့ အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ခံစားခွင့်ရှိတယ်လို့ ပြောထားပါတယ်။

စစ်ကောင်စီတပ်မှာ တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အပါအဝင် စစ် လေယာဉ် အစင်း ၂၈၀၊ တင့်ကား ၆၆၄ စီးနဲ့ ရေငုပ်သင်္ဘော အပါအဝင် စစ်ရေယာဉ် ၁၅၅ စင်းရှိတယ်လို့ ကမ္ဘာ့နိုင်ငံသီးသီးက စစ်အင်အားတွေအကြောင်း လေ့လာရေးသားနေတဲ့ Globel Firepowar အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာတဲ့ စစ်သည် ရေအတွက် ၃၀၀၀ လောက်ရှိနေပြီလို့ CDM စစ်သည် အရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။