ချင်းဒုက္ခသည်တွေကို အာဆီယံက ကူညီဖို့ ချင်းကောင်စီနဲ့ NUG တောင်းဆို

စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းလူမျိုးစု တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီကို တော်လှန်ခဲ့ကြလို့ ချင်းပြည်နယ်ဟာ စစ်မြေပြင်ဖြစ်ခဲ့ရပြီး ဒေသခံ ကိုးသောင်းနီးပါး ဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေး နေကြရပါတယ်။
လူသားချင်းစာနာမှုဆိုင်ရာ အကျပ်ဆိုက်နေတဲ့ မြန်မာနိုင်ငံကို အကူအညီတွေဖြန့်ဝေပေးဖို့ အာဆီယံအသင်းက စစ်ကောင်စီရဲ့ လုပ်ငန်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က ကြေညာချက် ထုတ်ခဲ့ပါတယ်။
အာဆီယံက အကူအညီ ပေးသွားမယ့် ဒေသတွေထဲမှာ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတို့ပဲ ပါဝင်ပြီး ချင်းပြည်နယ်ထဲက စစ်ဘေး ဒုက္ခသည်တွေ အတွက် မပါဝင်လို့ အခုလို ကြေညာချက် ထုတ်ရတာလို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ သဘာပတိ ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။
"ဒီလိုမျိုး မထည့်ထားတာက မြေပြင်အခြေနေတွေကို သူတို့အနေနဲ့ လျစ်လျူရှုသလား ပေါ့နော်။ တကယ့် ဘာကြောင့်လဲပေါ့။ ဘာသဘောလဲပေါ့။ အဲဒီဟာကို မေးခွန်း ထုတ်စရာရှိပါတယ်။ ချင်းပြည်နယ် ကျန်ခဲ့တဲ့ကိစ္စဟာ နံပါတ်တစ် ချင်းပြည်နယ်မှာရှိတဲ့ ဒုက္ခရောက်တဲ့ ပြည်သူတွေအတွက် သူတို့ရဲ့ ရပိုင်ခွင့်တွေ လျစ်လျူရှုခံရတာ ဖြစ်ပါတယ်"
စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) တွေနဲ့ စစ်ကောင်စီ တပ်တွေ အကြားက တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်ထဲမှာ စစ်ဘေးဒုက္ခသည်စုစုပေါင်း ကိုးသောင်းနီးပါးရှိနေပြီး ပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ငါးသောင်းကျော်ရှိတယ်လို့ ချင်းကောင်စီနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့ရဲ့ ဒီကနေ့ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ နယ်စပ်ကိုဖြတ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်သူတွေလည်း သုံးသောင်းကျော်အထိ ရှိနေပြီလို့ ဆိုပါတယ်။
"ကျနော်တို့ ချင်းပြည်သူ လူထုရဲ့ ၁ဝဝ မှာ ၃ဝ ရာခိုင်နှုန်းက စစ်ဘေး ဒုက္ခသည်ဖြစ်နေတယ်။"
ချင်းဒေသက ဒုက္ခသည်တွေကို အာဆီယံရဲ့ အကူအညီပေးရေးအစီအစဉ်မှာ ဘာကြောင့် ထည့်သွင်းမထားသလဲ ဆိုတာကို သိနိုင်ဖို့ အာဆီယံအဖွဲ့ချုပ်ရုံးကို RFA က ဖုန်းဆက်ပြီး မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အာဆီယံရဲ့ လူသားချင်း စာနာထောက်ပံ့မှု အစီအစဉ်မှာ ချင်းပြည်နယ် မပါဝင်တဲ့အတွက် ဝမ်းနည်း၊ စိတ်ပျက်မိတယ်လို့ ချင်းပြည် ပူးပေါင်းကာကွယ်ရေးကော်မတီ CJDC အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
"ချင်းပြည်နယ်ဆိုရင်လည်း စစ်ဆိုက်ပြီးတော့ ထန်တလန်မြို့ဆိုရင်လည်း တစ်မြို့လုံး နီးပါး အကုန်လုံး မီးလောင်သွားပြီ။ ဖလမ်းဘက်မှာဆိုရင်လည်း ၉၃ အိမ်လောက် လောင်သွားပြီ။ ကျနော်တို့ ချင်းပြည်သူ လူထုရဲ့ ၁ဝဝ မှာ ၃ဝ ရာခိုင်နှုန်းက စစ်ဘေး ဒုက္ခသည်ဖြစ်နေတယ်။ လူသားချင်းစာနာထောက်ထားမှု ဒီလောက်ထိ လိုအပ်တဲ့ အချိန်မှာ ကျနော်တို့ ချင်းပြည်နယ်မပါဝင်ဘူးဆိုတာဟာ ဒါက တော်တော်လေးကို စိတ်လည်း စိတ်ပျက်မိတယ်။ ဝမ်းလည်း ဝမ်းနည်းမိတယ်။ ကျနော့်ဘက်ကနေ တရားမျှတမှု မရှိဘူးလို့ ကျနော်တို့ မြင်ပါတယ်။ အရေးကြီးဆုံးကတော့ အာဆီယံ ဘက်ကနေ လာတဲ့နေရာမှာ စစ်ကောင်စီက တစ်ဆင့် လာတဲ့ဟာကိုတော့ ကျနော်တို့ လုံးလုံးလျားလျားကန့်ကွက်တယ်"
တိုက်ပွဲတွေကြောင့် ထန်တလန်နဲ့ ဟားခါးမြို့ကြားမှာ သွားလာဖို့ ခက်ခဲနေပြီး စစ်ဘေးဒုက္ခသည်တွေ အတွက် အစားအသောက်နဲ့ ဆေးဝါး အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
"ချင်းပြည်နယ်က တောင်ပေါ်ဒေသတွေ ဖြစ်တဲ့အခါကျတော့ ဆန်စပါးက ပြည်မကနေ ရောက်လာတဲ့ အခါကျတော့ တော်တော်လေး ဒုက္ခရောက်တဲ့ ပြည်နယ်လည်း ဖြစ်တယ်။ ချင်းပြည်နယ်မှာ ဒုက္ခသည် ငါးသောင်းကျော်လောက် ရှိတယ်။ ဒီ အာဆီယံအနေနဲ့ ချင်းပြည်နယ်ကို လျစ်လျူရှုထားတာကတော့ မြန်မာနိုင်ငံရေးမှာ ချင်းပြည်နယ်က မပါဘူးလားပေါ့နော်။ အဲလိုမျိုးမေးခွန်းထုတ်စရာ ရှိတယ်။ ဒီအာဆီယံအနေနဲ့လည်း စစ်ကောင်စီနဲ့ တိုက်ရိုက်မတွေ့ဘဲနဲ့ ပြည်တွင်း NGO, INGO တွေနဲ့ တွေ့ပြီးမှ လုပ်ဆောင်ရင် ပိုကောင်းမယ်လို့ ပြောချင်တယ်"
တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာချိန်မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ရှိ ခရစ်ယာန် အသင်းတွေနဲ့ NGO အဖွဲ့အစည်းတွေက ကူညီထောက်ပံ့မှုတွေရှိပေမယ့် လက်ရှိအချိန်မှာ မထောက်ပံ့တော့တဲ့အတွက် စစ်ဘေး ဒုက္ခသည်တွေအတွက် နေထိုင်စားသောက်ရေး အခက်အခဲတွေ ဖြစ်နေတယ်လို့ မီဇိုရမ်ပြည်နယ် စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ ဆလိုင်းချာလီက RFA ကို ပြောပါတယ်။

"လောလောဆယ် ကျနော်တို့ကို နိုင်ငံခြားကနေ အကူအညီမရဘူး။ မီဇိုရမ်အစိုးရက နေလည်း အကူအညီ မရပါဘူး။ ကျနော်တို့ စားဖို့၊ သောက်ဖို့၊ ဝတ်ဖို့ အကုန်လုံး အဆင်ပြေဖို့က မီဇိုရမ်မှာရှိတဲ့ အသင်းတော် ကနေလည်း NGO အဖွဲ့တွေနဲ့ မီဇိုရမ်က ပိုက်ဆံရှိတဲ့ သူဌေးတွေက လှူကြတယ်။ အခုနောက်ပိုင်းကျတော့ ဘယ်သူမှ မကူညီကြတော့ဘူး။ အခု မိုးလည်း အရမ်းရွာတော့ အလုပ်လုပ်လို့လည်း မရဘူး။ မိုးကလည်း တအားများလာပြီ"
အာဆီယံအသင်းအနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ဖြန့်ဝေဖို့ စစ်ကောင်စီရဲ့ လုပ်ငန်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။
အာဆီယံရဲ့ အစီအစဉ်ထဲမှာ ချင်းပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်တွေအတွက် ဘာကြောင့် ထည့်သွင်း မထားသလဲဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက် သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ချင်းဒေသမှာ မြို့တွေ၊ ရွာတွေ မီးရှို့ဖျက်ဆီးခံရတာ၊ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာတွေကြောင့် စစ်ဘေးဒုက္ခသည်တွေလည်း တစ်နေ့တခြား များလာနေပြီး သူတို့ကို ထိရောက်တဲ့အကူအညီတွေ ပေးနိုင်ဖို့က အရေးတကြီးလိုအပ်နေတယ်လို့ ဒေသခံချင်းအဖွဲ့အစည်းတွေက ပြည်တွင်းပြည်ပကို အသိပေးနေကြပါတယ်။