၂၀၂၄ ဟာ ပန်းတိုင်ရဲ့အနီးကပ်ဆုံး ရောက်မယ့်နှစ်လို့ NUG ပြော
2024.04.16

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းပြီး သုံးနှစ်တာအတွင်း နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံနိုင်ခဲ့တာကြောင့် ကမ္ဘာမှာ အရေးကြီးကိစ္စတွေရှိပေမယ့် မြန်မာ့အရေးဟာ ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဦးစားပေးအဆင့်အနေနဲ့ ရှိနေဆဲပဲလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောခဲ့ပါတယ်။
၂၀၂၄ ခုနှစ်ဟာ ပန်းတိုင်ရဲ့ အနီးကပ်ဆုံးကို ရောက်မယ့်နှစ်တစ်နှစ်လို့ ယုံကြည်ကြောင်းလည်း ဧပြီလ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ NUG ဖွဲ့စည်းမှု သုံးနှစ်ပြည့်နေ့မှာ သူက ပြောလိုက်ပါတယ်။
“ဒီနှစ်ဟာ ကျွန်မတို့အတွက် အောင်မြင်မှုကို ဖော်ဆောင်နိုင်တဲ့ နှစ်တစ်နှစ်၊ ပန်းတိုင်ရဲ့ အနီးကပ်ဆုံးကို ရောက်မယ့်နှစ်တစ်နှစ်၊ အချိုးအကွေ့ကို ဖော်ဆောင်နိုင်မယ့်နှစ်တစ်နှစ် ဖြစ်ရမယ်လို့ ကျွန်မတို့ ယုံယုံကြည်ကြည်နဲ့ ပြောလိုပါတယ်။ ပြည်သူလူထုနဲ့အတူတူ ကျွန်မတို့အောင်ပွဲကို အရယူကြပါမယ်။”
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ စစ်ကောင်စီက အင်အားနည်းလာတာမှန်ပေမယ့် မြန်မြန်ဆန်ဆန်ပြိုလဲသွားမယ့် အခြေအနေမရှိဘူးလို့ သုံးသပ်ပါတယ်။
“စစ်ကောင်စီဘက်ကတော့ တော်တော်အခြေအနေဆိုးနေတာတော့အမှန်ပဲ။ ဒါပေမဲ့ သူ့မှာ တစ်နိုင်ငံလုံးမှာ သူရဲ့အဆောက်အအုံတွေက ခိုင်ခိုင်မာမာရှိနေတယ်။ ကျွန်မတို့ ဒီလောက်မြန်မြန်ဆန်ဆန်ကြီးတော့ ဖြစ်လောက်မယ်မထင်ဘူး။ သို့သော် ကျွန်မတို့က အရှိန်မှန်မှန်နဲ့ဆက်တက်မယ်ဆိုရင် သတင်းကောင်းတွေ ကြားရမယ်ဆိုတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ သိပ်မြန်မြန်ကြီး စစ်ကောင်စီဘက်က ပြိုလဲသွားလိမ့်မယ်တော့ မထင်ဘူး။”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ပြည်တွင်းမှာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေတဲ့တစ်ပြိုင်တည်းမှာပဲ နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုခံရဖို့ ကြိုးစားနေပါတယ်။ ဒါ့အပြင် စစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်မပြုအောင်လည်း လှုံ့ဆော်နေတယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ဆိုပါတယ်။
ကမ္ဘာ့နိုင်ငံတွေရဲ့အသိအမှတ်ပြုခံရဖို့ဆိုရင် ပြည်တွင်းမှာ NUG က ဦးဆောင်ပြီး စစ်ရေးအောင်ပွဲတွေ ဖန်တီးဖို့လိုတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောပါတယ်။
“လုံးဝ လုံးဝ NUG ကို အောင်မြင်မယ်လို့ ယုံကြည်တယ်။ နိုင်လည်းနိုင်မှာ။ ကမ္ဘာကြီးရဲ့ အကူအညီတွေ လိုချင်တယ်ဆိုရင်တော့ ပြည်တွင်းမှာ စစ်ရေးအောင်ပွဲတွေ ပြနိုင်ရမယ်။ အဲ့လိုဖြစ်လာရင်တော့ ကမ္ဘာကြီးကလည်း လိုက်လာလိမ့်မယ်။ ကမ္ဘာကြီးနောက်ကို လိုက်နေတာလည်း လိုက်ပေါ့။ သို့သော်လည်း ကမ္ဘာကြီးက ဆရာတို့နောက်ကိုလိုက်စေချင်ရင်တော့ စစ်ရေးအောင်ပွဲတွေ ရအောင်လုပ်ပေးရမယ်လို့ အဲ့လိုပြောချင်ပါတယ်။”
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး နိုင်ကောင်းရွက်ကတော့ ဒီနှစ်တွေအတွင်း ပဲခူး၊ တနင်္သာရီအပါအဝင် တိုင်းရင်းသားဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ အများအပြားလုပ်ဆောင်နိုင်ခဲ့တယ်လို့ ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တွေကို တင်ပြတဲ့အခါ ထည့်သွင်းပြောခဲ့ပါတယ်။
“စစ်ဆင်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့အနေနဲ့ ရှမ်းပြည်အရှေ့ပိုင်း အထူးစစ်ဆင်ရေးဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးကိုလည်း တိုင်းရင်းသား EAOs တွေနဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်ရေးဆောင်ရွက်မှုအနေနဲ့ ကချင်ဒေသမှာသော်လည်းကောင်း ချင်း၊ ရခိုင်တို့မှာလည်း အကောင်အထည် ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့အရှေ့ပိုင်း ကယား၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူး စတဲ့နေရာဒေသတွေမှာလည်း စစ်ရေးလုပ်ဆောင်မှုတွေအများအပြား လုပ်ဆောင်နိုင်ခဲ့ပါတယ်။”
၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှာ နေပြည်တော်စစ်ရုံးချုပ်နဲ့ အေလာလေယာဉ်ကွင်းကို ဒရုန်းနဲ့ တိုက်ခိုက်နိုင်ခဲ့ပြီး ဧပြီလ ၅ ရက်နေ့မှာ ကပစ စက်ရုံ အမှတ် (၂၁) ကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တပ်ရင်းပေါင်း (၃၃၀) နဲ့ ဖွဲ့စည်းပြီးဖြစ်သလို မြို့နယ်ပေါင်း ၂၅၀ မှာ တပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ကမ္ဘာ့နိုင်ငံတွေက မြန်မာ့အရေးကို စိတ်ဝင်စားလာတာဟာ မြန်မာပြည်သူတွေက စစ်ကောင်စီကို အုပ်ချုပ်ခွင့်မရစေရဆိုတဲ့ သန္ဒိဋ္ဌာန်နဲ့ ကြံ့ကြံ့ခံရပ်တည်ခဲ့လို့ ဖြစ်ပြီး CDM မှာ ပါဝင်ခဲ့သူတွေ၊ သံတမန်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် ပြည်သူအားလုံးကို ကျေးဇူးတင်တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အာဆီယံနဲ့ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပြီး ဒီနှစ်ဆန်းမှာတော့ အမေရိကန်၊ ဂျာမဏီနဲ့ ပြင်သစ်နိုင်ငံတွေကို သံတမန်ရေးအရ သွားရောက်ခဲ့တယ်လို့ သူက ပြောပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက NUG ကို ပေးပို့တဲ့ သဝဏ်လွှာမှာတော့ မဟာမိတ်အင်အားစုတွေနဲ့ ဆက်လက်လက်တွဲဖို့နဲ့ ပြည်ထောင်စုနဲ့ ဖက်ဒရယ်ယူနစ်တွေအကြား ပိုကောင်းမွန်တဲ့ အာဏာခွဲဝေကျင့်သုံးမှုစနစ်တွေကို တည်ဆောက်ဖို့ တိုက်တွန်းထားပါတယ်။