စစ်ကိုင်းနဲ့မကွေးအစပ် ရွာတွေစီးနင်းခံရပြီး လူတစ်သောင်းကျော်ထွက်ပြေးရ

2022.06.11
စစ်ကိုင်းနဲ့မကွေးအစပ် ရွာတွေစီးနင်းခံရပြီး လူတစ်သောင်းကျော်ထွက်ပြေးရ မီးရှို့ဖျက်ဆီး​ခြင်းခံခဲ့ရသည့် မကွေးတိုင်း၊ ရေစကြိုမြို့နယ် သစ်ကြီးတောရွာကို ​၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့က တွေ့ရစဥ်
Photo: People's Spring

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဆင်ဖြူရှင်တံတားဂိတ်ကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေက ဇွန်လ ၉ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အဲဒီ အနီးအနားမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က အင်အားလုံးအရင်းနဲ့ ဝင်ရောက် ရှာဖွေနေတာကြောင့် ရွာသား တစ်သောင်းကျော် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ပိတ်သင်းကပ်၊ သစ်ခေါက်ဆိပ်၊ ဝက္ကတော၊ သစ်ကြီးတော၊ ကိုင်းရွာ၊ တဲကြီးရွာ၊ ကမ်းဖြူ၊ မင်းရွာ၊ ငါးရံ့တော၊ ဂွေးဂုန်၊ ပြည့်ဝရွာ ဒန်းပင်ကန်၊ ဝက်ခုပ်ရွာနဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်ထဲက ငါးခုံ၊ တောင်ကြား၊ ငွေသာ စတဲ့ရွာတွေအပါအဝင် ရွာပေါင်း ၃၀ ကျော်က ဒေသခံတွေ ထွက်ပြေးနေရတာလို့ ပြောပါတယ်။

ရေစကြိုမြို့နယ် သစ်ကြီးတောရွာကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက စစ်ကောင်စီတပ်သားတွေဟာ ရွာထဲကို ပစ်ခတ် ဝင်ရောက်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ရှာဖွေနေတာလို့ ပြောပါတယ်။

"သူတို့က တမြန်နေ့ မနက်ခင်း ၃ နာရီခွဲလောက်က လက်နက်ကြီးနဲ့ ဒန်းပင်ကန်ကနေ သစ်ကြီးတောနဲ့ ၀က္ကတောရွာကြား လှမ်းပစ်တာကိုမှ သူတို့ကပစ်တော့ ကလေးကစ အကုန်ရှောင်ကြတာ၊ အဲဒီနေ့က ဘာမှမလုပ်သေးဘူး၊ ညနေကျမှ သူတို့စောင့်ပြီး လေကလည်းတိုက်တော့ ညနေမှ မီးရှို့ကြတာ"

အိမ်ခြေ ၁၀၀၀ လောက်ရှိတဲ့ သစ်ကြီးတောရွာဟာ ဇွန်လ ၁၀ ရက် မနေ့က နေအိမ် ၇၀၀ ဝန်းကျင် မီးရှို့ခံခဲ့ရတယ်လို့လည်း သူကပြောပါတယ်။ မီးရှို့ခံရတဲ့ အိမ်အရေအတွက်နဲ့ ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

ရေစကြိုမြို့နယ် သစ်ခေါက်ဆိပ်ကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးကလည်း အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ကြရတာကြောင့် မိသားစု တကွဲတပြားစီ ဖြစ်နေကြရတယ်လို့ ပြောပါတယ်။

"မနေ့က မီးခိုးတွေ လှမ်းမြင်ရတယ်။ သစ်ကြီးတောရွာနဲ့ ကိုယ့်ရွာနဲ့က နည်းနည်းတော့ လှမ်းသေးတယ်။ မီးခိုးလုံးတွေပဲ မြင်ရတယ်။ မီးမရှို့ခင်ကတော့ သေနတ်သံတွေ ကြားရတယ်။ ပြေးလာခဲ့ရတာ ဘာမှကိုပါမလာခဲ့ဘူး၊ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ပြေးလာခဲ့တာ၊ မနေ့ညက သနပ်ခါးခြံထဲအိမ်ခဲ့ရပြီး ကလေးတွေနဲ့လည်း ကွဲနေတာ၊ ကလေးတွေဘယ်မှာလဲ မသိဘူး၊ တူနဲ့တူမလည်း ပျောက်နေတယ်"

သစ်ခေါက်ဆိပ်ရွာဟာ အိမ်ခြေ ၂၀၀ ကျော်နဲ့ လူဦးရေ ၁၀၀၀ ကျော်ရှိပြီး ရွာလုံးကျွတ် ထွက်ပြေးနေကြရတာလို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်စခန်းရှိတဲ့ ဆင်ဖြူရှင်တံတားဂိတ်ကို ဇွန်လ ၉ ရက်နေ့က ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi Special Task Force) နဲ့ မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ကြတာပါ။

sinphyushin-military-gate.jpg
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ စစ်ကောင်စီတပ်စခန်းရှိသည့် ဆင်ဖြူရှင်တံတားဂိတ်ကို ရေစကြို၊ ဆားလင်းကြီးနှင့် မြိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့က ပူးပေါင်းတိုက်ခိုက်ခဲ့စဉ် (ဓာတ်ပုံ - ရေစကြို PDF)

ဒီတိုက်ခိုက်မှုကြောင့် ဇွန်လ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က အနီးအနားက ရွာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုရှာဖွေပြီး နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်နေတာပါ။ တိုက်ခိုက်ခံရတဲ့ အနီးအနားရွာတွေက ဒေသခံ ၁၃ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ဆင်ဖြူရှင်တံတားဂိတ်ကို တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ကိုဝေကြီးက အခုဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ပြည်သူတွေကို ထိခိုက်မှုအနည်းဆုံး နည်းလမ်းကိုရွေးပြီး စစ်ကောင်စီကို ခုခံသွားမယ်လို့ ပြောပါတယ်။

"စစ်ကောင်စီက စစ်ကြောင်းက ပုံမှန်ထိုးလေ့ရှိပေမဲ့ အခုတစ်ခေါက်ကတော့ ဆင်ဖြူရှင် တံတားဂိတ်ကိစ္စကြောင့်လည်း ဖြစ်မယ်၊ ဒါကလူသိများသွားတာကို၊ သူတို့ရဲ့ အမူအကျင့်တွေအတိုင်း ဆက်လုပ်မှာပေါ့၊ ကျွန်တော်တို့ကတော့ တော်လှန်ရေးသမား ပီပီသသနဲ့ ဆက်ပြီးတိုက်ပွဲဝင်ရမှာပဲ"

ဆင်ဖြူရှင်တံတားဂိတ်တိုက်ပွဲအတွင်း ဖမ်းဆီးထားတဲ့ ရဲတပ်သားကိုလည်း NUG ထံ လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။

နယ်မြေရှင်းလင်းမှုတွေကြောင့် ရွာပေါင်း ၃၀ ကျော်က ဒေသခံတွေ ထွက်ပြေးနေရတာ အပြင် အချို့ရွာတွေမှာ နေအိမ်မီးရှို့ခံရတာတွေရှိနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အခုနယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတွေကဖြစ်ပြီး ပျူစောထီးတွေအပါအဝင် အင်အား ၂၀၀ ကျော်လောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စစ်ကောင်စီကတော့ ရွာတွေရောက်ရင် မီးရှို့တယ်။ ပြည်သူတွေတွေ့ရင် ဖမ်းတယ်"

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ရဲ့ ဆောင်ရွက်ချက်တွေ ဟာ အရပ်သားတွေ ကိုထိခိုက်စေတဲ့အတွက် လက်မခံနိုင်ဘူးလို့ လတ်တလော ထွက်ပြေးတိမ်းရှောင်နေရတဲ့ မကွေးတိုင်း ရေစကြို မြို့နယ် ဂွေးဂုဏ်ရွာခံတစ်ဦးက ပြောပါတယ်။

"ဒီဘက်ကတော့ အကုန်လုံးရှောင်နေရတာပဲ၊ ပတ်ပတ်လည်ကို ဝိုင်းနေတာ၊ မနေ့က လည်း သစ်ကြီးတောရွာကို မီးရှို့သွားတယ်။ အခုမနက်လည်း သစ်ခေါက်ဆိပ်ကိုလည်း ဝင်နေတယ်။ စစ်ကောင်စီကတော့ ရွာတွေရောက်ရင် မီးရှို့တယ်။ ပြည်သူတွေတွေ့ရင် ဖမ်းတယ်။ ဒါကတော့မကောင်းပါဘူး၊ ကျေနပ်မှုလည်း မရှိပါဘူး"

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း သစ်ကြီးတောရွာက ဒေသခံ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့် စစ်တပ်က ရွာအနီးမှာရှိနေဆဲဖြစ်လို့ အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့လည်း ရွာသားတွေကပြောပါတယ်။

ဆင်ဖြူရှင်တံတားဂိတ် တိုက်ခိုက်ခံလိုက်ရပြီး နောက်ရက် ဇွန်လ ၁၀ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က တံတားဖြတ်သန်းခွင့်ကို ဒီနေ့အထိ ပိတ်ပင်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။