တပ်မဲရုံ ရွှေ့ဖို့ ဥပဒေမူကြမ်း လွှတ်တော်ကို တင်ပြ
2019.11.05

တပ်တွင်းမဲရုံတွေကို ပြင်ပမှာထားရှိဖို့ ဆိုတဲ့ အချက်အပါအဝင် ရွေးကောက်ပွဲနည်းဥပဒေတွေကို ပဉ္စမအကြိမ် ပြင်ဆင် တဲ့ နည်းဥပဒေမူကြမ်းကို ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကို မနေ့က ပေးပို့ခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ပါတီတချို့က တပ်တွင်းမှာ မဲရုံထားရှိတာကြောင့် တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေ လွတ်လပ်စွာမဲပေးခွင့် ရနိုင်ပါ့မလားဆိုပြီး စိုးရိမ်ပူပန်မူရှိပါတယ်။
တပ်ပြင်ပမှာ မဲရုံထားရှိလိုက်ရုံနဲ့ မဲဆန္ဒရှင် တပ်မတော်သားတွေအတွက် အကျိုးမယုတ်နိုင်ဘူးလို့ ခန့်မှန်းမှုတွေ ရှိသလို ဒါက ပြဿနာဖြေရှင်းနည်း မဟုတ်ဘူးလို့လည်း ဝေဖန်မှုတွေရှိပါတယ်။
NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်သစ်က တပ်မတော်သားတွေဟာ နိုင်ငံသားတွေပဲ ဖြစ်တဲ့အတွက် တစ်ဦးချင်းရဲ့ အခွင့်အရေးကိစ္စသာဖြစ်ပြီး အဖွဲ့အစည်းကိစ္စ မဟုတ်ဘူးလို့ ပြောပါတယ်။
လွတ်လပ်ပြီး တရားမျှတမှု ပိုရနိုင်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာဖို့ ရည်မှန်းချက်နဲ့ နည်းဥပဒေပြင်ဆင်ဖို့ ဆောင်ရွက်တာလို့ NLD ပါတီ ကိုယ်စားလှယ်တွေက သဘောထားပါတယ်။
တပ်တွင်းမဲရုံတွေမှာ တပ်မတော်သားတွေ မဲပေးတဲ့အခါ ပါတီကြီးတစ်ခုကပဲ မဲတွေ ပုံအောပြီး ရယ်ဆိုတာ သဘာဝမကျပဲ သံသယဖြစ်စရာတွေရှိတယ်လို့ ဝေဖန်မှုတွေရှိပါတယ်။
သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ တပ်မတော်သားနဲ့ မိသားစုဝင်တွေ သင့်တော် တဲ့နေရာမှာ မဲပေးနိုင်ဖို့ စီစဉ်ပေးရမှာဖြစ်သလို၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စား လှယ်တွေနဲ့ လေ့လာစောင့်ကြည့်သူတွေ အလွယ်တကူ ဝင်ထွက်နိုင်တဲ့နေရာဖြစ်ရမယ်လို့လည်း အဲဒီ နည်းဥပဒေမှာ ဖော်ပြထားပါတယ်။
ပြည်သူ့လွှတ်တော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က တပ်တွင်း ပြင်ပမှာ မဲရုံထားရှိမယ်ဆိုတဲ့ကိစ္စအပေါ် ဆွေးနွေးတိုင်ပင်ထားတာ မရှိသေးဘူးလို့ ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အခုလို ပေးပို့လာတာက နည်းဥပဒေပြင်ဆင်ဖို့ဖြစ်ပြီး လွှတ်တော်က ဆွေးနွေးအတည်ပြုပေးရမှာ မဟုတ်ဘဲ ကန့်ကွက်လိုပါက ကော်မရှင်နဲ့သာ သက်ဆိုင်တယ်လို့ သိရပါတယ်။
လွှတ်တော်ကို အသိပေးပြီးနောက် ရက်ပေါင်း ၉၀ အတွင်း ဒီနည်းဥပဒေပြင်ဆင်ချက်ဟာ အတည်ဖြစ်လာဖို့ရှိပြီး ကန့်ကွက်ချက်တွေရှိလာရင်တော့ လွှတ်တော်ထဲမှာ ဆွေးနွေး၊ မဲခွဲ ဆုံးဖြတ်ရတာတွေရှိလာနိုင်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က သီးခြားမှတ်ချက်ပေးစရာမရှိဘဲ အဲဒီ နည်းဥပဒေမှာ ဖော်ပြထားတဲ့အတိုင်း မှတ်ယူစေလိုတယ်လို့ ပြောပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား သံသယတွေထားရှိနေတယ်လို့ ယူဆကြောင်း ပြောပါတယ်။
NLD ပါတီက ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက တပ်မတော်သားတွေ ပြည်သူတွေနဲ့အတူမဲပေးတာက နည်းလမ်းကျပြီး သဘာဝအားဖြင့်လည်း အဆင်ပြေစေတဲ့နည်းလမ်းဖြစ်တယ်လို့ ပြောပါတယ်။
ကြိုတင်မဲကိစ္စတွေမှာ အငြင်းပွားစရာတွေ မရှိရေးနဲ့ သံသယတွေ မဖြစ်စေရေး ထိန်းညှိုတဲ့အချက်တွေလည်း အဲဒီနည်းဥပဒေမူကြမ်းထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE က အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ရွေးကောက်ပွဲဖြစ်စဉ်မှာ ပါဝင်သူအားလုံး သဘောမတူနိုင်တဲ့ ဥပဒေအပြောင်းအလဲတွေဖြစ်လာရင် နိုင်ငံရေးအရ မတည်ငြိမ်မှုတွေကို ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းပါတယ်။
ဒီနည်းဥပဒေနဲ့ ပတ်သက်လို့ လွှတ်တော်ထဲမှာ ဆွေးနွေးဝေဖန်တာတွေ ၊ အငြင်းပွားစရာတွေ ဖြစ်လာမယ်လို့ ခန့်မှန်းရပြီး ဘယ်လိုနည်းလမ်းနဲ့ တပ်ပြင်ပမှာ မဲရုံထားရှိနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။