နယ်မြေခိုင်မာတဲ့ တိုင်းရင်းသားပါတီတွေအတွက် PR စနစ် အကျိုးမရှိ
2023.02.10

စစ်ကောင်စီဥက္ကဋ္ဌရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကြောင့် တိုင်းရင်းသား ပါတီတွေ အခက်အခဲဖြစ်နေသလို စစ်ကောင်စီကျင့်သုံးမယ့် PR အချိုးကျကိုယ်စားပြု စနစ်ကြောင့် ကိုယ့်ဒေသမှာ လူထုထောက်ခံမှု အပြည့်အဝ ရရှိထားတဲ့ တိုင်းရင်းသား ပါတီတွေဟာ ထောက်ခံမဲတွေ ဆုံးရှုံးသွားနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေနဲ့ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌ ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်း ဥပဒေသစ်အရ တစ်နိုင်ငံလုံးမှာဝင်ပြိုင်မယ့် ပါတီတွေဟာ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ တစ်သိန်းအထိ စည်းရုံးရမယ့်အပြင် ပါတီရန်ပုံငွေ ကျပ်သိန်းတစ်ထောင် ထားရှိရမှာပါ။ တိုင်းနဲ့ ပြည်နယ်တစ်ခုခုမှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကတော့ ပါတီဝင် တစ်ထောင်နဲ့ ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ရှိရပါမယ်။
"ဘာပြဿနာရှိလဲဆိုတော့ ငွေရေးကြေးရေးပြဿနာပဲလေ”
နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်ချက်ကို လူထုထောက်ခံမှုနဲ့ မဆုံးဖြတ်ဘဲ အခုလို မတရားတဲ့ စည်းကမ်းတွေနဲ့ သတ်မှတ်လိုက်တာက တရားမျှတမှု မရှိဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။
“အခုကျတော့ နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်ခွင့်ကို ပြည်သူလူထုရဲ့ ရွေးချယ်မှုနဲ့ မဟုတ်ဘဲနဲ့ သူတို့ရဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ မတရားတဲ့ ဥပဒေအရ သတ်မှတ်ပေး လိုက်လို့ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့် မရရှိနိုင်တော့ဘူးဆိုတဲ့ အနေအထားမျိုး ကျတော့ တရားတယ်မျှတယ်လို့ ပြောလို့မရဘူးပေါ့ဗျာ။ တရားမျှတမှု မရှိတဲ့ ဥပဒေအရဆိုရင် ရှမ်းပြည်ထဲမှာရှိတဲ့ နိုင်ငံရေးပါတီ တော်တော်များများကတော့ တော်တော်ကြီးကို ရုန်းကန်လှုပ်ရှားရလိမ့်မယ်၊ သို့သော်လည်းပဲ အကြောင်းတစ်စုံ တစ်ရာကြောင့် ပါတီအဖြစ်ကနေ ရပ်စဲသွားရတဲ့အနေအထားမျိုးလည်း ရှိကောင်း ရှိလာနိုင်ပါတယ်ဗျ”
SNLD ပါတီအနေနဲ့ မှတ်ပုံ ပြန်တင်၊ မတင်ဆိုတာကို ပါတီတွင်း အစည်းအဝေးလုပ်ပြီးမှသာ အတိအကျ ပြောနိုင်မယ်လို့လည်း ဦးစိုင်းလိတ်က ပြောပါတယ်။
SNLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွှတ်တော် နေရာ ၁၂၈ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၂ နေရာမှာ အနိုင်ရခဲ့ပါတယ်။ NLDနဲ့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ပြီးရင် တတိယ မဲအများဆုံး အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီကြီး လည်း ဖြစ်ပါတယ်။
ရွေးကောက်ပွဲလုပ်ဖြစ်ခဲ့ရင် ပြည်နယ်တင်မက တိုင်းအသီးသီးမှာပါ ဝင်ပြိုင်ဖို့ ဆုံးဖြတ်ထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) လည်း စစ်ကောင်စီဥက္ကဋ္ဌရဲ့ ဥပဒေသစ်ကြောင့် ရန်ပုံငွေ သိန်းတစ်ထောင်ရှာနိုင်ဖို့ ခက်ခဲနေတယ်လို့ ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောပါတယ်။
“ငွေက သိန်းတစ်ထောင်ဆိုတော့ နည်းနည်းအခက်အခဲရှိတာပေါ့နော်။ နောက်ပြီး တစ်နိုင်ငံလုံးမှာ ပြိုင်တဲ့ဟာက မြို့နယ်ပေါင်း ၃၃၀ ဆိုတော့ ရုံးခန်းက ၁၆၅ ရုံးခန်း ဖွင့်ရမှာပေါ့ အဲလိုမျိုးရှိတယ်လေ။ အဲဒါတော့ အခက်အခဲရှိတာပေါ့ဗျာ။ NLD တို့ ပြည်ခိုင်ဖြိုးတို့ တ.စ.ည တို့ ကျတော့ သူတို့က နဂိုက အခံရှိပြီးသားဆိုတော့ သူတို့အတွက်က လွယ်တာပေါ့ဗျာ။ ကျနော်တို့ ပြည်နယ်ရော၊ တိုင်းဒေသကြီးတွေမှာပါ ပြိုင်ဖို့ကြိုးစားနေတယ်ဗျ။ ပါတီဝင်က ကျနော်တို့ရှိတယ်ဗျ အရင်တုန်းက နှစ်သိန်းကျော်တောင် ရှိတာလေ၊ ကျနော်တို့ ပါတီဝင်က ပြဿနာမရှိဘူး။ ဘာပြဿနာရှိလဲဆိုတော့ ငွေရေးကြေးရေးပြဿနာပဲလေ”
ကျားဖြူပါတီလို့ လူသိများတဲ့ SNDP ပါတီကို ၂၀၁၀ ပြည့်နှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ကျားခေါင်းပါတီလို့ လူသိများတဲ့ SNLD ပါတီနဲ့ ရှမ်းပြည်နယ်မှာ အဓိကပြိုင်ဘက်တွေ ဖြစ်ပါတယ်။ စစ်တပ်ဦးဆောင်ကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို SNLD က သပိတ်မှောက်ခဲ့ပေမယ့် SNDP က ဝင်ရောက်ယှဉ်ပြိုင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွှတ်တော်အမတ်နေရာ ၅၈ နေရာ အနိုင်ရခဲ့ဖူးပါတယ်။ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ တွေမှာတော့ SNLD နဲ့ တခြားအင်အားကြီး ပါတီတွေကို မယှဉ်နိုင်ဘဲ လွှတ်တော်အမတ် တစ်နေရာစီသာ အနိုင်ရခဲ့ပါတယ်။
တအောင်း (ပလောင်) အမျိုးသားပါတီလည်း စစ်ကောင်စီဥက္ကဋ္ဌရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကြောင့် ရှမ်းပြည်နယ်အပြင် မန္တလေးတိုင်းမှာပါ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အခက်အခဲရှိတယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။
“အရင်ဥပေဒေနဲ့ဆိုရင် ကျနော်တို့ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် အဲမှာ ကျနော်တို့က ပါတီအနေနဲ့ ရွေးကောက်ပွဲလည်းဝင်ခဲ့တယ်။ တကယ်တော့ အဲဒီအတိုင်းသာဆိုရင် ကျနော်တို့ အဲမှာတောင် ထပ်ပြီးတော့ တိုးချဲ့စည်းရုံးဖို့ရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းပေါ့ အဲမှာလည်း တအာင်းရွာတွေရှိတော့ ကျနော်တို့က အဲမှာလည်း တိုးချဲ့ဖို့ အစီအစဉ်တွေ ဆွဲထားတာပေါ့ဗျာ၊ ဒါပေမဲ့ အခုလက်ရှိ ဥပဒေအသစ်အရ ဆိုတော့ ကျနော်တို့က မမီနိုင်ဘူးပေါ့ဗျာ။ မမီနိုင်ဘူးဆိုတာက ငွေက သိန်းတစ်ထောင်နဲ့ ပါတီဝင် အင်အား တစ်သိန်းဆိုတာက ဘယ်လိုမှ မမီနိုင်တော့ဘူးလေ။ မမီနိုင်တဲ့အခါကျတော့ ကျနော်တို့က ရှမ်းပြည်နယ်အတွင်းပဲ ရှိတော့မှာပေါ့”
တအောင်း (ပလောင်) အမျိုးသားပါတီဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်နဲ့ မန်တုံ အပါအဝင် နမ့်ခမ်း၊ ကျောက်မဲ၊ ကွတ်ခိုင် မြို့နယ်တွေမှာပါ လူထုထောက်ခံမှု အပြည့်အဝ ရရှိထားပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် ၁၂ နေရာနဲ့ တစ်နိုင်ငံလုံးမှာ ပဉ္စမမြောက် မဲအများဆုံး အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကိုယ်ပိုင်နယ်မြေ အခိုင်အမာရှိထားတဲ့ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီလည်း စစ်ကောင်စီရဲ့ ဥပဒေသစ်ကြောင့် အတော်ခက်ခဲနေတယ်လို့ ပါတီအတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက ပြောပါတယ်။
“ကျနော်တို့က အစပေါ့နော် ဒါထိခိုက်မှုက အများကြီးရှိတယ်ပေါ့နော်။ ကျနော်တို့ တိုင်းရင်းသားဆိုပေမယ့် ပြည်နယ်တစ်ခုတည်းမှာ မနေတဲ့ တိုင်းရင်းသားတွေ အများကြီးရှိတယ်။ ဥပမာ ကျနော်တို့ ပအိုဝ်းလူမျိုးဆိုရင် ရှမ်းပြည်နယ်မှာ အများဆုံး ပေါ့နော်။ မွန်ပြည်နယ်မှာရှိတယ်၊ ကရင်ပြည်နယ်မှာရှိတယ်၊ ပဲခူးတိုင်းမှာရှိတယ်၊ တခြားနေရာတွေမှာလည်း နည်းနည်းစီပေါ့နော်။ အဓိကကတော့ အဲဒီ ပြည်နယ်၊ တိုင်း လေးခုထဲမှာပေါ့နော် ဥပမာ လီဆူး ဆိုပါစို့၊ လီဆူးဆိုရင် ကချင်ပြည်နယ်မှာရှိတယ်၊ ရှမ်းပြည်နယ်မှာရှိတယ်၊ အဲလိုမျိုးပေါ့နာ်။ ဒီလို နယ်မြေကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ တိုင်းရင်းသားတွေကျတော့ အများကြီးတော့ အခက်အခဲ ရှိသွားတယ်”
တအောင်း (ပလောင်) အမျိုးသားပါတီနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နှစ်ခုစလုံး စစ်ကောင်စီမျှော်မှန်းထားတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့ရင် ဝင်ရောက်ယှဉ်ပြိုင်၊ မပြိုင်ဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အခြေစိုက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ လွှတ်တော်နေရာ ၁၁ နေရာနဲ့ ဆဌမမြောက် မဲအများဆုံး အနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီ ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကြောင့် တိုင်းရင်းသားပါတီငယ်တွေ ရပ်တည်ဖို့ ခက်ခဲမှာ ဖြစ်သလို တချို့ပါတီငယ်တွေ တစ်ခုနဲ့တစ်ခု ပူးပေါင်းရတာ ဒါမှမဟုတ် အပြီးဖျက်သိမ်း လိုက်ရတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

စစ်ကောင်စီရဲ့ အချိုးကျကိုယ်စားပြုစနစ် PR ကြောင့် ကိုယ့်ဒေသမှာ လူထုထောက်ခံမှု အပြည့်အဝ ရရှိထားတဲ့ ပလောင်နဲ့ ပအိုဝ်းလို ပါတီတွေဟာ သူတို့ရရှိမယ့်မဲတွေကို ပြန်ခွဲဝေပေးရမယ့်အခြေအနေ ရှိနေတယ်လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။
“PR စနစ်ရဲ့ ရည်ရွယ်ချက်က တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်တွေ လွှတ်တော် ထဲရောက်ဖို့ ပြောခွင့်၊ ဆိုခွင့်ရဖို့ တီထွင်တာ။ ကျနော်တို့နိုင်ငံမှာက တိုင်းရင်းသား လူနည်းစုတွေက ဗမာလူမျိုးကြီးနဲ့အတူ ရောနေတဲ့ နေရာတွေအတွက်က တိုင်းရင်းသား ရေးရာဝန်ကြီးဆိုပြီး အဲဒီအခွင့်အရေးက ၂၀၀၈ က ရှိပြီးသားပေါ့။ အခု PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် ဥပမာပြောရရင် တအာင်းပလောင်ဆိုရင် နမ့်ဆန်တို့ ဘာတို့မှာ သူတို့က အများစုပဲ၊ နှစ်နေရာ သုံးနေရာဆိုလည်း နိုင်ဖို့သေချာတာပေါ့နော်။ အခု PR စနစ်နဲ့ အဲဒါကိုခွဲမယ်ဆိုရင် သူတို့ရတဲ့နေရာတွေကို ပြန်ခွဲပေးရသလို ဖြစ်နေတယ်။ အဲတော့ PR စနစ်က အများစုဖြစ်နေတဲ့နေရာတွေမှာ သူတို့အတွက် အကျိုး ရှိ၊ မရှိဆိုတာ သေချာပေါက် မပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဆန့်ကျင်ဘက်ဖြစ်နေလို့”
လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ရှိနေပြီး ရွေးကောက်ပွဲဝင်နိုင်တဲ့ အရေအတွက်က နည်းတာကြောင့် မှတ်ပုံပြန်တင်မယ့် ပါတီတွေကို နိုင်ငံရေးအရ စုစုစည်းစည်းဖြစ်လာအောင် ဒီဥပဒေသစ်ကို ပြဌာန်းတာလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇန်နဝါရီလကုန်ပိုင်းက RFA ကို ပြောထားပါတယ်။
နိုင်ငံရေးအကဲခတ်တွေကတော့ ဒီဥပဒေသစ်မှာ ကန့်သတ်ချက်တွေများလွန်းတာဟာ PR စနစ်အရ ခွဲတမ်းပေးရမယ့်ပါတီ အရေအတွက် နည်းသွားအောင် စစ်ထုတ်တာဖြစ်သလို စစ်ဗိုလ်ချုပ်ဟောင်း အများစုပါဝင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တစ်ခုတည်းသာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြိုင်ဘက်ကင်း အနိုင်ရရှိအောင် ရည်ရွယ်လုပ်ဆောင်တာလို့ ထောက်ပြ ဝေဖန်ပါတယ်။
ဇန်နဝါရီ ၂၆ ရက်နေ့မှာ စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ထိုးထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ် ထွက်လာပေမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီက အရေးပေါ်ကာလကို နောက်ခြောက်လ ထပ်တိုးလိုက်တာကြောင့် မူလက ၂၀၂၃ ဩဂုတ်လမှာ လုပ်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဘယ်အချိန် လုပ်မယ်ဆိုတာကို အခုချိန်ထိ အတိအကျ မသိရသေးပါဘူး။