စစ်ကိုင်းနဲ့ မကွေးမှာ ပျူစောထီး အဖွဲ့တွေ အင်အားပိုစုဆောင်းလာ

လက်နက်ကိုင်ခုခံမှု မြင့်တက်နေတဲ့ စစ်ကိုင်းတိုင်းထဲက ရွာတွေမှာ စစ်တပ်က ရွာသား တွေကို ပျူစောထီးအဖွဲ့ထဲ မဝင်မနေရ လူသစ်စုဆောင်းနေပြီး စစ်သင်တန်းတက်ဖို့ ဖိအားပေးခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် မကျီးအင်းရွာကို စစ်ကောင်စီတပ်ဖွဲ့ ရောက်လာပြီး ပျူစောထီးအဖွဲ့ဝင် အယောက် ၃၀ စုဆောင်းပေးဖို့ အဓမ္မတောင်းခံ ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို စာရေး ပြောပြလာပါတယ်။
သူ့ရဲ့စာအရ ပျူစောထီးအဖွဲ့အတွက် လူ ၃၀ မဖြစ်မနေ စုဆောင်းပေးရမှာဖြစ်ပြီး ရက်ပိုင်းအတွင်း စစ်သင်တန်းတက်ရမယ်၊ မတက်နိုင်ရင် ရွာကို မီးရှို့မယ်လို့ အဲဒီအဖွဲ့ကို ဦးဆောင်လာတဲ့ စစ်ဗိုလ်က ခြိမ်းခြောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျီးအင်းရွာကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ ရွာသား အချို့က လုံခြုံရေး အခြေအနေရ လက်ခံဖြေကြားဖို့ ငြင်းဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်ဒေသခံတစ်ဦးက သူတို့မြို့နယ်ထဲက ရွာတွေမှာ ပျူစောထီး အဖွဲ့တွေကို စစ်တပ်က လက်နက် တပ်ဆင်ထားရုံမက လခသဘောမျိုး ပိုက်ဆံပါ ပေးနေတယ်လို့ RFA ကို ပြောပါတယ်။
“ကန့်ဘလူ၊ တန့်ဆည် မူးမြစ်ဝှမ်းတစ်လျှောက်က ရွာတော်တော်များများကို တစ်ရွာကို ဘယ်လောက်ဆိုပြီး တောင်းခံပြီးတော့ ပျူစောထီးတွေက မွေးထားတာဆိုတော့ အင်အားက ထုတ်သုံးရင်တော့ ရှိတယ်။ တချို့ကျတော့လည်း သူတို့ လခရတဲ့ အခါကျတော့ ဝင်ကြတာပေါ့။ ပိုက်ဆံလည်း ပေးတယ်။ လက်နက်လည်း ပေးတယ်။ သင်တန်းဆင်းခိုင်းတယ်။ တချို့နေရာတွေကို လွှတ်ပြီးတော့ လုပ်ပိုင်ခွင့်တွေ ပေးထားတဲ့ အခါကျတော့ သူတို့က နည်းနည်း လူပါးဝနေတာပေါ့နော်။ လက်နက်နဲ့ ခြိမ်းခြောက်ပြီး ပြည်သူတွေဆီက ငွေညှစ်၊ ဓားပြတိုက် အဲဒီလိုလည်း ရှိတယ်”
ပျူစောထီးအဖွဲ့ထဲ ဝင်ရင် လခငွေကြေးရတယ်ဆိုတဲ့ သူ့ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်ပါဘူး။
တန့်ဆည်မြို့နယ် ဒေသခံတွေကတော့ တန့်ဆည်မြို့နယ် အရှေ့ခြမ်းနဲ့ ကန့်ဘလူမြို့နယ် အနောက်ခြမ်းတစ်ဝိုက်မှာ ပျူစောထီး အင်အား ၄၀၀ လောက်အထိ ရှိတယ်လို့ ဆိုပါတယ်။
"တချို့နေရာတွေကို လွှတ်ပြီးတော့ လုပ်ပိုင်ခွင့်တွေ ပေးထားတဲ့ အခါကျတော့ သူတို့က နည်းနည်း လူပါးဝနေတာပေါ့နော်။"
တန့်ဆည်မြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီးတွေရဲ့ လက်ချက်ကြောင့် အိမ်ခြေ ၅၀၀ လောက် ရှိတဲ့ ရွာရှည်ရွာက နေအိမ်တွေ ဇွန်လ ၁ ရက်နေ့က မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Data for Myanmar ကတော့ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာရှိတဲ့ မီးရှို့ခံရတဲ့ ကျေးရွာတွေဟာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေရဲ့ လက်ချက်ဖြစ်ပြီး စစ်တပ် အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း လူနေအိမ်ပေါင်း ၁၁,၄၁၇ လုံး ပျက်စီး ခဲ့တယ်လို့ ပြောပါတယ်။
အခု နောက်ပိုင်းမှာတော့ စစ်တပ်က ပျူစောထီးအဖွဲ့တွေကို တစ်နေ့ကို ကျပ် ၇၀၀၀ နှုန်းနဲ့ ပေးထားတယ်လို့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က ပြည်သူကို ဖိနှိပ်တဲ့အခါ ပျူစောထီးတွေကို အသုံးချခိုင်းစေနေတာလို့ ရေစကြို မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရသူတစ်ဦးက RFA ကို ပြောပါတယ်။
“ပြောရင်တော့ စစ်တပ်က နာမည်ပျက်မခံဘူးပေါ့ဗျာ။ ဒီပျူတွေကို တစ်ဆင့် ခိုင်းတာ ပေါ့ဗျာ။ အဲလိုပုံစံမျိုးပေါ့။ နောက် ပျူဆိုတော့ စစ်တပ်ကို ထောက်ခံတဲ့သူတွေကိုး။ ထောက်ခံတဲ့ သူတွေဆိုတော့ ဒီလူတွေကို သင်တန်းပေး၊ လက်နက် တပ်ဆင်ပြီး ပျူစောထီးတွေ ဆိုပြီးတော့ ဒီစစ်ကြောင်း ထိုးတဲ့အခါဆိုရင် ရှေ့ဆုံးကနေ သုံးတယ်။ အရင်ဆုံး အန္တရာယ် ဖြစ်နိုင်တဲ့ နေရာတွေပေါ့ဗျာ။ ပြောရရင်တော့ ရှေ့ပြေးပေါ့။ အသေခံတပ်သား ပုံစံမျိုး သူတို့ အသုံးချနေတာပေါ့”
စစ်တပ်က ပျူစောထီးတွေကို မောင်းပြန်သေနတ်တွေ၊ ကာဘိုင်သေနတ်တွေ တပ်ဆင် ပေးထားပြီး တချို့ဆိုရင် ပခုံးထမ်းလောင်ချာ RPG တွေတောင် ကိုင်ဆောင်ထားတာမျိုး မြင်ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းတိုင်း ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းတဲ့အခါ ပျူစောထီးအဖွဲ့ဆိုတာ မရှိဘဲ ကျေးရွာတွေကို ကာကွယ်ဖို့အတွက် စစ်တပ်ကနေ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ပြီး စနစ်တကျ သင်တန်းပေးနေတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က RFA ကို ပြောပါတယ်။
“တကယ်လိုအပ်လာလို့ ရှိရင် ကျနော်တို့အနေနဲ့ ဦးစွာ သင်တန်းတွေ ဆောင်ရွက် ပေးတယ်။ သင်တန်းတွေ ဆောင်ရွက်ပေးတဲ့ အခါမှာတော့ ကျနော်တို့အနေနဲ့ သေနတ်ပစ်တတ်၊ ခတ်တတ်ရုံတင် သင်တန်းပေးတာ မဟုတ်ဘူး။ လိုက်နာရမယ့် တာဝန်တွေ၊ ဝတ္တရားတွေ၊ ကိုင်တွယ်ပုံတွေ၊ ထိန်းသိမ်းပုံတွေ၊ စည်းမျဉ်း၊ စည်းကမ်းတွေ ဒါတွေကို စစ်သားတစ်ယောက် သိသင့်သိထိုက်တဲ့ ပုံစံအတိုင်း ဆောင်ရွက်ပေးတယ်။ ဆောင်ရွက်ပေးပြီးတော့ ရပ်ရွာအေးချမ်းသာယာရေးအတွက် စနစ်တကျ ဖွဲ့စည်းပုံနဲ့ ဖွဲ့စည်းဆောင်ရွက်ပေးလျက် ရှိပါတယ်”
ပျူစောထီးတွေကို လစာသဘောမျိုး နေ့တွက်စရိတ်ပါ ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့တော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာမျိုး မရှိပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အရင်က စစ်တပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံတဲ့ ရွာတွေဟာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့တွေအဖြစ် ပေါ်ပေါက် လာတာပါ။ ပျူစောထီး အဖွဲ့ဝင်တွေမှာ အများစုဟာ အသက်အရွယ် ကြီးရင့်သူတွေဖြစ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ်ထောက်ခံသူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကတော့ သူတို့ ပါတီဝင် တွေကို လက်နက်ကိုင်ဖို့ မညွှန်ကြားထားပေမယ့် နယ်မြေအခြေအနေအရ လက်နက်ကိုင် နေသူတွေကိုလည်း တားဆီးမှာ မဟုတ်ဘူးလို့ RFA ကို ပြောခဲ့ဖူးပါတယ်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ဒေသခံ ကိုဇော်ဇော်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တိုင်း ပျူစောထီး မဟုတ်ပေမယ့် ပျူစောထီးတိုင်းကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ ဖြစ်နေတယ်လို့ ပြောပါတယ်။
“ပျူစောထီးသင်တန်း ဆိုပြီးတော့ သူတို့ အမာခံတွေ သွားတက်တာတွေ ရှိတယ်။ နောက်ပြီးတော့ ကျေးရွာမှာ ဒလန်ပါ ဆိုပြီးတော့ စွပ်စွဲခံရပြီးတော့ ထွက်ပြေးရင်းနဲ့ အဲဒီစခန်းရောက်ပြီး သင်တန်းတွေရောက်ပြီး ပျူစောထီး အမည်ခံတွေ ရှိတယ်။ သူတို့က ခေတ်ကာလ အဆက်ဆက်ကလည်း ဒီပေါ်မယ် ဟိုတုန်းကတော့ ရွေးကောက်ပွဲ ကမ်ပိန်းတွေနဲ့ သက်ဆိုင်တာပေါ့နော်။ လုံးဝ သူတို့အခြေခံအားဖြင့် ကြံ့ခိုင် ဖွံ့ဖြိုးရေးတော့ မဟုတ်ဘူး။ သို့သော် ကြံ့ခိုင်ဖွံ့ဖြိုးရေးကို အင်မတန်မှ အားပေးတဲ့ ထက်သန်တဲ့ သူတော်တော်များများက ပျူစောထီးစိတ် ရှိကြတယ်ပေါ့”
ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ PDF တွေကို နှိမ်နင်းဖို့ စစ်ကိုင်းတိုင်းမှာ ပြည်သူ့စစ် မဟာဗျူဟာကို ကျင့်သုံးမယ်လို့ စစ်ကောင်စီက တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် စစ်ကိုင်းတိုင်းထဲက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထောက်ခံတဲ့ ရွာတွေမှာ စစ်သင်တန်း ပေးတာတွေ စတင်ဆောင်ရွက် လာတာလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
နောက်ပိုင်းမှာတော့ မကွေးတိုင်းထဲမှာပါ ပြည်သူ့စစ်တွေကို တိုးချဲ့ဖွဲ့စည်းလာပါတယ်။ ပျူစောထီးလို လက်ကိုင်တုတ် အဖွဲ့တွေကို ဖွဲ့စည်းတာဟာ အရင်ကတည်းက ရှိခဲ့တဲ့ စစ်တပ်ရဲ့ နည်းဗျူဟာ တစ်ခုဖြစ်တယ်လို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ရဲ့ အမှုဆောင် ညွှန်ကြားရေးမှုး ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။
“ပြောမယ်ဆိုရင်တော့ ဒါတွေက အသစ်တော့ မဟုတ်ဘူး။ အရင်ကတည်းက ရှိခဲ့ဖူးတဲ့ မဟာဗျူဟာတွေ ရှိတယ်။ ဒီတစ်ခေါက်မှာတော့ စစချင်းမှာတော့ ကြည့်ရတာကတော့ သူတို့လည်း ဒါကို လုပ်သင့်၊ မလုပ်သင့်ဆိုတာနဲ့ ယုံကြည်ရမလား၊ သေနတ်တပ်တဲ့ လူတွေကတော့ တစ်ချိန်မှာ ငါတို့ ဆီကို ပြန်ပြီးတော့ ဒုက္ခမပေးနိုင် ဘူးလားဆိုတဲ့ အစပိုင်းမှာတော့ စဉ်းစားပုံရတယ်။ ဒါကြောင့် အစပိုင်းမှာတော့ သေနတ်တပ်တာ မတွေ့ဘဲနဲ့ နောက်ပိုင်း အထူးသဖြင့် ၂၀၂၂ ထဲကျမှ အင်တိုက်အားတိုက် လက်နက် တပ်တာမျိုးတွေ တွေ့လာရတယ်”
မြန်မာစစ်တပ်ဟာ အရင်က ကွန်မြူနစ်တွေနဲ့ ABSDF ကျောင်းသားတပ်မတော်ကို တိုက်ခိုက်ခဲ့တုန်း ကလည်း တနင်္သာရီတိုင်းဘက်မှာ ပြည်သူ့စစ်တွေကို လက်နက် တပ်ဆင်ပြီး တော်လှန်ရေး အင်အားစုတွေကို ဖြိုခွင်းခဲ့တဲ့ သာဓက ရှိခဲ့တယ်လို့ ဒေါက်တာ မင်းဇော်ဦးက ဆိုပါတယ်။
သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ မဟာဗျူဟာလေ့လာရေးအင်စတီကျု (ISP Myanmar) ရဲ့ မေလ ၁၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့အထိ နိုင်ငံတစ်ဝန်း နှစ်ဖက်တိုက်ခိုက် သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရသူပေါင်း ၅,၆၄၆ ဦးထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။