စစ်ပွဲတွေကြောင့် တိတ်ဆိတ်သွားတဲ့ ရခိုင်သင်္ကြန်

RFA Burmese
2024.04.16
စစ်ပွဲတွေကြောင့် တိတ်ဆိတ်သွားတဲ့ ရခိုင်သင်္ကြန် ရခိုင်ပြည်နယ် စစ်တွေမြို့မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့အား တွေ့ရစဉ်။
Facebook/ Ko San Htay

ရခိုင်ပြည်နယ်မှာ အစဉ်အလာမပျက် ကျင်းပလာခဲ့တဲ့ ရိုးရာသင်္ကြန်ဟာ အခုနှစ်မှာတော့ စစ်ပွဲတွေကြောင့် မကျင်းပနိုင်ဘဲ တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်နှစ်တွေကလို မြို့လုံးကျွတ်၊ ရွာလုံးကျွတ် နံ့သာသွေးတာ၊ ဘုရားရေသပ္ပာယ်တာနဲ့ ရိုးရာရေလောင်းမဏ္ဍပ်တွေနဲ့ ရေကစားကြတာတွေ အခုနှစ်မှာ မလုပ်နိုင်ခဲ့ကြဘူးလို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

"သင်္ကြန်ကိုတော့ အများစုက ပျော်တယ်ဆိုတာထက် စစ်ဘေး၊ စစ်ဒဏ်တွေကြားမှာ ပူပင်သောကတွေနဲ့ပဲ ဖြတ်ကျော်နေကြပါတယ်”

ရခိုင်ပြည်သူတွေဟာ အခုနှစ် သင်္ကြန်ကာလကို ပူပင်သောကတွေနဲ့ပဲ ဖြတ်ကျော်နေရတယ်လို့ စစ်တွေဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ရခိုင်မှာတော့ဗျာ သင်္ကြန်ဆိုပြီးတော့ နှစ်သစ်ကူးအပျော်တွေမရှိတော့ဘူးဗျာ။ လူတွေက သူတို့ရဲ့ အိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးနေရတာလေ။ ပြီးရင် သူတို့ရဲ့ ဆုံးရှုံးမှုတွေ၊ တချို့ဆိုရင် မိသားစုဝင်တွေ ဆုံးရှုံးတာတွေ၊ အိုးအိမ်ဆုံးရှုံးတာတွေရှိတယ်။ ဆိုတော့ သင်္ကြန်ကိုတော့ အများစုက ပျော်တယ်ဆိုတာထက် စစ်ဘေး၊ စစ်ဒဏ်တွေကြားမှာ ပူပင်သောကတွေနဲ့ပဲ ဖြတ်ကျော်နေကြပါတယ်”

ပြီးခဲ့နှစ်တွေကတော့ စစ်တွေမြို့အပါအဝင် မြို့နယ်တိုင်း၊ ကျေးရွာတိုင်းမှာ ဗဟိုရေလောင်းမဏ္ဍပ်တွေ၊ ရပ်ကွက် ကျေးရွာအလိုက် မဏ္ဍပ်ကြီး၊ မဏ္ဍပ်ငယ်တွေမှာ ရေပက်ခံသူတွေနဲ့ ရခိုင်ရိုးရာသင်္ကြန်ဟာ အတော်လေးကို စည်ကားခဲ့တာပါ။

အခုတော့ စစ်ကောင်စီထိန်းချုပ်ရာ စစ်တွေ၊ ကျောက်ဖြူ စတဲ့မြို့ပေါ်တွေမှာပဲ စစ်ကောင်စီရဲ့ ရေလောင်းမဏ္ဍပ်တချို့ တွေ့ရပေမယ့် ပြည်သူတွေကတော့ သွားရောက်ရေကစားတာ မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ဖြူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနှစ်မှာတော့ သင်္ကြန်မဏ္ဍပ်တွေဆိုရင်လည်း ကိုယ့်ရခိုင်ပြည်သူတွေ ကိုယ်ထူကိုယ်ထလုပ်တဲ့ ရေလောင်းမဏ္ဍပ်တွေ လုံးဝမရှိဘူးလို့ပြောလို့ရတယ်။ ကျောက်ဖြူမှာဆိုလို့ရှိရင် စစ်ကောင်စီက အတင်းအဓမ္မလုပ်တဲ့ ဗဟိုမဏ္ဍပ်တစ်ခုလုပ်တာ တွေ့ရတယ်။ ဒါပေမဲ့ စည်ကားတာတော့ လုံး၀ မတွေ့ဘူး။ သူတို့လူတွေလောက်ပဲ တွေ့ရပြီး အရပ်သားတွေတော့ ဘယ်သူမှသွားပြီး ပျော်ပါးတာတွေမရှိဘူး”

အလားတူပဲ သင်္ကြန်ကာလဆိုရင် နှစ်စဉ်နှစ်တိုင်း ပြည်တွင်း၊ ပြည်ပ ခရီးသည်တွေနဲ့ စည်ကားနေတဲ့ သံတွဲမြို့ ငပလီကမ်းခြေဟာလည်း ဒီနှစ်မှာတော့ ခြောက်ကပ်နေတယ်လို့ သံတွဲမြို့ခံ တစ်ဦးက ပြောပါတယ်။

“မနှစ်ကဆိုရင် ဒီသံတွဲမှာ လူတွေအများကြီးပဲ။ ငပလီကမ်းခြေတစ်ခုလုံးလည်း အပြည့်ပဲ။ ဟိုတယ်တွေလည်း အကုန်အပြည့်ပဲ။ အခုကတော့ ဘာမှမရှိဘူး။ မဏ္ဍပ်ကြီးတွေလည်း မြို့ထဲမှာမရှိတော့ဘူး။ ရေပက်ခံကားတွေ ကလည်း ဓာတ်ဆီ၊ ဒီဇယ်အခက်အခဲနဲ့ မလာကြတော့ဘူးပေါ့။ ရေပက်ခံကားတွေထွက်တာ လုံးဝမရှိဘူး။ အရင်နှစ်တွေနဲ့စာရင် အများကြီးတိတ်ဆိတ်သွားတာပေါ့”

ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာလည်း ရခိုင်ရိုးရာသင်္ကြန်ကျင်းပတာ မရှိဘူးလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့အား တွေ့ရစဉ်။ (Photo: Facebook/ Ko San Htay)
ရခိုင်ပြည်နယ် စစ်တွေမြို့မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့အား တွေ့ရစဉ်။ (Photo: Facebook/ Ko San Htay)

စစ်ကောင်စီတပ်ဟာ လူစုလူဝေးလုပ်တဲ့နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ရခိုင်မှာ လူစုလူဝေးနဲ့ သင်္ကြန်ပွဲမကျင်းပဖို့ကို ရက္ခိုင့်တပ်တော် (AA) ကလည်း ဧပြီလ ၁၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေဟာ အခုဆိုရင် အချိန်ငါးလကျော်အထိ ရှိလာနေပါပြီ။ ပြည်သူတွေကတော့ စစ်ဘေး၊ စစ်ဒဏ်တွေ ကြားမှာ ပူပင်သောကတွေနဲ့ နှစ်တစ်နှစ်ကို ကုန်ဆုံးရတော့မှာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။