ကမ္ဘာမှာ မြန်မာက သတင်းလွတ်လပ်ခွင့် အဆိုးဆုံးဖြစ်လာ

နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)
2022.05.03
ကမ္ဘာမှာ မြန်မာက သတင်းလွတ်လပ်ခွင့် အဆိုးဆုံးဖြစ်လာ ၂ဝ၂၁ ခုနှစ် မတ်လက ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ သတင်းရယူနေသော သတင်းထောက်တစ်ဦး။
Photo: AFP

မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ RSF ကနေ နိုင်ငံပေါင်း ၁၈ဝ ရဲ့ သတင်းမီဒီယာလွတ်လပ်မှု အခြေအနေကိုပြတဲ့ အညွှန်းကိန်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံက အဆင့် ၁၇၆ နဲ့ အဆိုးဆုံးနေရာမှာ ရှိနေခဲ့တာပါ။ ဒီလိုသတ်မှတ်ရတာဟာ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးထောင်ချတာတွေကြောင့်လို့ RSF ရဲ့ အာရှပစ္စဖိတ်ရေးရာညွှန်ကြားရေးမှူး Daniel Bastard က ပြောပါတယ်။

“ပထမတစ်ချက်က - သတင်းသမားတွေကို ဖမ်းဆီးတဲ့ ပြဿနာပါ။ သတင်းသမားတွေကို ဖမ်းဆီးအကျဉ်းချမှုဟာ ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက ဒုတိယလိုက်ပါတယ်။ သတင်းမီဒီယာအဆင့်အတန်း မြန်မာက ဘာကြောင့်ထိုးကျသွားရသလဲဆိုတာ ဒါကိုကြည့်ရင် ရှင်းပါတယ်။ နောက်တစ်ချက်ကတော့ - သတင်းသမားတွေကို စစ်အာဏာရှင်ရဲ့သတ်ဖြတ်မှုနဲ့ သတင်းတွေကို ပြင်းပြင်းထန်ထန် ဆင်ဆာဖြတ်တောက်မှုကလည်း မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်မှု အဆင့်အတန်းကို ထိုးကျသွားစေတဲ့ အကြောင်းတစ်ခုပါပဲ”

မနှစ်က ၂ဝ၂၁ အညွှန်းကိန်းမှာတုန်းက အဆင့် ၁၄ဝ နေရာမှာရှိနေတာကနေ ဒီနှစ်မှာ ၁၇၆ နေရာအထိ တောက်လျှောက် ထိုးကျသွားတာဖြစ်ပါတယ်။ သူ့နောက်မှာ လေးနိုင်ငံပဲ ကျန်တော့ပြီး - အဲ့ဒီထဲမှာ မြောက်ကိုရီးယားနဲ့ အီရန်တို့ ပါဝင်ပါတယ်။

“သတင်းသမားတွေကို ဖမ်းဆီးအကျဉ်းချမှုဟာ ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် မြန်မာနိုင်ငံက ဒုတိယလိုက်ပါတယ်”

ဒါတင်မကသေးဘူး။ သတင်းသမားတွေကို ထောင်သွင်းအကျဉ်းချမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှု ဒီလိုအန္တရာယ်တွေကြောင့် သတင်းမီဒီယာလုပ်ငန်းဟာ မြန်မာနိုင်ငံမှာ အန္တရာယ်အများဆုံး အလုပ်တစ်ခု ဖြစ်လာနေတယ်လို့လည်း RSF က ထောက်ပြထားပါတယ်။

“အခုဆိုရင် မြန်မာနိုင်ငံမှာ သတင်းသမားတစ်ယောက်ဖြစ်ဖို့ အရမ်းကို အန္တရာယ်များလွန်းပါတယ်။ ဒါက တစ်ချက်။ သူတို့ရဲ့အလုပ်ကြောင့် သူတို့ အသတ်ခံရနိုင်ပါတယ်။ မနှစ်က စစ်အာဏာသိမ်းပြီးကတည်းကဆိုရင် သူတို့အလုပ်လုပ်ရင်းနဲ့ အသတ်ခံခဲ့ရတဲ့ သတင်းသမားသုံးယောက်တောင် ရှိခဲ့တာပါ။ ဒါက တစ်ချက်။ ဒုတိယတစ်ချက်ကတော့ သတင်းအလုပ်လုပ်နေရင်း အကြောင်းမျိုးစုံပြပြီး သတင်းထောက်တွေဟာ ဖမ်းဆီးခံရနိုင်တယ်။ လောလောဆယ်မှာကို အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမား ၆ဝ ဝန်းကျင်လောက်ကို ရှိနေတာပါ”

၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ကျော်အတွင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမား ၁၄၃ ယောက်ရှိပြီး၊ ဒီအထဲက ၆၂ ယောက် ပြန်လွတ်ခဲ့ပေမယ့် - လက်ရှိမှာ ၅၈ ယောက်က ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဘက်က သတင်းသမားတွေအပေါ် ဖမ်းဆီးဖိနှိပ်မှုတွေက ရပ်မသွားတဲ့အပြင် ပိုဆိုးလာနေတယ်လို့ ကိုယ်တိုင် ဖမ်းဆီးခံခဲ့ရဖူးတဲ့ ကမာရွတ်မီဒီယာထူထောင်သူ ကိုနေသန်မောင်ကလည်း ပြောပါတယ်။

“အရင်တုန်းကဆိုရင် အာဏာရှင်တွေ စစ်တပ်က ပစ်မှတ်ထားတဲ့သူကိုပဲ ဖမ်းတယ်။ အခုက ပစ်မှတ်ထားတဲ့သူကိုရော သူ့ရဲ့မိသားစုဆွေမျိုးသားချင်းတွေကိုရော အားလုံးကို လိုက်ဖမ်းတယ်။ ဆိုတော့ ဒီလူတွေအားလုံးကို သူက ပြန်ပေးဆွဲတဲ့အခြေအနေမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာ။ သတင်းသမားတွေအနေနဲ့က ရပ်တည်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုရင် ကျနော်တို့က ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။ Professional Media သမား ဘဝကို ခံယူပြီးတော့ ဖြစ်လာသမျှ စိန်ခေါ်မှုတွေကို ရင်ဆိုင်မလား။ အဲ့ဒါ ရွေးချယ်မှုပဲ။ တချို့က ဒီလုပ်ငန်းကို မလုပ်တော့ဘူး။ တခြားလုပ်ငန်းကို ပြောင်းပြီးတော့ပဲ နေလိုက်တော့တယ်။ လက်လျှော့လိုက်တယ်ပေါ့”

image.jpg
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့ ဂျပန်သံရုံးအနီးဆန္ဒပြပွဲတွင် လိုက်လံဖမ်းဆီးနေသော ရဲတပ်ဖွဲ့ဝင်တွေကို ရိုက်ကူးနေသည့် သတင်းထောက်တစ်ဦး။ (Photo: RFA)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးတဲ့ သတင်းသမား သုံးယောက် ရှိခဲ့ပြီး၊ သတင်းဌာန ၁၁ ခုကိုလည်း လိုင်စင်ပိတ်ခဲ့တာပါ။ ဒီနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဧပြီ ၂၁ ရက်နေ့အထိ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သတင်းသမား အနည်းဆုံး ၃၄ ယောက် ရှိတယ်လို့လည်း မူဝါဒနဲ့ မဟာဗျူဟာလေ့လာရေး အင်စတီကျူ့ (ISP Myanmar) ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် သတင်းမီဒီယာအလုပ်က စစ်အာဏာရှင်လက်ထက် မြန်မာနိုင်ငံမှာ သိပ်ကိုအန္တရာယ်များတယ်လို့ - ကိုယ်တိုင်ဖမ်းဆီးခံခဲ့ရတဲ့ ဘီဘီစီသတင်းထောက်ဟောင်း ကိုအောင်သူရ က ပြောပါတယ်။

“စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ နောက်မျိုးဆက်ကတော့ မြန်မာ့မီဒီယာမှာ လုပ်ကိုင်ဖို့ဆိုတာ စိတ်ထဲမှာတောင် စဉ်းစားမှာ မဟုတ်တော့ဘူး။ ဒါကို အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုအနေနဲ့ ဘယ်လူငယ်ကမှ ရွေးချယ်ကြတော့မှာ မဟုတ်ဘူး။ လက်ရှိမှာလည်း ကျနော်တို့ ပြီးခဲ့တဲ့ ၁ဝ နှစ်လောက်က ပြုစုပျိုးထောင်ခဲ့တဲ့ မီဒီယာသမားတွေဟာဆိုရင်လည်း ပုံစံအမျိုးမျိုးနဲ့ ဒီလောကကို စွန့်ခွာလာကြတာတွေ တွေ့ရတော့ တိုင်းပြည်အတွက် ဒါ မကောင်းတဲ့ ကိစ္စတစ်ခုပဲပေါ့နော်။ ဒါ စစ်အာဏာသိမ်းခြင်းရဲ့ အကျိုးဆက်ပဲပေါ့”

လက်ရှိ စစ်ပွဲတွေဖြစ်နေတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ၊ မြန်မာနိုင်ငံ ပြည်တွင်းစစ်အပါအဝင် ကမ္ဘာတစ်ဝန်းမှာ သတင်းအချက်အလက်အမှားတွေ၊ ဝါဒဖြန့်ချိရေးသတင်းတွေ များလာနေတယ်လို့လည်း RSF က ထောက်ပြထားပါတယ်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ UNESCO ကလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေ၊ သတင်းလွတ်လပ်ခွင့် ယိုယွင်းနေတဲ့ အခြေအနေတွေကိုလည်း မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။