စစ်ကိုင်းဖိုရမ်ဆွေးနွေးပွဲကို ကြိုဆိုကြောင်း NUG ပြော

RFA Burmese
2023.06.09
စစ်ကိုင်းဖိုရမ်ဆွေးနွေးပွဲကို ကြိုဆိုကြောင်း NUG ပြော စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝန်းရံခဲ့စဉ်။
MPA

စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအင်အားစုအဖွဲ့ ၁၇၀ ကျော်က စစ်ကိုင်းဖိုရမ် ဆိုတဲ့ခေါင်းစဉ်နဲ့ တိုင်းထဲက နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနဲ့ အထွေထွေဆိုတဲ့ ကဏ္ဍကြီးလေးရပ် ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ စစ်ကိုင်းတိုင်းက အဖွဲ့စုံတက်ရောက်ခဲ့ပေမယ့်၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေတော့ ပါဝင်တာမတွေ့ရပါဘူး။

"ဘယ်လိုပူးတွဲပြီးတော့ အကောင်အထည်ဖော်မယ်ဆိုတာကို စစ်ကိုင်းပြည်သူလူထုတွေကပဲ ဆွေးနွေးရမှာဖြစ်တယ်"

ဒီဖိုရမ်ဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းလာစေဖို့ ရည်ရွယ်ထားတယ်လို့ စစ်ကိုင်းဖိုရမ်ရဲ့ ပြောခွင့်ရ မချောစုစံက ပြောပါတယ်။

“ဒီလိုမျိုး နှစ်နှစ်ကျော်ကာလ ကြာလာတဲ့ အချိန်အတွင်းမှာ ရှေ့ဆက်ပြီးတော့ တော်လှန်ခရီးကို အားကောင်းကောင်းနဲ့ ရှေ့ဆက်ချီတက်နိုင်ဖို့အတွက်ကို အားလုံးစုစည်းကြဖို့ လိုအပ်တယ်ဆိုပြီး ဒီဖိုရမ်ကို ပြုလုပ်ရခြင်းဖြစ်တယ်ပေါ့နော်။ စစ်ကိုင်းတိုင်းထဲမှာရှိတဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတဲ့အစုအဖွဲ့တွေ ဒီထက်ပိုအချိတ်အဆက်မိမိနဲ့ ဒီတော်လှန်ခရီးကို ရှေ့ဆက်နိုင်ဖို့ အဲဒီအတွက် ရည်ရွယ်ပြီးတော့ ဖိုရမ်ကို ပြုလုပ်ရခြင်းဖြစ်ပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သဝဏ်လွှာပေးပို့ခဲ့ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။

စစ်ကိုင်းဖိုရမ်ဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အုပ်ချုပ်ခွင့်ရရှိရေးနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စုစည်းနိုင်ဖို့အကြောင်းတွေ ဆွေးနွေးခဲ့တယ်လို့ ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

NUG လက်အောက်ခံ ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) ဓားမဆိုင်းတပ်မတော်ရဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်ကတော့ ဒီစစ်ကိုင်းဖိုရမ်တက်ဖို့ ဖိတ်စာမရခဲ့ဘူးလို့ ပြောပါတယ်။

“ကမ်းလှမ်းတာတို့ ဖိတ်တာတို့တော့ မရှိဘူးနော်။ ကျွန်တော် မအားသေးလို့ လိုင်းလည်းသိပ်မကြည့်ဖြစ်လို့။ စည်းစည်းလုံးလုံးနဲ့ သွားမယ်ပေါ့။ လိုအပ်တဲ့အချက်တွေ ဘာတွေကအစ တင်ပြသွားတာလေ။ ဘယ်လိုရှေ့လျှောက်လုပ်ဆောင်ရမလဲဆိုတဲ့ အချက်တွေလည်းပါတယ်။ အဖွဲ့အစည်းတော်တော်များများ ရေးထားတာကတော့ အဲဒီလိုပါပဲ”

စစ်ကိုင်းဖိုရမ်ကို တက်ရောက်လေ့လာခဲ့တဲ့သူ တစ်ဦးကတော့ NUG ကာကွယ်ရေးဝန်ကြီး ဌာန လက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့တွေ ပါဝင်တာမတွေ့ခဲ့ရဘူးလို့ RFA ကို ပြောပါတယ်။

ဒေသတွင်းအစုအဖွဲ့တွေ ဦးဆောင်လုပ်ကိုင်ခဲ့တဲ့ ဒီအင်အားစုဟာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ရဲ့ စင်ပြိုင်ပြုလုပ်လာတာလို့ ဝေဖန်တာတွေ ရှိခဲ့သလို နိုင်ငံရေးအကျိုး အမြတ်အတွက် လုပ်တာလို့ စွပ်စွဲချက်တွေလည်း ရှိခဲ့ပါတယ်။

ဒါကို စစ်ကိုင်းဖိုရမ်ပြောခွင့်ရသူတွေက ငြင်းပါတယ်။ စစ်ကိုင်းဖိုရမ်ဟာ တော်လှန်ရေး အစုအဖွဲ့တွေ တွေ့ဆုံဆွေးနွေးရာ ပလပ်ဖောင်းတစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ဒီအခြေအနေဟာ တော်လှန်ရေးအဖွဲ့တွေကြားမှာ ကွဲအက်လာတဲ့ပုံစံဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ကာလအကန့်အသတ်တစ်ခု ကျော်သွားတဲ့အချိန်မှာ ဦးတည်ချက်နဲ့ လိုလားချက်တွေ မတူတဲ့အခါကျတော့ အဖွဲ့တွေက အစိတ်စိတ်အမွှာမွှာ ထပ်ကွဲကြတဲ့ထုံးစံတော့ရှိတယ်။ အဲဒါတော့ စောင့်ကြည့်ရမှာပေါ့လေ။ ဒါကဖြစ်နိုင်ခြေ။ အခုတောင်မှ လမ်းကြောင်း တစ်ခု ကွဲထွက်သွားတဲ့ ပုံစံဆိုတော့ နောက်ပိုင်းမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက် သွားတဲ့ပုံစံတွေ များဖို့ရှိနေပါတယ်”

NUG အနေနဲ့ ဖိုရမ်ကို ကြိုဆိုတဲ့အကြောင်း ဇွန်လ ၁ ရက်နေ့မှာ သဝဏ်လွှာပို့ပါတယ်။ ဒါပေမဲ့ အဲဒီသဝဏ်လွှာထဲမှာ - ပြင်ပပရောဂမပါဘဲ ဒေသအခြေအနေနဲ့ ကိုက်ညီတဲ့ ရလဒ်ထွက်တွေကို ဆွေးနွေးနိုင်ဖို့ဆန္ဒပြုကြောင်းလို့ ရေးသားထားပါတယ်။

NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကတော့ - NUG အနေနဲ့ကတော့ စစ်ကိုင်းဖိုရမ်ကို ဂုဏ်ပြုထောက်ခံပြီး စစ်ကိုင်းတိုင်းထဲက အင်အားစုတွေကပဲ ပူးတွဲအကောင်အထည် ဖော်နိုင်ဖို့ ရည်ရွယ်ဖော်ပြတာလို့ ပြောပါတယ်။

“စစ်ကိုင်းဖိုရမ်လုပ်တဲ့အခါမှာ စစ်ကိုင်းဒေသအတွက်ကို ဆုံးဖြတ်ရမှာက စစ်ကိုင်းဒေသ က ပြည်သူလူထု၊ ဒီတော်လှန်ရေး အင်အားစုတွေ၊ နိုင်ငံရေး အင်အားစုတွေက နေပြီးတော့ ဆွေးနွေးတိုင်ပင်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်အတွက်ကို ဘယ်လိုပူးတွဲ ဆောင်ရွက်မယ်ဆိုတာကို ဘယ်လိုပူးတွဲပြီးတော့ အကောင်အထည် ဖော်မယ်ဆိုတာကို စစ်ကိုင်းပြည်သူလူထုတွေကပဲ ဆွေးနွေးရမှာဖြစ်တယ်၊ အဲဒါကို ပြောကြားချင်တာပါ”

စစ်ကိုင်းဖိုရမ်မှာ ဆွေးနွေးခဲ့တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟာလည်း ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်လမ်းကြောင်းအတိုင်း ကိုက်ညီသလို NUG အနေနဲ့ အားရကျေနပ်ပါတယ်လို့ ဦးကျော်ဇော်က ဆိုပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝန်းရံခဲ့စဉ်။ (Photo: MPA)
စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝန်းရံခဲ့စဉ်။ (Photo: MPA)

ပုလဲမြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့သူ တစ်ဦးကတော့ ဒီဖိုရမ်ကနေ စစ်ကိုင်းတိုင်းအတွင်းက အာဏာရှင်ဆန့်ကျင်ရေး အစုအဖွဲ့တွေ စုစည်းလာမှာကို မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

“ပြည်သူတစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်ဗျ။ လမ်းမလွဲအောင်ပဲ ဒီအပေါ်မှာ တတ်သိနားလည်သူတွေနဲ့ သွားရမှာပဲ”

ပထမအကြိမ် စစ်ကိုင်းဖိုရမ်မှာ ဆွေးနွေးခဲ့တာတွေကို ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်မှာ အတည်ပြု ဆွေးနွေးဖို့ ရှိနေပါတယ်။

ပထမအကြိမ် စစ်ကိုင်းဖိုရမ်မှာပါဝင်တဲ့အဖွဲ့တွေထက် ဒုတိယအကြိမ်မှာ ပါဝင်လာအောင် ဖိတ်ခေါ်သွားမယ်လို့ စစ်ကိုင်းဖိုရမ် ပြောခွင့်ရသူတွေက ပြောထားပါတယ်။

ပထမအကြိမ်ဆွေးနွေးပွဲကနေ စစ်ကိုင်းတိုင်းအတွင်း အသွင်ကူးပြောင်းရေးကာလ အစီအမံ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မူဝါဒ၊ အုပ်ချုပ်ရေးနဲ့ စစ်ရေးအပြန်အလှန် ထိန်းကြောင်းနိုင်ဖို့၊ ဒေသတွင်း အစုအဖွဲ့တွေ အားကောင်းစေဖို့ကို နိုင်ငံရေးရှေ့လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားတယ်လို့ ကြေညာထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။