ကျောက်မီးသွေးတွင်းပြိုကျမှု ရှာဖွေမှုရပ်ဆိုင်း
2019.09.02

ပြီးခဲ့တဲ့ သြဂုတ်လ (၂၅) ရက်နေ့က မကွေးတိုင်း မင်းလှမြို့နယ် ရေနံမတိုက်နယ်ထဲက အင်းကြင်းတောင် ကုမ္ပဏီကနေ တူးဖော်နေတဲ့လုပ်ကွက်တွင်းမှာ ရေဆည်တာဘောင် ကျိုးပြီး ရေဝင်ကာ ပြိုကျတာကြောင့် တွင်းတူး လုပ်သား လေးဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတွေက မင်းလှမြို့နယ် ကျောက်ထောင် ကျေးရွာက ၁၉ နှစ်အရွယ် ကိုစိုးအောင်နဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ လှကာရကျေးရွာက ၂၈ နှစ်အရွယ် ကိုပိုင်စိုးဝင်းတို့ရဲ့ ရုပ်အလောင်းကိုပဲ ထုတ်ယူနိုင်ခဲ့တာပါ။
ကျန်ရှိတဲ့ မင်းလှမြို့နယ် ကျောက်ထောင်ကျေးရွာနေ အသက် ၂၀ အရွယ် ကိုနိုင်ထက်ဦးနဲ့ အသက် ၁၆ နှစ်အရွယ် ကိုအောင်ချမ်းသာ တို့ နှစ်ဦးရဲ့ ရုပ်အလောင်းကိုတော့ လုပ်ငန်းခွင် အန္တရာယ်ရှိနေတာကြောင့် ဖော်ထုတ်ရေး အစီအစဉ် ဆက်လက်လုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ မကွေးတိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်လင်းက ပြောပါတယ်။
အင်ကြင်းတောင် ကျောက်မီးသွေးကုမ္ပဏီကိုလည်း ဆက်လက်လုပ်ကိုင်ခွင့် ခေတ္တရပ်ဆိုင်းထားတယ် လို့လည်း ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်လင်းက ပြောပါတယ်။
ကျန်ရှိနေတဲ့ ရုပ်အလောင်းတွေကို ဆက်လက်ဖော်ထုတ်ပေးနိုင်ဖို့အတွက် ရေဝင်ထားလို့ တွင်းပြိုကျ မှုတွေ ရပ်ဆိုင်းသွားမှသာ လုပ်ဆောင်သွားနိုင်မှာဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးကို လာရောက် လုပ်ဆောင်ပေးခဲ့တဲ့ တွင်းတူးကျွမ်းကျင်သူ ဦးဇော်လင်းက ပြောပါတယ်။
အင်ကြင်းတောင်ကုမ္ပဏီဟာ တရားဝင်အသေးစားလုပ်ကွက် လုပ်ကိုင်တာဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်တွေကို ပြင်ပက ပညာရှင် ငှားရမ်းလုပ်ကိုင်ရတယ်လို့ ဆိုပါတယ်။ အခုလိုကျောက်မီးသွေးတွင်း မတော်တဆဖြစ်ပြီး လုပ်သား လေးဦး သေဆုံးသွားမှုမှာ ကျန်ရစ်သူမိသားစုအတွက် လုပ်ငန်းခွင် နစ်နာမှုဆိုင်ရာ ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့တယ်လို့ ကုမ္ပဏီတာဝန်ခံ မန်နေဂျာ ကိုသဲသဲစံမြတ်ကိုက RFA ကို ပြောပါတယ်။
သေဆုံးခဲ့ရသူ တစ်ဦးဖြစ်တဲ့ ကိုစိုးအောင်ရဲ့ ဦးလေး တော်စပ်သူ ကျောက်ထောင်ကျေးရွာက ဦးလွင်ကတော့ ကုမ္ပဏီဘက်က ကူညီထောက်ပံ့မှုက ကျန်ရစ်သူတွေအတွက် အတိုင်းအတာ တစ်ခုအထိ စိတ်သက်သာရာ ရစေတယ်လို့ ပြောပါတယ်။
မကွေးတိုင်းအတွင်းမှာ ကျောက်မီးသွေးလုပ်ကွက်ပေါင်း (၃၁) ကွက်ကို ကုမ္ပဏီပေါင်း (၂၄) ခုက လုပ် ကိုင်နေတာဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်း အန္တရာယ်ဖြစ်မှုပေါင်း (၂၀၁၅) ခုကနေ အခုဖြစ်စဉ် အပါအဝင် (၅) ခု ဖြစ်ပွားခဲ့ရာမှာ တွင်းတူးလုပ်သားသေဆုံးမှု (၁၈) ဦး ထက်မနဲ ရှိခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ ခြောက်ဦးရှိခဲ့ပါတယ်။
လုပ်ငန်းခွင်အတွင်းအန္တရာယ်ကင်းရှင်းရေးကို သတ္တုတွင်းဦးစီးဌာနအနေနဲ့ အခုထက်ပိုမိုပြီး ပညာပေးတာ၊ ကြီးကြပ် စစ်ဆေးတာတွေ ပြုလုပ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်ခင်ဗျာ။
(RFA သတင်းထောက် ကိုဇော်တူး ပေးပို့သည်)