တနင်္သာရီတိုင်းက စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေး ခက်ခဲနေ

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းထဲက ထားဝယ်၊ ပုလော၊ သရက်ချောင်း၊ ရေဖြူနဲ့ တနင်္သာရီမြို့နယ်တွေမှာ တိုက်ပွဲတွေနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ဒေသခံ တစ် သောင်းကျော်ဟာ အိုးအိမ်စွန့်ခွာခဲ့ရပြီး စစ်ဘေးဒုက္ခသည် ဖြစ်လာခဲ့ပါတယ်။
ဒေါန တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့ စာရင်းတွေအရ ထားဝယ်မြို့နယ်နဲ့ ပုလောမြို့နယ်မှာ စစ်ဘေးဒုက္ခသည် ၁၂၀၀ ကျော်၊ သရက်ချောင်း မြို့နယ်မှာ ၁၀၀၀ ကျော်၊ တနင်္သာရီမြို့နယ်မှာ ၈၀၀၀ ကျော်၊ ရေဖြူမြို့ နယ်မှာ ၂၀၀ ကျော် ရှိနေတာပါ။
"ကလေးတွေ၊ သက်ကြီးရွယ်အိုတွေလည်းပါတဲ့အခါကျတော့ လမ်းမှာတော်တော်ဒုက္ခဖြစ်တယ်"
ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့မှာ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုနဲ့ သရဘွင်အရှေ့ကမ်း ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ် ခဲ့ပါတယ်။ အဲဒီတိုက်ပွဲကြောင့် ညနက်သန်းခေါင်မှာ စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ သရဘွင်အရှေ့ကမ်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျနော်က သရဘွင်အရှေ့ကမ်း ကျေးရွာကပါ။ မေ ၁၉ ရက်နေ့ ည ၁၁ နာရီမှာ စစ် ရှောင်လာရပါတယ်။ စစ်တပ်က လက်နက်ကြီးပစ်တဲ့အခါကျတော့ ကျနော်တို့က ရွာ ထဲမှာ နေလို့မရတော့ ည ၁၁ နာရီမှာ ထွက်ပြေးလိုက်ရတယ်။ လေနဲ့ မိုးနဲ့ တအားရွာ တော့ တော်တော်ပင်ပန်းရတယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေလည်း ပါတဲ့အခါ ကျတော့ လမ်းမှာတော်တော်ဒုက္ခဖြစ်တယ်။ တချို့ဆို လမ်းမလျှောက်နိုင်လို့ လမ်းမှာ သွားရင်း နားရင်းနဲ့”
စစ်ဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေတွေရှိရာ ရွာတွေဆီ သွားရောက်နေ ထိုင်ရတာရှိသလို စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရတာလည်းရှိတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည် တစ်သောင်းကျော် အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအခက်အခဲတွေရှိနေတယ်လို့ တကူကျေးရွာက စစ်ဘေး ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
“အခက်အခဲကို ပြောရမယ်ဆိုရင် ကျနော်တို့ ဟိုကနေပြီး ထွက်လာကတည်းက အသက် ကိုလုပြီး ထွက်လာရတာဆိုတော့ အဓိကက စားစရာလည်း ပါမလာဘူးလေ။ ဆေးဝါးဆို တာလည်း ကျနော်တို့ ဘယ်လိုမှ မစုမိဘူး။ ပိုပိုလျှံလျှံလည်း မရှိဘူးဆိုတော့လေ။ ဒါကြောင့်မို့လို့ လက်ရှိအခြေအနေမှာတော့ စားနပ်ရိက္ခာတွေက တော်တော်လေးကို အခက်အခဲရှိနေတာပေါ့နော်။ ဆေးဝါးဆိုလည်း လုံလောက်မှုမရှိတော့ ကလေး၊ လူကြီး တော်တော်လေးကို အခက်အခဲရှိနေတာပေါ့နော်”
ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိပေမယ့် စစ် ဘေးဒုက္ခသည်တွေကို လှူဒါန်းထောက်ပံ့ပေးနေသလို ဆေးဘက်ဆိုင်ရာ သင်တန်းတွေ လည်း ပို့ချပေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေါန တနင်္သာရီ စစ်ဘေး ရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ ကျနော်တို့အဖွဲ့သားတွေအနေနဲ့ ထားဝယ် ခရိုင်အတွင်းမှာပဲ လှုပ်ရှားလို့ရတဲ့ အခြေအနေမျိုးမှာတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ ထားဝယ်ခရိုင်ထဲက နေရာတစ်ခုတည်းမှာ အထိုင်နေပြီး ကူညီပေးနေတာမျိုး မဟုတ် ဘဲနဲ့ လိုအပ်တဲ့မြို့နယ်တွေကို သွားလာလှုပ်ရှားပြီး ကူညီပေးနေတာရှိပါတယ်။ ကျနော် တို့ အဖွဲ့သားတွေ အမြဲရှိနိုင်တဲ့ မြိတ်ခရိုင်နဲ့ ကော့သောင်းခရိုင်တို့က စစ်ရှောင်တွေကို ကျတော့ အဲဒီဘက်မြေပြင်မှာ ကူညီပေးနေကြတဲ့သူတွေကို အချိတ်အဆက်လုပ်ပြီး တော့ လိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေ လုပ်ပေးနေတာရှိပါတယ်”
တနင်္သာရီတိုင်းထဲက စစ်ဘေးဒုက္ခသည်တွေကို ထိရောက်တဲ့ အကူအညီပေးနိုင်ဖို့ စစ်ဘေး ဒုက္ခသည်စာရင်းနဲ့ အချက်အလက်တွေ လိုအပ်နေပြီး နိုင်ငံတကာအဖွဲ့အစည်းတွေက လည်း အမြန်ဆုံးအကူအညီပေးရမှာဖြစ်တယ်လို့ တနင်္သာရီတိုင်းထဲက သုတေသနအဖွဲ့ အစည်းဖြစ်တဲ့ Southern Monitor အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
“အဓိကကတော့ စစ်ဘေးရှောင်စာရင်းပေါ့နော်။ ဘယ်နေရာမှာ ဘယ်နှယောက်ရှိနေလဲ ဆိုတာရပြီးတော့ ဒေသခံ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေ ချိတ်ဆက်ဖို့ရယ်။ နောက်တစ်ခုက ဘယ်နေရမှာ ဘယ်လိုမျိုး လိုနေတယ် ဆိုတာ ဒေသခံအဖွဲ့အစည်းတွေကနေ နိုင်ငံတကာအဖွဲ့အစည်းတွေကို အချိန်နဲ့ တစ်ပြေးညီ ပေးပို့ဖို့ရယ်။ ရရှိလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီးတော့ ဥပမာ- မိုးတွင်းကာလဆို အမိုးအကာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အဲဒါတွေကို နိုင်ငံတကာအဖွဲ့ အစည်းတွေက အမြန်ဆုံးကူညီပေးဖို့ သင့်တော်တဲ့နည်းလမ်းနဲ့ အမြန်ဆုံး အကူအညီ ပေးသင့်တယ်လို့ ထင်ပါတယ်ဗျ”

တနင်္သာရီတိုင်းထဲမှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒေသ ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လကစပြီး ထိတွေ့ တိုက်ပွဲတွေ ဖြစ်လာခဲ့တာပါ။
ပြီးခဲ့တဲ့ ငါးလတာအတွင်း တနင်္သာရီတိုင်းထဲက ဒေသ ၁၀ ခုမှာ တိုက်ပွဲ ၇၆ ကြိမ် ဖြစ်ပွားခဲ့ တယ်လို့ Southern Monitor အဖွဲ့ရဲ့ ဇွန် ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ဒေါန တနင်္သာရီအဖွဲ့ရဲ့ ဇွန် ၆ ရက်နေ့ ထုတ်ပြန်ချက်မှာလည်း စစ်ဘေးဒုက္ခသည်စခန်းတွေ ကြိုတင်ပြင်ဆင်နိုင်မှု အားနည်းတာ၊ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်တာ၊ ဆက်သွယ် ရေးလိုင်းတွေ ညံ့ဖျင်းတာကြောင့် သတင်းအမှားတွေ ပျံ့နှံ့နေတာနဲ့ စစ်ဘေးဒုက္ခသည် ကလေးတွေအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်း ထောက်ပံ့မှု လိုအပ်နေတာတွေ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ စစ်ကောင်စီ အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည်ပေါင်း သုံး သိန်းခွဲနီးပါး ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည်ဖြစ်လာသူတွေနဲ့ဆို စုစုပေါင်း တစ်သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က မေ ၃၁ ရက်က ထုတ်ပြန်ပါတယ်။