ချင်းပြည်နယ်မှာ မေနဲ့ ဇွန် နှစ်လအတွင်း ဒေသခံနဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၃၆ ဦး သေဆုံး

2022.07.05
ချင်းပြည်နယ်မှာ မေနဲ့ ဇွန် နှစ်လအတွင်း ဒေသခံနဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၃၆ ဦး သေဆုံး ချင်းပြည်နယ်၊ ဖလမ်းမြို့မှ CNDF ရဲဘော် Salai Sui Thawng Lian@Khiangawi ၏ နာရေးအခမ်းအနားအား ၂၀၂၂ ခုနှစ် မေလ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Chin Cable Network Channel

ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လ နှစ်လအတွင်း ဒေသခံနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ဝင် စုစုပေါင်း ၃၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၁၀ ဦးနဲ့ အဖမ်းခံရသူ ၁၇ ဦးရှိတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ (Institute of Chin Affairs ) ရဲ့ စာရင်းတွေက ဖော်ပြနေပါတယ်။

ဒီအထဲမှာ စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့တာတွေအပြင် တိုက်ပွဲနဲ့ မိုင်းကြောင့် သေဆုံးသူတွေပါ ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချင်းရေးရာအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“တော်လှန်ရေးတပ်သားတွေက တိုက်ပွဲတွေမှာ မိုင်းမတော်တဆမှု၊ မိုင်းနင်းမိတာနဲ့ အရပ်သားတွေထဲမှာလည်း မိုင်းနင်းမိတာပါတယ်။ စစ်ကောင်စီက သတ်ပြီးတော့ အလောင်းပစ်ထားတယ်၊ အိမ်သာထဲ ပစ်ထားတယ်။ အလောင်းကို ပြန်မပေးတာမျိုး။ ပြီးတော့ လက်နက်ကြီးထိတာ၊ ဖမ်းထားပြီး သတ်တာတွေပါတယ်”

ချင်းပြည်နယ် တီးတိန်မြို့မှာ ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က တူမီးသေနတ်ထမ်းပြီး အမဲ လိုက်ရာကနေ ပြန်လာတဲ့ ဆိုင်းဇန်ရွာသား လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းပြီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကလည်း မင်းတပ်အခြေစိုက် ခလရ (၂၇၄) တပ်ရင်းက ပစ်လိုက် တဲ့ လက်နက်ကြီးကျည် မဒပ်ရွာထဲက နေအိမ်အနီး ကျရောက်ပေါက်ကွဲပြီး အိမ်ထဲက အသက် ၁၄ နှစ်အရွယ် ကလေးသေဆုံးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တာဝန်ခံ ကိုယောမန်က RFA ကို ပြောပါတယ်။

"မဒပ်ရွာမှာ ကလေးလေးတစ်ယောက် ဆုံးသွားတယ်။ ၁၄ နှစ်သား အရွယ်ပေါ့နော်။ မေလ ၂၃ ရက်နေ့ကလည်း မဒပ်ရွာမှာ လက်နက်ကြီးကျပြီးမှ ကလေးလေးတစ်ယောက် ခြေထောက်ပြတ်သွားတယ်လေ။ အိမ်တစ်လုံး မီးလောင်သွားတယ်။ လက်နက်ကြီးထိလို့ သေသွားတာသော်လည်းကောင်း၊ လက်နက်ကြီး အပိုင်းအစ သွားကောက်ရင်းနဲ့ ကွဲသွား လို့သော်လည်းကောင်း သေသွားတာက ၁၀ ယောက်ကျော်ပြီ”

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က မင်းတပ်မြို့ မွီတွီရွာမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် တောင်ယာလုပ်နေတဲ့ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နေအိမ် ကိုးလုံး ပျက်စီးခဲ့တယ်လို့ မင်းတပ်ဒေသခံ ကိုယောကီက ပြောပါတယ်။

ကန်ပက်လက်မြို့မှာလည်း ပြီးခဲ့တဲ့ မေလကုန်က အသက် ၂၀ ကျော် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းပြီးသတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မေလမှာ စစ်ကောင်စီက ကန်ပက်လက်မြို့ပေါ်မှာ အမျိုးသားတစ်ဦးကို သူတို့ဖမ်း တယ်။ စစ်ဆေးရင်းနဲ့ပဲ သတ်ပစ်လိုက်တာ။ မနက်ပိုင်း ၈ နာရီ၊ ၉ နာရီလောက် ဖမ်း တယ်။ ညနေပိုင်းကျတော့ သူ မရှိတော့တဲ့ အကြောင်းပေါ့ သတင်းကြားရတယ်။ ကျနော်တို့ ဒေသမှာဆိုရင် အသက် ၂၀ အောက်၊ ၂၀ ဝန်းကျင်တွေဆိုရင် မြို့ထဲသွားပြီ ဆိုတာနဲ့ သူတို့ ဖမ်းနေတာပဲ”

မေလ ၂၄ ရက်နေ့က ဟားခါးမြို့မှာရှိတဲ့ ပြည်နယ်ပညာရေးမှူး ဦးစီးအရာရှိ ဒေါ်ဝုန်းဟွဲနဲ့ ပြည်တွင်းအခွန် ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးမော်တို့ကို CDF ကို ထောက်ခံတဲ့ စာသားတွေ လူမှုကွန်ရက်ပေါ်မှာ ရေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားပါတယ်။

ကန်ပက်လက်မြို့မှာဆိုရင် မေလထဲမှာတင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင် တဲ့ စစ်ကောင်စီတပ်သားတွေကို ကူညီပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရသူ ခုနစ်ဦးရှိ ပြီး ဇွန်လထဲမှာ တစ်ဦးရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကျနော်တို့ ဒေသမှာဆိုရင် အသက် ၂၀ အောက်၊ ၂၀ ဝန်းကျင်တွေဆိုရင် မြို့ထဲသွားပြီဆိုတာနဲ့ သူတို့ ဖမ်းနေတာပဲ”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီလိုသေဆုံးမှုတွေကို စစ်ကောင်စီ ဘက်က လုပ်တာမဟုတ်ဘဲ PDF တွေလုပ်တာသာဖြစ်တယ်လို့ ငြင်းဆိုပါတယ်။

“ချင်းပြည်နယ်မှာ ကျနော်တို့ ဆရာတော်တွေပေါ့နော်၊ သာသနာပြုဆရာတော်တွေကို သတ်နေတာလည်း အဲဒီ PDF အဖွဲ့တွေပဲ။ အဲဒါကို တပ်ကပဲလုပ်သလိုမျိုး ပြောတာရှိ တယ်။ ချင်းပြည်နယ်မှာဆိုရင် PDF အမည်ခံအဖွဲ့တွေ၊ CDF အမည်ခံ အကြမ်းဖက်အဖွဲ့ တွေ၊ ဒါ တောင်ယာသွားတဲ့ လမ်းတွေမှာရော၊ စည်းမဲ့ကမ်းမဲ့ မိုင်းထောင်တာမျိုးတွေရှိ တယ်။ မိုင်းကြောင့် သေဆုံးရတဲ့လူတွေ၊ ဒဏ်ရာရတဲ့သူတွေ၊ ချင်းပြည်သူလူထုတွေရှိ တယ်။ ဒါတွေကို ကျနော် ပြောချင်တာက အဖြစ်မှန်ကို စုံစမ်းပြီးမှ သတင်းထုတ်လွှင့်ဖို့ သင့်တယ်”

CDF မင်းတပ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်ကတော့ ချင်းပြည်နယ်မှာ CDF တွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာ မရှိဘူးလို့ ပြန်လည်ငြင်းဆိုပါတယ်။

"စစ်အာဏာရှင် ဖြုတ်ချရေးနဲ့ ကျနော်တို့လူမျိုးတွေ အသက်အိုးအိမ် စည်းစိမ်ကာကွယ် ဖို့အတွက် လုပ်ခဲ့တာပေါ့။ စစ်တပ်က အိမ်တွေမီးရှို့တယ်။ လူတွေသတ်ဖြတ်တယ်။ ဒါပေမဲ့ သူကတော့ ဒါ PDF တွေ လုပ်တာ၊ CDF တွေလုပ်တာ၊ CDF တွေက မီးရှို့တာ ဒါကတော့ စစ်တပ်အသိုင်းအဝိုင်းရဲ့ အကျင့်လိုဖြစ်နေပြီ။ ကျနော်တို့ကြောင့် တစ်စုံ တစ်ရာ ထိခိုက်သေဆုံးသွားတာ မရှိပါဘူး။ သူတို့ဘာသာသူတို့ မိုင်းတွေထောင်တယ်။ အိမ်တွေကို မီးရှို့တယ်။ ဒါဟာ စစ်ကောင်စီရဲ့ လုပ်ရပ်ဆိုတာ အားလုံးသိပြီးသားဖြစ် မှာပါ"

vakok-cndf.jpg
ချင်းအမျိုးသားကာကွယ်ရေးတပ် VAKOK - CNDF မှ ရဲဘော် Salai Lal Tan Pi ၏ နာရေးအခမ်းအနားအား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ် (Photo: VAKOK - CNDF)

စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုကို ချိုးဖောက်နေတာဖြစ်သလို ချင်းလူမျိုးတွေရဲ့ ရပ်တည် နိုင်စွမ်းကို ခြိမ်းခြောက်နေတာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒုတိယအမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက RFA ကို ပြောပါတယ်။

“မိုင်းထောင်တာမျိုး၊ မတရား လူသတ်တာပဲဖြစ်ဖြစ် အဲဒီဟာဆိုလို့ရှိရင် ကျနော်တို့ ချင်းလူမျိုးတွေရဲ့ ရပ်တည်ချက်ကို၊ ရပ်တည်မှုကို ခြိမ်းခြောက်တာပဲဖြစ်ပါတယ်။ စစ်ကောင်စီဟာ သူတို့လုပ်ရပ်တွေ အားလုံးဟာဆိုရင် စစ်ရာဇဝတ်မှုဖြစ်သလို ကျနော် တို့ လူမျိုးတစ်မျိုးရဲ့ ရပ်တည်နိုင်စွမ်းကို ခြိမ်းခြောက်နေတာပဲလို့ ကျနော်တို့ ယူဆပါ တယ်”

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းနီးပါးရှိနေပြီး ပြည်တွင်း မှာ တိမ်းရှောင်နေရသူ ငါးသောင်းကျော်နဲ့ တစ်ဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက် ပြေးရသူ လေးသောင်းကျော်ရှိနေပြီ ဖြစ်ပါတယ်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီကို အစောဆုံး လက်နက်ကိုင် ခုခံတော်လှန်ခဲ့တဲ့ ချင်းပြည်နယ်မှာ ချင်းဒေသခံ ၃၀၄ ဦး သေဆုံးခဲ့ရပြီဖြစ်တယ်လို့ ချင်း ရေးရာအဖွဲ့ချုပ်က ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။