စစ်ကောင်စီ အထိနာနေ၊ ဒီမိုကရေစီ အင်အားစုတွေလည်း ပြုပြင်ရန်လိုဟု ဝေဖန်

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.06.10
စစ်ကောင်စီ အထိနာနေ၊ ဒီမိုကရေစီ အင်အားစုတွေလည်း ပြုပြင်ရန်လိုဟု ဝေဖန် ၂ဝ၂၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က ရန်ကုန်ဆန္ဒပြပွဲ။
Photo - ရန်ကုန်သပိတ်ကော်မတီ

စစ်တပ်အာဏာသိမ်းတာ ၁ နှစ်နဲ့ ၄ လ ကျော်လာနေပြီဖြစ်တဲ့ လက်ရှိကာလမှာ စစ်ကောင်စီအနေနဲ့ တိုင်းပြည်ကို ထိန်းချုပ်နိုင်ခြင်း မရှိတဲ့အပြင် ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ ဆန့်ကျင်မှုတွေကို တစ်နေ့တခြား ပိုမိုကြုံတွေ့နေရပါတယ်။

တစ်ပြိုင်နက်မှာ ဒီမိုကရေစီအုပ်စုတွေအတွင်း သဘောထားကွဲလွဲမှုတချို့လည်း မြင်တွေ့ရပါတယ်။ ဥပမာအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့နဲ့ NUG ကာကွယ်ရေးဌာန ခေါင်းဆောင်ပိုင်းတွေအကြား ကူညီပံ့ပိုးရေးဆိုင်ရာ အငြင်းပွားမှု၊ NLD ပါတီအတွင်း နိုင်ငံရေး ရပ်တည်ချက်ဆိုင်ရာ ပဋိပက္ခ စတာတွေဖြစ်ပါတယ်။

ထိန်းသိမ်းခံနေရတဲ့ NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးကတော့ NUG, CRPH နဲ့ မဟာမိတ် EAOs တွေကို သူ အပြည့်အဝ ထောက်ခံပြီး ရွေးကောက်ပွဲကို
စိတ်ဝင်စားနေတဲ့ သူတွေနဲ့ လက်တွေ့ ပကတိအခြေအနေနဲ့ ကိုက်ညီခြင်းမရှိတဲ့ အတွေးအခေါ်ဟောင်းသမားတွေကို ဆန့်ကျင်တယ်လို့ သူနဲ့ ပုံမှန်တွေ့ဆုံနေတဲ့ ရှေ့နေတစ်ဦးကို ဒီရက်ပိုင်း ပြောဆိုကြောင်း ကြားသိရပါတယ်။

လက်ရှိနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းရှိ တော်ဝင်နဂါး တပ်တော်ခေါင်းဆောင် ဗိုလ်နဂါးကို RFA က မေးမြန်းရာမှာ “လက်ရှိအနေအထားကတော့ စစ်ကောင်စီက နည်းမျိုးစုံနဲ့ ပြိုလဲနေတာတွေ မြင်နေရပြီပေါ့ဗျာ” ဒါပေမဲ့ အာဏာရှင် စစ်ကောင်စီ ဖယ်ရှားရေးအတွက် အဓိက လိုအပ်ချက်တွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

“ပြည်သူလူထုတွေရဲ့ပါဝင်မှု နောက်ပြီး တိုင်းပြည်လွတ်မြောက်ရေးမှာ ဦးဆောင်နေတဲ့ အခန်းကဏ္ဍက လူတွေရဲ့အနေအထား အဲ့ဒါတွေက အများကြီးဗျ၊ အဲ့ဒါကို တစ်ခုတည်းခြုံပြီးတော့ ကျနော်ရှင်းရှင်းလင်းလင်းပြောဖို့ သိပ်တော့ ဉာဏ်မကျယ်ဘူး”

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ သမီး မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက ဒီမိုကရေစီလိုလားသူအချင်းချင်း ညီညွတ်ရေးနဲ့ သူတို့အာဏာတည်မြဲရေး တိုက်ရိုက်အချိုးကျနေတဲ့ စစ်ကောင်စီအနေနဲ့ သူတို့အထိနာလာတာနဲ့အမျှ နွေဦးတော်လှန်ရေး ပြိုကွဲအောင် ပိုမိုအရှိန်မြှင့် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“တော်လှန်ရေးဆိုတာ တက်လာရင် အဖျက်လုပ်ငန်းကလည်း တက်လာတာပဲ။ ဘယ်သူကမှအငြိမ်နေတာ မဟုတ်ဘူး။ အထူးသဖြင့် အတိုက်ခံရတဲ့ လူစားက ကျမတို့ထက် ပိုပြီး
တက်ကြွတယ်။ သူတို့က လူတန်းစားအမြင် ပြတ်သားတယ်။ ဖေဖေတောင်ပြောဖူးတယ်၊ ဗိုလ်နေဝင်းက လူတန်းစားအမြင် ပြတ်သားတယ်ဆိုတာ အမှန်ပဲ။ သူတို့က
အဖြုတ်ခံရမယ်ဆိုတာ သိတော့ လူတန်းစားအသိ၊ တော်လှန်ရေးသတိ သူတို့ရဲ့ အခြေအနေကို သူတို့ကပိုသိတော့ ပိုပြီး သတိရှိတယ်။ ကျမတို့ဘက်က တက်လာသလိုပဲ သူတို့ကလည်း သူတို့ဘက်က တက်လာတာပဲ။ အဲ့ဒီအချိန်မှာ ကိုယ့်အချင်းချင်းကြားမှာ ပဋိပက္ခတွေ အမြင်စောင်းဖို့ အမြင်တိမ်းဖို့ သိပ်လွယ်တယ်။ အဲ့လိုဖြစ်အောင်လည်း ရန်သူက လုပ်တာပဲ။ အဲ့ဒါကို သတိထားဖို့ လိုတယ်။ အဲ့လိုလုပ်တာများလာရင် ငါတို့တော်လှန်ရေး အရှိန်တက်လာလို့ဆိုတာ သတိထားရမယ်။ အဲ့ဒီအတွက် ရန်သူက တမင်သက်သက်သွေးကွဲအောင် လုပ်နေတယ်ဆိုတာ သတိထားရမယ်”

000_9RF2XJ.jpg
Photo - AFP

၁၉၇၅ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသန်းနိုင်ကတော့ မြန်မာပြည်သမိုင်းမှာ ပြည်သူတွေရဲ့ ညီညွတ်မှုနဲ့ နိုင်ငံရေးအသိ အမြင့်မားဆုံးဖြစ်တဲ့ အခုလိုကာလမှာ နိုင်ငံရေးသမားတွေ အနေနဲ့ လူထုရဲ့ နောက်မြီးဆွဲမဖြစ်ဖို့လိုတယ်လို့ ဝေဖန်ပါတယ်။

“ဒီနေ့ လူထုတော်လှန်ရေး လူထုခုခံတော်လှန်စစ်က အကောင်းဘက်ကို သွားနေတယ်။ အားရစရာရှိတယ် စစ်အာဏာရှင်စနစ်နှစ် ၆ဝ ကျော် သမိုင်းမှာ လူထုရဲ့ ဆန့်ကျင်မှုဟာ တစ်ခါမှ မကြုံဖူးလောက်အောင် မြင့်မားတယ်။ အဲ့မှာ အထူးသဖြင့် လူထုက ဘယ်အဆင့်ထိ ရောက်သွားလဲဆိုတော့ လက်နက်ကိုင်ပြီးတော့မှ ဒီကောင်တွေကို ခုခံမှ ငါတို့ ဒီကောင်တွေကို ဖြုတ်ချနိုင်တော့မယ် ဆိုတဲ့ အဆင့်ထိရောက်သွားပြီးတော့ ဒီလို ဗမာပြည်အနှံ့မှာ လက်နက်ကိုင် တိုက်ပွဲတွေ အစဉ်အဆက်ပေါ်လာတာ။ အဲ့ဒါဟာ တကယ့်ကို အားကောင်းချက်ဖြစ်တယ်။ ဗမာလူမျိုးအများစုပါဝင်တဲ့ တော်လှန်စစ်ကြီးဟာ အကျယ်အပြန့်ဖြစ်လာတယ်။ တိုင်းရင်းသားတွေရဲ့ ပူးပေါင်းပါဝင်မှုဟာ တစ်စုံတစ်ရာ ရနေတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ဒါပေမဲ့ အပြည့်အဝတော့ အရင်က အရိပ်တွေကြောင့် ပူးပေါင်းတာမျိုးတော့ တချို့ အဖွဲ့အစည်းတွေကတော့ မရှိသေးတာတော့ ရှိနေတာပေါ့။ ဒါပေမဲ့ နောက်ကွယ်မှာ တချို့သဘောတူညီချက်ယူပြီး လုပ်နေတာတွေရှိတယ်လို့ ကြားပါတယ်။ ဒါတွေက ကောင်းတဲ့ဘက်ပေါ့ဗျာ။ ကျနော်တို့က ဝိုင်းပြီးတော့ တတ်နိုင်တဲ့ ဘက်ကနေ လူထုတစ်ရပ်လုံးကလည်း ဒီနေ့ ဒီအချိန်မှာ အားကုန်ရုန်းပြီး ကိုယ်နိုင်တဲ့ ဝန်ပေါ့ဗျာ ထမ်းကြပေါ့၊ လုပ်ရမှာပါပဲ။ အခုကျနော်တို့ အတွက်က မကောင်းတဲ့ လိုအပ်ချက်လို့ ပြောလို့ရတဲ့ အားနည်းချက်လို့ ပြောလို့ရတဲ့ဟာက အခုခေါင်းဆောင်မှု အခန်းမှာ ယူထားတဲ့ နိုင်ငံရေးခေါင်းဆောင်လို့ ပြောရမယ့်သူတွေပေါ့ဗျာ။ တည့်တည့်ပြောရရင် NUG တို့၊ ဘာတို့လို သူတို့ အနေနဲ့လည်း လက်ရှိအခြေအနေပေါ်မှာ မှန်မှန်ကန်ကန် သုံးသပ်ပြီး အမြန်ဆုံး လိုအပ်တဲ့ဟာတွေ အထူးသဖြင့် စစ်နိုင်ရေးဆိုတာကို ခေါင်းထဲက ဝေဝါးလို့ မရဘူး အဲ့ဟာကို မစဉ်းစားရင် ကျန်တာတွေ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ စစ်နိုင်ရေးကို အာရုံစိုက်ကြဖို့၊ စစ်နိုင်ရေး သည်အဓိက၊ စစ်နိုင်ရေးသည် ဒုတိယ၊ စစ်နိုင်ရေးသည် တတိယ”

000_32BK4KE.jpg
Photo - AFP

ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်ကလည်း အတိမ်းအစောင်း မခံတဲ့ တော်လှန်ရေး ကာလဖြစ်တယ်လို့ သတိပေးပါတယ်။

“နိုင်ငံရေးမှာကော၊ စစ်ရေးမှာကော အားကောင်းတဲ့ အခြေအနေမျိုး ကျနော်တို့မှာ အများကြီး ရှိလာပါပြီ။ ဒါပေမဲ့ ဒီနေရာမှာ သတိပြုရမယ့် ကိစ္စကတော့ အပြီးအောင်ပွဲရသွားမျိုး ကျနော်တို့ဘက်က အင်မတန်မှကို အသာစီး ရနေတာမျိုး မဟုတ်ဘူး။ ကျနော်တို့မှာ အားကောင်းနေတဲ့ အခြေအနေမျိုးပါပဲ။ ပိုပြီး သတိထားရမယ့် ကိစ္စက နိုင်ငံရေးမှာလည်း ညီညွတ်ရေး ညှိနှိုင်းဆောင်ရွက်ရေး ဒီလိုကိစ္စမျိုးတွေကို ပိုပြီးတော့ အလေးထားလာဖို့ လိုတယ်။ အဲ့တာတွေမှ မရှိဘူးဆိုရင် လက်ရှိ ရှိနေတဲ့ အခင်းအကျင်းတွေက ပြိုကွဲ သွားနိုင်တယ်။ စစ်ရေးမှာလည်း ထို့အတူပဲ ညီညွတ်ရေးနဲ့ အားလုံး တကယ့်ကို ပေါင်းစည်းပြီးတော့ တိုက်ပွဲကို အတူတူ တိုက်နိုင်ရေးပေါ့ အဲ့ကိစ္စက တကယ့်ကို အရေးတကြီး လိုလာပြီဆိုတော့ ကျနော်တို့ အားလုံးက ရန်သူ့ရဲ့ ရင်ဘတ်ကို မြားတစ်ချောင်းလိုမျိုး ထိုးဖောက်ပြီး ထိုးခွင်းနိုင်တဲ့ ညီညွတ်မှုမျိုး ဒီအချိန်မှာ အရေးတကြီး လိုနေပြီ”

တော်လှန်ရေး အတွေ့အကြုံရှိသူ အားလုံးက အခုအချိန်ဟာ ဒီမိုကရေစီ အင်အားစုအတွင်း ညီညွတ်ရေး အလိုအပ်ဆုံးကာလဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ထိန်းချုပ်နယ်မြေတွေကို စွန့်လွှတ်မှာမဟုတ်ကြောင်း TNLA ပြော
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။