သေဒဏ်ချမှတ်မှု ရပ်ဆိုင်းဖို့ ကုလကျွမ်းကျင်သူတွေ တိုက်တွန်း

2022.06.11
သေဒဏ်ချမှတ်မှု ရပ်ဆိုင်းဖို့ ကုလကျွမ်းကျင်သူတွေ တိုက်တွန်း စစ်ကောင်စီရဲ့ ကွပ်မျက်အမိန့်ချခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားဟောင်း ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့အား တွေ့ရစဉ်
Photo: RFA

မြန်မာစစ်ခေါင်းဆောင်တွေဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလက နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီးတဲ့နောက်၊ တစ်လအကြာမှာ စစ်တပ်ကို ဝေဖန်တာအပါအဝင်၊ အခြား သူတို့ လိုသလို အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ ပြစ်မှု ၂၃ မျိုးအတွက် သေဒဏ်ချမှတ်ခွင့် ပေးလိုက်တဲ့ တရားမဝင် အရေးပေါ်ဥပဒေ ၃/၂၀၂၁ ကို ထုတ်ပြန်လိုက်ပါတယ်။

အဲဒီနောက် လူအနည်းဆုံး ၁၁၄ဦး အထိ သေဒဏ်ချမှတ်ခံခဲ့ရပြီး ဒီအထဲက ၄၁ ဦးဟာ တရားခံအဖြစ် စွပ်စွဲခံရသူ မပါဘဲ မျက်ကွယ်မှာ ပြစ်ဒဏ်ချမှတ်ထားတယ်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေ ဒီလ ၁၀ ရက်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ သုံးသပ် ထားပါတယ်။

NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ ၈၈ မျိုးဆက် ခေါင်းဆောင် ဦးဂျင်မီ အပါအဝင် သေဒဏ်ကျ အကျဉ်းသား လေးဦးကို အမှန်တကယ် သေဒဏ်စီရင်မယ့် အကြောင်း စစ်ကောင်စီက ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးနဲ့ ကုလသမဂ္ဂ တရားမဲ့ စီရင် ကွပ်မျက်ခံရမှုများ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ Morris Tidball-Binz တို့နှစ်ဦး ပူးပေါင်းပြီး ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အခုလို ထင်ရှားတဲ့ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် နှစ်ဦးကို သေဒဏ် စီရင်ဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် စစ်ကောင်စီအပေါ် နိုင်ငံတကာက ဖိအားတိုးလာတာ မရှိဘူးဆိုရင် နောက်ထပ် သေဒဏ် စီရင်မှုတွေ ထပ်တိုးလာလိမ့်မယ်လို့ ကုလ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အစကတည်းက တရားဝင် ဖြစ်မှုမရှိတဲ့ စစ်ကောင်စီဟာ သူတို့ လူ့အခွင့်အရေး တန်ဖိုး တွေကို လေးစားလိုက်နာမှု မရှိတာကို၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ကြိုးပေး ကွပ်မျက်ဖို့ ပြင်ဆင်ပြီး၊ ပြသလိုက်ပြန်ပါပြီ။ အခုလို သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေး တွေကို ချိုးဖောက်နေတာကို ပြင်းပြင်းထန်ထန် အပြစ်ပေးအရေးယူတာ မရှိဘူးဆိုရင်၊ နောက်ထပ်ပြီး သေဒဏ်အပြစ်ပေးမှုတွေလည်း တိုးလာပါလိမ့်မယ်။ နိုင်ငံတကာ အနေနဲ့၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ ဒီလို လုပ်ရပ်တွေကို လျစ်လျူရှုထားမှာ မဟုတ်ကြောင်း လက်တွေ့ပြသပြီး၊ မြန်မာစစ်တပ်က လိုချင်နေတဲ့ ငွေကြေး၊ လက်နက်နဲ့ တရားဝင် ဖြစ်မှုတွေကို ပစ်မှတ်ထားပြီး အရေးယူသွားဖို့ လိုပါတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကနေ သေဒဏ်အပြစ်ပေးခံထားရတဲ့ အတိုက်အခံ ခေါင်းဆောင် နှစ်ဦးထဲက တစ်ဦးဟာ NLD အစိုးရရဲ့ လွှတ်တော်အမတ်ဟောင်း တစ်ဦးဖြစ်ပြီး၊ နောက်တစ်ဦးက အာဏာရှင် စစ်အစိုးရကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်ပါတယ်။ ဒီ ပုဂ္ဂိုလ်နှစ်ဦးကို အခုနှစ် ဇန်နဝါရီလကတည်းက စစ်ကောင်စီ ခုံရုံးကနေ အကြမ်းဖက်မှုနဲ့ နိုင်ငံတော် သစ္စာဖောက်မှု ပြစ်ဒဏ်တွေအတွက် သေဒဏ် ချမှတ်ခဲ့ပါတယ်။

သူတို့ကို အမှန်တကယ်သာ သေဒဏ် စီရင်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် နောက်ပိုင်း ပထမဆုံး သေဒဏ်စီရင်မှု ဖြစ်လာပါလိမ့်မယ်လို့ ကုလ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

အခုလို တက်ကြွလှုပ်ရှားသူတွေကို သေဒဏ်အမှန်တကယ် စီရင်ဖို့ ဆုံးဖြတ်ကြောင်း ကြေညာလိုက်တာကို ကြည့်ရင် စစ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေး ဆီကို ပြန်သွားဖို့ ကြိုးစားတာကို ဆန့်ကျင်တဲ့သူ ဘယ်သူ့ကိုမဆို နိုင်ငံတော် အခွင့်အာဏာကို သုံးပြီး မရရတဲ့ နည်းနဲ့ နှိမ်နှင်းတော့မယ်ဆိုတာကို ပြသနေတယ်လို့ ပြောထားပါတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာ တရားမျှတတဲ့ စီရင် စစ်ဆေးမှုတွေဆိုတာ လုံးဝမရှိတော့ဘဲ စစ်ခေါင်းဆောင်တွေက တရားမျှတမှု ချိန်ခွင်လျှာကို လိုသလို အတိုးအလျှော့ လုပ်နေတဲ့အတွက် သေဒဏ်ချမှတ်မိန့်ကို အမှန်တကယ် စီရင်ဖို့ ဆုံးဖြတ်လိုက်တာဟာ အလွန် ဆိုးဝါးတဲ့ ဖြစ်ရပ်ပါပဲလို့ ကုလကျွမ်းကျင်သူတွေက ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ သေဒဏ်အပြစ်ပေးတာကို မဖျက်သိမ်းရသေးဘူး ဆိုပေမယ့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ စုဝေးခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်လို အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေကို ကျင့်သုံးတဲ့အတွက် သေဒဏ် အပြစ်ပေးစရာ အကြောင်း လုံးဝမရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်ဟာ အရပ်သား ပြည်သူပေါင်းများစွာကို သတ်ဖြတ်ခြင်း၊ ဆန္ဒပြ လှုပ်ရှားသူတွေကို အကြမ်းဖက် ဖြိုခွင်းခြင်း၊ အရပ်သား ပြည်သူတွေရှိတဲ့ လူနေရပ်ကွက် တွေကို လေကြောင်းကနေ တိုက်ခိုက်ခြင်း၊ ဖမ်းဆီး ထိန်းသိမ်းထားသူတွေကို အသက် သေတဲ့အထိ နှိပ်စက်ညှင်းပန်းခြင်း စတဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြောင်း၊ အခုအချိန်မှာ ထင်ရှားတဲ့ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်နှစ်ဦးကို သေဒဏ်စီရင်ဖို့ ကြေညာချက်ကြောင့် မြန်မာနိုင်ငံအနှံ့မှာ အခြား အရပ်သားပြည်သူတွေကို နေ့တိုင်းနီးပါး နှိပ်စက်သတ်ဖြတ်နေတာတွေကို ကမ္ဘာကြီးက မေ့မသွားဖို့ လိုတယ်လို့လည်း ကုလ ကျွမ်းကျင်သူနှစ်ဦးက သတိပေးထားပါတယ်။

ကြေညာချက်ထဲမှာ အာဏာသိမ်း စစ်ကောင်စီကို တရားဝင် အစိုးရအဖြစ် အသိအမှတ် မပြုကြောင်း ကုလ ကျွမ်းကျင်သူတွေက ထပ်လောင်း ပြောကြားပြီး၊ စစ်ခေါင်းဆောင်တွေ အနေနဲ့ သေဒဏ်ချမှတ်နေတာကို ချက်ချင်း ထာဝရ ရပ်တန့်ပြီး၊ သေဒဏ်အပြစ် ပေးပြီးသား သူတွေကိုလည်း ပြန်လည် ဖျက်သိမ်းဖို့ စစ်ခေါင်းဆောင်တွေကို တိုက်တွန်း ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။