လူငယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ဖမ်းပြီး စစ်မှုထမ်းဖို့ စုဆောင်းတဲ့ဖြစ်ရပ် ပိုများလာ

RFA Burmese
2025.01.27
လူငယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ဖမ်းပြီး စစ်မှုထမ်းဖို့ စုဆောင်းတဲ့ဖြစ်ရပ် ပိုများလာ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က စစ်၀တ်ပစ္စည်းများ ထုတ်ပေးနေသည်ကို တွေ့ရစဉ်။
Telegram/ ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ

စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းသင်တန်းအတွက် လူငယ်တွေကို အစုအလိုက်အပြုံလိုက် ဖမ်းဆီးတာတွေ ခပ်စိပ်စိပ် လုပ်လာတယ်လို့ ဒေသခံတွေနဲ့ မျက်မြင်တွေက ပြောကြပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ ဧည့်စာရင်းအကြောင်းပြပြီးဖမ်းတာတွေ၊ စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေစစ်၊ လိုင်စင်တွေစစ်ပြီး အကြောင်းအမျိုးမျိုးနဲ့ ဖမ်းပြီး စစ်သင်တန်းပို့တာတွေ ပိုများလာတာလို့ ဆိုပါတယ်။

“ပိုက်ဆံနဲ့ လာရွေးခိုင်းတာတွေရှိတယ်၊ သာမန်လက်လုပ်လက်စားတွေကျတော့ ပိုက်ဆံနဲ့ လာရွေးလို့ အဆင်မပြေဘူး။ အဲကျရင်တော့ မတရား စစ်မှုထမ်းဥပဒေထဲ ပါသွားကြတယ်ပေါ့"

မန္တလေးတိုင်းက မြို့နယ်တွေမှာ ဇန်နဝါရီလ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ လေးရက်အတွင်းမှာ လူငယ် သုံးဆယ်ဝန်းကျင်နီးပါးကို စစ်ကောင်စီတပ်က ဖမ်းထားတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ ဒါကြောင့် မန္တလေးမြို့မှာ စစ်မှုထမ်းသင်တန်းအတွက် အကြောင်းအမျိုးမျိုးပြပြီး အဖမ်းခံထားရတဲ့လူငယ် အနည်းဆုံး တစ်ထောင်ကျော်ရှိတယ်လို့ မန္တလေးသပိတ်အင်အားစုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ လက်လှမ်းမီသလောက်ဆိုရင် တစ်ထောင်ကျော်သွားပါပြီ။ နေ့တိုင်းပါပဲ၊ မန္တလေးထဲ မှာဆိုရင် သူတို့တွေ နေရာတိုင်းမှာ ကင်းလှည့်နေတာ။ ဥပမာ အောင်မြေသာစံမြို့တစ်ခုမှာ အောင်မြေသာစံကို ကင်းလှည့်မယ်ဆိုရင် သူတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပါတယ်ပေါ့နော်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာ ဒီရပ်ကွက်တွေမှာ လူငယ်တွေ ဘယ်လောက်ကျန်သေးလဲ၊ အဲလိုမျိုး နေ့တိုင်းမေးတာမျိုးတွေ ရှိတယ်။ အခုဆိုင်ကယ်နဲ့ သွားတယ်ဆိုရင် ဆိုင်ကယ်လိုင်စင် စစ်တယ်၊ ဆိုင်ကယ်လိုင်စင် စစ်ပြီးတော့ ဖုန်းကိုစစ်တယ်။ ဖုန်းထဲက Vpn ကိုတွေ့တာနဲ့ တစ်ခါတည်း လူကို ဖမ်းခေါ်သွားတာမျိုး ရှိတယ်ပေါ့နော်”

ရန်ကုန်တိုင်းမှာ ဒီဇင်ဘာလအတွင်း စစ်ကောင်စီက လူခြောက်ရာနီးပါး (၅၉၆ ဦး) ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၁၄၆ ဦးကို စစ်မှုထမ်းသင်တန်းကျောင်းတွေကို ပို့လိုက်တယ်လို့ အရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Rangoon Scout Network (RSN) က ဇန်နဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားတချို့အား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)
ရန်ကုန်မြို့အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားတချို့အား ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း စစ်ကောင်စီတပ်ဟာ လမ်းသွားလမ်းလာတွေကို စစ်ဆေးဖမ်းဆီးတဲ့အပြင် အိမ်တွေ၊ စားသောက်ဆိုင်တွေကိုပါ ဝင်ပြီး လူငယ်နဲ့ လူလတ်ပိုင်းတွေကို အစုလိုက် ဖမ်းဆီးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဖမ်းတာဆီးတာက အရင်ကထက်ကို ကြမ်းတယ်။ နေရာတကာမှာ ဖမ်းဆီးခံရတာတွေ ကြားနေရတယ်ပေါ့နော်။ မြို့ပြင်သွားတော့ မြို့ပြင်ဂိတ်မှာ ဖမ်းထားလိုက်တာတွေ၊ အဲလိုမျိုးတွေပေါ့။ အရက်ဆိုင်တွေ ဝင်ဖမ်းတယ်၊ အရက်သမားတွေကအစလေ။ နောက်လမ်းသွားနေတဲ့ စစ်မှုထမ်းဖို့ အရွယ်ရောက်တဲ့ လူငယ်တွေပေါ့နော်၊ အဲဒါတွေအဓိက၊ လမ်းသွားနေတဲ့ ဆိုင်ကယ်ကိုတောင် ရပ်ခိုင်းပြီးတော့ ဖမ်းသွားတာတွေရှိတယ်။ ငွေထုပ်ပိုက်လိုက်ပြီး ပြန်ရွေးဖို့တောင် အရွေးမခံတာမျိုးတွေရှိတယ်။ ပြီးတော့ ချက်ချင်း ဘယ်ခေါ်သွားမှန်း မသိဘူး၊ ချက်ချင်းပို့လိုက်တာတွေ ရှိတယ်”


ဆက်နွှယ်သောသတင်းများ

စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေ ပြည်ပထွက်ခွင့်ပိတ်ပင်တဲ့ နည်းဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း

စစ်မှုထမ်းအရေအတွက်တိုးခေါ်ဖို့ စစ်ကောင်စီကို နိုင်ငံရေးပါတီတွေ အကြံပေး

ငါးရက်အတွင်း ကန့်ဘလူဒေသခံ လေးရာနီးပါး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ


စစ်ကိုင်းတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဟာ ရွာတွေကိုဝင်တိုင်း တစ်ရွာကို အနည်းဆုံး လူငယ် နှစ်ဦးကနေ ငါးဦးအထိဖမ်းပြီး စစ်မှုထမ်းဖို့ ပို့ဆောင်လေ့ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မြို့ပေါ် တင်မဟုတ်ဘူး၊ ကျေးရွာတွေအထိတောင်လိုက်ပြီး ဆွဲတာမျိုးတွေရှိတယ်ဆိုပြီး ကျွန်တော်တို့ ကြားနေရတယ်ဗျ။ ရွာတွေထဲကို အသက်ပြည့်လောက်မဲ့ လူလတ်ပိုင်း၊ လူငယ်ပိုင်းတွေကို ဆွဲတာတွေဗျ။ ပေါ်တာဆွဲတဲ့အချိန်က လမ်းမှာတွေ့ရင် ဆွဲတာမျိုးတွေဗျ၊ တစ်ရွာကို အနည်းဆုံး နှစ်ယောက်လောက် ဆွဲတယ်၊ သူတို့ဝင်တဲ့ရွာတွေကိုလေ။ အများဆုံးကတော့ တချို့ရွာတွေမှာဆိုရင် ငါးယောက်အထိ ပါတာမျိုးတွေရှိတယ်လို့ ကြားရတယ်”

ဒီလိုဖမ်းဆီးမှုတွေကြောင့် မုံရွာမြို့နယ်မှာဆိုရင် လူငယ်တွေဟာ အလုပ်ကိုတောင် မသွားရဲကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပိုက်ဆံနဲ့ လာရွေးခိုင်းတာတွေရှိတယ်၊ သာမန်လက်လုပ်လက်စားတွေကျတော့ ပိုက်ဆံနဲ့ လာရွေးလို့ အဆင်မပြေဘူး။ အဲကျရင်တော့ မတရား စစ်မှုထမ်းဥပဒေထဲ ပါသွားကြတယ်ပေါ့။ အခုကျွန်တော်တို့ ဒီဘက် တော်တော်များများဆိုရင် အလုပ်မသွားကြတော့ဘူးပေါ့နော်။ မဖြစ်မနေ သွားကြမဲ့ဟာဆိုရင်တော့ သူတို့နဲ့ ရှောင်ကွင်းပြီး သွားကြရတယ်။ လူငယ်တွေတော်တော်များများလည်း ဒီရဲ့ အန္တရာယ်ကို စိုးရိမ်နေကြရတယ်”

မုံရွာမြို့ စစ်ဆေးရေးဂိတ်တစ်နေရာတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
မုံရွာမြို့ စစ်ဆေးရေးဂိတ်တစ်နေရာတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေတာဟာ စစ်ကောင်စီအတည်ပြုထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ မညီသလို ဒီဥပဒေကို ဖျက်သိမ်းသင့်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင်တစ်ဦးက ပြောပါတယ်။

“ပေါ်တာဆွဲသလိုမျိုး၊ ရပ်ကွက်တွေထဲမှာ ဧည့်စာရင်းစစ်သလိုမျိုး အတင်းအဓမ္မ လုပ်နေတာသည် ဥပဒေနဲ့ အညီမဟုတ်ဘူးလို့ ကျွန်တော်တို့ကတော့ ဥပဒေသမားအမြင်ကတော့ ဒီအတိုင်းပဲ မြင်ပါတယ်။ ပြည်တွင်းမှာ ဖြစ်နေတဲ့ နကစနဲ့ သူ့ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကြားထဲမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီးတော့မှ အတင်းအဓမ္မ စစ်မှုထမ်းဆောင်ခိုင်းတာသည် မူလဥပဒေနဲ့ ရည်ရွယ်ချက်နဲ့ လုံးဝ ဆန့်ကျင်တယ်၊ လုံးဝ ညီညွတ်မှုမရှိဘူး။ ကိုယ့်နိုင်ငံသားအချင်းချင်း၊ ကိုယ့်လူငယ်အချင်းချင်း သတ်ခိုင်း သေခိုင်းနေတာသည် လုံးဝ ဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့အတွက် ဒီစစ်မှုထမ်းဥပဒေကို တကယ်ပြောရရင် ပြန်လည်ရုပ်သိမ်းသင့်တယ်လို့ ကျွန်တော်တို့ကတော့ အကြံပေးချင်တယ်”

စစ်ကောင်စီဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာပဲ ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ် ၉ ကို နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်းတွေမှာ ဖွင့်လိုက်ပါတယ်။ ဒါကြောင့် အခုတစ်ကြိမ်မှာ အတင်းအဓမ္မဖမ်းဆီးတာတွေ ပိုများလာတယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ BACS အဖွဲ့ရဲ့ သုတေသန တာဝန်ခံ ကိုမင်းထက်အောင် က RFA ကို ပြောပါတယ်။

“တချို့ဒေသတွေမှာဆိုရင် အရေအတွက် ဘယ်လောက်ဆိုပြီး သတ်သတ်မှတ်မှတ် တောင်းလာတာပေါ့နော်။ အတင်း ဖိအားပေးကောက်ယူတာတွေ၊ ဖမ်းဆီးတာတွေရှိလာတယ်။ အခုနောက်ပိုင်း ပိုဆိုးလာတာက စစ်တပ်ရဲ့ ဖမ်းဆီးခြင်းတွေအပြင် စစ်တပ်လက်အောက်ခံ ပျူစောထီးတွေရဲ့ ဖမ်းဆီးပြီးတော့ ငွေညှစ်ပြီးတော့ ရောင်းစားခံရတဲ့ အခြေအနေမျိုးတွေပါ တွေ့လာရတယ်လို့ ပြောရမယ်ပေါ့နော်”

စစ်မှုထမ်းဥပဒေအတည်ပြုပြီးတဲ့နောက်ပိုင်း ဧည့်စာရင်းစစ်တာနဲ့ လမ်းသွားလမ်းလာလူငယ်တွေကို စစ်ပြီးဖမ်းတဲ့ဖြစ်ရပ်ပေါင်း ထောင့်တစ်ရာကျော်ရှိပြီး၊ အဲဒီဖြစ်ရပ်တွေကြောင့် ပါသွားတဲ့သူ နှစ်သောင်းကျော် (၂၂,၇၆၅ ဦး) ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးတွေနဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေလည်းပါဝင်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အခုလို လူငယ်တွေကိုပိုပြီး ဖမ်းဆီးနေတယ်ဆိုတဲ့ပြောဆိုချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေပါဘူး။ ဇန်နဝါရီလ ၁၃ ရက်နေ့က အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်းနည်းဥပဒေမှာ စစ်မှုထမ်းရမယ်လို့ အတည်ပြုထားသူတွေကို ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် ပိတ်ပင်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။