ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်ကို ကျောင်းသားတွေ ဘာ့ကြောင့်ဆန္ဒပြရတာလဲ
2015.02.20
ကျောင်းသားတွေကို ကြိုတင်အသိပေးခြင်းမရှိပဲ ငြိမ်းချမ်းစွာပညာသင်ကြားရေး ထောက်ခံပွဲ ပြုလုပ်တဲ့အတွက် ဒဂုံတက္ကသိုလ်ကျောင်းသားတွေက ပါမောက္ခချုပ်ကို ဒီနေ့ဆန္ဒပြခဲ့ကြပြီး အစိုးရ သတင်းမီဒီယာတွေကထုတ်လွင့်တဲ့ ဒဂုံတက္ကသိုလ်သတင်းနဲ့ ပတ်သက်လို့ တာဝန်ယူ ဖြေရှင်းပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုမင်းသုခကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဦးတင်အောင်ခိုင်။ ။ဒီနေ့လေ ကိုမင်းသုခတို့ ဒဂုံတက္ကသိုလ်မှာ ဆန္ဒပြတယ်လို့ ကြားတယ်လေ၊ ဘာကြောင့်ပြတာလဲခင်ဗျ၊ အဲ့ဒါလေး ကျနော်ကို ပြောပြပေးပါဦး။
ကိုမင်းသုခ။ ။ကျနော်တို့ဟာ ဒီနေ့လေ ဒဂုံတက္ကသိုလ်က ပါမောက္ခချုပ်ကြီးကို တောင်းဆိုချက် ၂ ချက်တောင်းဆိုပါတယ်၊ ပထမ ၁ ချက်က ၁၆ ရက်နေ့က ရန်ကုန်တက္ကသိုလ်မှာ တန်ပြန်သပိတ်ပုံစံမျိုး ကျောင်း သားတွေကို အပြစ်မပေးပဲနဲ့ ခန်းမထဲကိုကျောင်းသားတွေကိုခေါ်တယ်၊ ခေါ်တဲ့ပုံစံက တစ်ဌာနကို ဘယ်နှစ်ယောက်ဘယ်နှစ်ယောက် အဲ့လိုပုံစံမျိုးနဲ့ခေါ်တယ်၊ ခေါ်တဲ့အခါမှာ ကျောင်းသားတွေကို ဘာပွဲရှိတယ် ဆိုပြီးတော့ ပွဲနာမည်ကို မပြောပဲနဲ့ခန်းမထဲကိုခေါ်တယ်၊ ခန်းမထဲမှာကျတော့ ရေးထားတဲ့ခေါင်းစဉ်က ငြိမ်းချမ်းစွာပညာသင်ကြားရေးနှင့် စာမေးပွြအောင်မြင်စွာ ဖြေဆိုနိုင်ရေး ဆန္ဒဖော်ထုတ်ပွဲဆိုပြီးတော့ပါတယ်၊ ပြီးတော့ အဲ့ခန်းမထဲမှာ ပြောသွားတဲ့အသုံအနှုန်းတွေက ကျောင်းသားသပိတ်နဲ့ ပတ်သက်ပြီးတော့ ဆန့်ကျင်ကန့်ကွက် ရှုတ်ချတဲ့ပုံစံမျိုးကို ပြောသွားတယ်၊ ပြောသွားတဲ့အခါမှာ ကျောင်းသားတွေက ဒီဆန္ဒဖော်ထုတ်ပွဲမှန်း မသိပဲနဲ့ ကျောင်းသားတွေရောက်လာတယ်၊ ရောက်လာတော့ ကျောင်းသားတွေက ဆန္ဒဖော်ထုတ်ဆိုတာမြင်တော့ ကျောင်းသားတွေက ပြန်ထွက်တယ်၊ ကျောင်းသားတွေက ပြန်ထွက်တဲ့အခါမှာ ဆရာ ဆရာမတွေက အပြင်ကနေပိတ်ပြီး တော့ အပြင်ကိုပေးမထွက်ဘူး၊ ပေးမထွက်တဲ့အပြင် ဒီပွဲပြီးတော့မှ ထွက်ရမယ်ဆိုပြီးတော့ ဆန္ဒဖော်ထုတ်ပွဲကို လုပ်သွားတယ်ပေါ့နော်၊ အဲ့ဒါ ၁၆ ရက်နေ့ ပြီးတော့ ၁၇ ရက်နေ့မှာ ကျတော့ အစိုးရသတင်းစာထဲမှာကျတော့ ဘယ်လိုတင်တာလဲဆိုတော့ ဒဂုံတက္ကသိုလ်ကျောင်းသားများကနေ ပြီးတော့ ဒီကျောင်းသားသပိတ်နဲ့ပတ်သက်ပြီးတော့ ကန့်ကွက်တယ်၊ ငြိမ်းချမ်းစွာပညာသင်ကြားလိုတယ်ဆို ပြီးတော့ သတင်းစာထဲမှာထည့်တယ်၊ နောက်ပြီးတော့ မြန်မာ့အသံရေဒီယိုမှာဆိုရင် ဒီကျောင်းသားသပိတ်နဲ့ ပတ်သက်ပြီးတော့ ဒဂုံတက္ကသိုလ်ကျောင်းသားတွေ အဲ့လိုရှုတ်ချတယ်၊ အဲ့လိုအသုံးအနှုန်းပါထည့်ပြီးတော့ပြော တယ်၊ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ကျေနပ်မှုမရှိဘူး၊ ကျေနပ်မှုမရှိတဲ့အတွက် ကျနော်တို့ဟာ ဒီနေ့ သူ့ကို ကျောင်းသားတွေကို ဒီလိုမျိုးုလုပ်တဲ့အတွက် ကျောင်းသားသပိတ်နဲ့ပတ်သက်ပြီးတော့ မမှန်သတင်းဖြန့်တဲ့ အတွက် သူ့ကိုဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ပေးဖို့ ကျနော်တို့သွားပြီး သွားပြောတယ်၊ အဲ့ဒါ နံပါတ် ၁ အချက်ပါ၊ နံပါတ် ၂ အချက်က ကျနော်တို့ ၄ ပွင့်ဆိုင်မှာ သဘောတူထားတဲ့ အချက်တစ်ချက်ရှိတယ်၊ အဲ့ဒါက ကျောင်းသား သမဂ္ဂတွေကို တရားဝင် အသိအမှတ်ပြုပေးရမယ်ဆိုတဲ့ အချက် ၁ ချက်ပါတယ်၊ အဲ့ဒီ ၁ ချက်ကို ကျနော်တို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂကနေပြီးတော့ သွားပြီးတော့ပြောတယ်၊ အသိအမှတ်ပြုပေးဖို့ ပြောတဲ့အခါမှာ ပါမောက္ခချုပ်ကြီး ပြောတဲ့အကြောင်းပြချက်ကတော့ အင်မတန်ရီဖို့ကောင်းတယ်၊ ဘာလဲဆိုတော့ ဒီ ၄ ပွင့်ဆိုင်ရဲ့ သဘောတူညီချက် အချက်အလက်တွေကို သူမသိရသေးပါဘူးတဲ့၊ မသိရသေးတဲ့အတွက် ဒီဟာကို တရားဝင် ခွင့်ပြုပေးဖို့ သူအသိအမှတ်မပြုပေးနိုင်သေးဘူးလို့ အဲ့လိုပြောတယ်။
ဦးတင်အောင်ခိုင်။ ။အခုဟာ ဆန္ဒပြပွဲလုပ်တယ်၊ ဆန္ဒပြပွဲလုပ်ပြီးတော့မှ ပါမောက္ခချုပ်ကို တွေ့ ခွင့်တောင်းတာလား။
ကိုမင်းသုခ။ ။ဒီလိုပါ ကျနော်တို့က ဒီကျောင်းသားခေါင်းဆောင်တွေက ဒီအခန်းထဲမှာသွားပြီးတော့ ပါမောက္ခချုပ်ကြီးရုံးထဲမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သွားဆွေးနွေးတယ်၊ အပြင်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဆန္ဒဖော်ထုတ်မယ့် ကျောင်းသားတွေကစောင့်နေတယ်၊ စောင့်နေတဲ့အချိန်မှာ ပါမောက္ခချုပ်ကြီးက ကျနော်တို့ကို ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တာဝန်ယူမှုမရှိတဲ့အခါမှာ အပြင်ကကျောင်းသားတွေက ဆန္ဒပြကြတယ်၊ အပြင် ကကျောင်းသားတွေ ဆန္ဒပြတဲ့အခါကျမှ အပြင်ကဆိုတာ သူ့ရုံးခန်းအပြင်မှာရောက်နေတဲ့ ကျောင်းသားတွေက ဆန္ဒပြကြတယ်၊ ဆန္ဒပြတဲ့အချိန်ကျမှ သူတာဝန်ယူပေးပါ့မယ်၊ သူဒီကိစ္စကို သူမှားပါတယ်ဆိုပြီးတော့ ကျနော်တို့ကို သူဝန်ခံတယ်။
ဦးတင်အောင်ခိုင်။ ။ဘယ်လိုပုံစံမျိုးနဲ့ သူက တာဝန်ယူမယ်ပြောတာလဲခင်ဗျ။
ကိုမင်းသုခ။ ။သူ့ရုံးခန်းထဲမှာ သဘောတူညီချက်က မီဒီယာကနေတဆင့် သူမှားပါတယ်ဆိုပြီး သူတောင်းပန်မယ်၊ ပြည်သူတွေကို သူတောင်းပန်မယ်၊ အဲ့လိုပုံစံမျိုး တာဝန်ယူပေးဖို့ ကျနော်တို့ကပြောတဲ့အခါမှာ အစောပိုင်းက သဘောတူတယ်၊ ဒါပေမယ့် မီဒီယာတွေနဲ့ အင်တာဗျူးတဲ့အခါမှာကျတော့ အဲ့ဒီအသုံးအနှုန်းမျိုး သူမပြောသွားဘူး၊ ပြောမယ်ဆိုရင် အီးယောင်ဝါးပုံစံမျိုးနဲ့ သူပြောသွားတယ်။
ဦးတင်အောင်ခိုင်။ ။မီဒီယာတွေနဲ့လည်း သူတွေ့တယ်ပေါ့ အဲ့အချိန်မှာ။
ကိုမင်းသုခ။ ။ဟုတ်ကဲ့ ကျနော်တို့က ပြည်သူလူထုကို မီဒီယာကနေတဆင့် တောင်းပန်ပေးပါလို့ ပြောတဲ့ အခါမှာ အပြင်မှာမီဒီယာတွေလည်း စောင့်နေတယ်၊ မီဒီယာတွေဝင်လာတဲ့အခါကျတော့ သူအဲ့လိုပုံစံမျိုး မပြောတော့ဘူး။
ဦးတင်အောင်ခိုင်။ ။အဲ့ဒီတော့ ကျောင်းသားတွေအနေနဲ့ ဘာဆက်လုပ်မလဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့။
ကိုမင်းသုခ။ ။ကျနော်တို့က ဒီနေ့ကျောင်းသားတွေ ဆန္ဒပြတဲ့နေရာမှာ အဆိုတွေတင်ထားထယ်၊ အဲ့ဒီ အဆိုထဲမှာ ပါမောက္ခချုပ် ဒေါက်တာလှဌေး နှုတ်ထွက်ပေးဆိုတာပါတယ်၊ ကျနော်တို့က သူ့ကို ဒီဒဂုံတက္ကသိုလ်က ပါမောက္ခချုပ် ဒေါတာလှဌေးဟာ ဒီကိစ္စတစ်ခုတည်းမဟုတ်တော့ဘူး၊ ဟိုးရှေးမှာကိစ္စများစွာ ကျောင်းသားအကျိုး စီးပွားနဲ့ ပတ်သက်လာပြီဆိုရင် သူကသူ့အကျိုးစီးပွားကိုပဲ ဦးစားပေးတယ်၊ ကျောင်းသားအကျိုးစီးပွားကို ဘယ်တော့ မှသူဦးစားမပေးတဲ့ ကိစ္စတွေအများကြီးရှိခဲ့တယ်၊ ရှိခဲ့တဲ့အတွက် ကျနော်တို့ဟာ ဒီပါမောက္ခချုပ်ကြီးကို နှုတ်ထွက်ပေး ဖို့ ကျနော်တို့တောင်းဆိုတယ်၊ တောင်းဆိုပြီးတဲ့အခါမှာ သူ့အနေနဲ့ သူ့ဘာသာသူ မနှုတ်ထွက်ပေးဘူးဆိုရင် ကျနော်တို့ ကျောင်းသား ကျောင်းသူတွေကနေပြီးတော့ သူ့ကို နိုင်ငံတော်အဆင့် အစိုးရမှာ ကျနော်တို့တိုင်ကြားပြီး သူ့ကိုထုတ်ပယ်ဖို့ ကျနော်တို့တောင်းဆိုမယ်။
ဦးတင်အောင်ခိုင်။ ။ဒါဆက်ပြီးလုပ်ဖို့ သဘောပေါ့။
ကိုမင်းသုခ။ ။ဟုတ်ကဲ့။
ဦးတင်အောင်ခိုင်။ ။ကျေးဇူးပဲခင်ဗျ၊ ကျေးဇူးပဲ အခုလိုရှင်းပြတာ ကျေးဇူးအများကြီးတင်တယ်ခင်ဗျ။
ကိုမင်းသုခ။ ။ဟုတ်ကဲ့။