ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီကနေ ဖမ်းဆီးထိန်းသိမ်းပြီး၊ ထောင်ဒဏ် နှစ် ၁ဝဝ ကျော်ထိ ချမှတ်ခံရနိုင်တဲ့ စွဲချက်တွေတပ်၊ ရုံးတင်စစ်ဆေးနေတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုရှေ့နေတွေက ကုလသမဂ္ဂကို တိုင်ကြားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတာဟာ နိုင်ငံတကာ ဥပဒေတွေအရ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းမှု (arbitrary detention) ဖြစ်ရုံမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေး အခြေအနေ အားလုံးအတွက် ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ ကုလသမဂ္ဂရဲ့ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ဆီ မိသားစုဝင်တွေ ကိုယ်စား တိုင်ကြားထားတဲ့ ပြင်သစ်နိုင်ငံ ပါရီအခြေစိုက် လူ့အခွင့်အရေး ရှေ့နေ (ဖရန်ဆွာ ဇင်မရေး) Francois Zimeray က ပြောပါတယ်။
လူ့အခွင့်အရေး ရှေ့နေ ဖရန်ဆွာ ဇင်မရေးကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
RFA - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းပြီး တရားစီရင်နေတာဟာ၊ ‘တရားခွင်အဖြစ် ဟန်ဆောင်ထားတဲ့ ပြန်ပေးဆွဲမှု’ လို့ လူကြီးမင်းတို့ ရှေ့နေအဖွဲ့က ပြောထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို ဥပဒေကြောင်းအရ ဘယ်လို တရားမဝင်သလဲ ဆိုတာ ပြည့်ပြည့်စုံစုံ ရှင်းပြပေးနိုင်ပါမလား။
François Zimeray - ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်း ထားတာဟာ လူ့အခွင့်အရေး စံနှုန်းတွေကို လက်တွေ့ လိုက်နာကျင့်သုံးဖို့ ကတိပြုထားတဲ့ နိုင်ငံတကာ ဥပဒေနဲ့ သဘောတူ စာချုပ်တွေ အားလုံးကို ချိုးဖောက်ရာရောက်ပါတယ်။
UDHR လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်တွေကို ချိုးဖောက်ရာ လည်း ရောက်ပါတယ်။ ၂၁ရာစုမှာ လူသားတွေအားလုံး လိုက်နာကျင့်သုံး ရမယ်လို့ နိုင်ငံတကာက လက်ခံထားတဲ့ ကျင့်ဝတ် စည်းမျဉ်း အားလုံးကိုလည်း စစ်ကောင်စီက ချိုးဖောက်ပါတယ်။
နောက်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို ဘယ်လိုပုံစံနဲ့ ပြုမူဆက်ဆံရမလဲဆိုတာ သတ်မှတ်ထားတဲ့ မန်ဒဲလား စည်းမျဉ်းများဆိုတာ ရှိပါတယ်။ စစ်ကောင်စီဟာ ကုလသမဂ္ဂ ကိုယ်တိုင်က လက်ခံအတည်ပြုထားတဲ့ ဒီ မန်ဒဲလား စည်းမျဉ်းတွေကိုလည်း လုံးဝလျစ်လျူရှုခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ စွဲချက်တွေကလည် လုံးဝ ကျိုးကြောင်း ဆီလျော်မှု မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီးနောက်ပိုင်း ပြင်ပကမ္ဘာနဲ့ လုံးဝ အဆက်အသွယ်ဖြတ်ထားပါတယ်။ သူ့ရဲ့ ရှေ့နေနဲ့လည်း အနည်းအကျဉ်းပဲ တွေ့ဆုံခွင့်ပြုတဲ့အတွက် ရှေ့နေက ထိထိရောက်ရောက် အလုပ်မလုပ်နိုင်ပါဘူး။ ဘယ်လိုမှ တရားမျှတတဲ့ တရားစီရင်မှု မဖြစ်ပါဘူး။

RFA - စစ်ကောင်စီက ဒီအမှုတွေကို မြန်မာနိုင်ငံရဲ့ ဥပဒေအရ စီရင် စစ်ဆေးတာလို့ ပြောထားပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင်၊ နိုင်ငံတကာ ဥပဒေနဲ့ မြန်မာနိုင်ငံ ဥပဒေနှစ်ခု ယှဉ်လာရင် နိုင်ငံတကာ ဥပဒေကို အတည်ယူရမယ်လို့ သတ်မှတ်ထားတာမျိုး ရှိပါသလား။
François Zimeray - ဒီအမှုက ဘယ်ဥပဒေနဲ့ ဆုံးဖြတ်မလဲဆိုတဲ့ ကိစ္စမဟုတ်ပါဘူး။ ဘယ်လို ဥပဒေအရပဲ ဆုံးဖြတ်သည်ဖြစ်စေ၊ ဒီအမှုဟာ အမှန်တကယ် ဥပဒေချိုးဖောက်မှု မရှိဘဲ လုပ်ကြံထားတာ ဖြစ်ပါတယ်။ အာဏာသိမ်းထားတဲ့ လူတစ်စုက အသက် ၇၀ကျော် အမျိုးသမီးကြီးကို ထောင်ထဲထည့်ထားဖို့နဲ့ ကျန်တဲ့ သူ့ဘဝ တစ်လျှောက်လုံး ထောင်ထဲက မထွက်ရတော့အောင် လုပ်ဖို့ အမှုဆင်ပြီး၊ လုပ်ကြံဖန်တီးထားတဲ့ အမှုဖြစ်ပါတယ်။ ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှ ဝေါကီတော်ကီ စကားပြောစက် တစ်လုံးကြောင့် ထောင်ဒဏ်ချမှတ်ခံရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။
RFA - အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်တွေ ကိုယ်စား ပေါ့နော်၊ လူကြီးမင်းတို့ ရှေ့နေအဖွဲ့က တရားလက်လွတ် ဖမ်းဆီးမှုများဆိုင်ရာ ကုလသမဂ္ဂရဲ့ လုပ်ငန်းအဖွဲ့ UN Arbitrary detention working group ကို တိုင်ကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။ ဒီအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကရော ဘယ်လို ရှိပါသလဲ။
François Zimeray - ဒီအဖွဲ့အစည်းဟာ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ နိုင်ငံရေး မစွက်ဖက်တဲ့ တရားဥပဒေဆိုင်ရာ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က လူသိများတဲ့ ဥပဒေပညာရှင်တွေ ပါဝင်ဖွဲ့စည်းထားပါတယ်။
ဒီအဖွဲ့ရဲ့ တာဝန်က ကမ္ဘာအရပ်ရပ်က ဖမ်းဆီးထိန်းသိမ်းမှုတွေဟာ၊ ဥပဒေမဲ့ တရားလက်လွတ် ထိန်းသိမ်းမှု ဟုတ်မဟုတ်နဲ့ တရားမျှတတဲ့ စီရင် စစ်ဆေးမှု ဟုတ်မဟုတ် ဆုံးဖြတ်ပေးဖို့ ဖြစ်ပါတယ်။ အခုဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုမှာ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခံထားရတာ ဖြစ်တဲ့အကြောင်း တရားဝင် ဆုံးဖြတ်ချက်ချပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

RFA - ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ခုနှစ်နဲ့ ၂၀၀၁ ခုနှစ်တွေမှာလည်း အရင် စစ်အစိုးရကနေ ထိန်းသိမ်းပြီး နေအိမ် အကျယ်ချုပ် ချထားတာ ခံခဲ့ရဖူး ပါတယ်။ အဲဒီ တုန်းကလည်း ဒီ နှစ်ကြိမ်စလုံးဟာ တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းခံထားရတာလို့ ဒီ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့ ကနေ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကြောင့် သူ့ကို နေအိမ်အကျယ်ချုပ် ချထားခံရတဲ့ အခြေအနေ ကနေ ပြောင်းလဲမှုရှိတာ မတွေ့ခဲ့ရပါဘူး ။ အခုတစ်ကြိမ်မှာကော ဘယ်လို အပြောင်းအလဲမျိုး ဖြစ်လာဖို့ မျှော်လင့်ထားပါသလဲ။
François Zimeray - ဒီနေ့ ကမ္ဘာကြီးရဲ့ အခြေအနေက အဲဒီတုန်းကထက် အများကြီး ပြောင်းလဲသွားပါပြီ။ လူတိုင်းလိုလို အင်တာနက် သုံးနိုင်နေတဲ့ အခြေအနေမှာ တကမ္ဘာလုံးက မတရားမှုလို့ သတ်မှတ်ထားတာကို လျစ်လျူရှုဖို့ မလွယ်တော့ပါဘူး။
ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့ကနေ တရားလက်လွတ်ဖမ်းဆီး ထိန်းသိမ်းမှုလို့ ဆုံးဖြတ် လိုက်တာကိုလည်း လျစ်လျူရှုဖို့ မလွယ်တော့ပါဘူး။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူတွေနဲ့ ကမ္ဘာကြီးက ဘယ်တော့မှ မေ့လျော့သွားမှာ မဟုတ်တဲ့အကြောင်းနဲ့ ဖမ််းဆီးထိန်းသိမ်းခံထားရစဉ်မှာ တစ်ခုခု ဖြစ်သွားခဲ့ရင် စစ်ခေါင်းဆောင်တွေကို ခွင့်လွှတ်မှာ မဟုတ်တဲ့အကြောင်း သတိပေးလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။
အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေး အခြေအနေ အားလုံးအတွက် စစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိပါတယ်။ သူ တစ်ခုခုဖြစ်သွားရင် သူ့ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေဟာ သူတို့ တစ်ဘဝလုံးစာ စစ်ဆေး အရေးယူတာခံရမှာ ဖြစ်တဲ့အကြောင်း သိစေချင်ပါတယ်။