ဖက်ဒရယ်အရေး ခေါင်းဆောင်တွေအပေါ် မူတည်နေကြောင်း KNPP ပြော

ခင်မောင်စိုး
2023.02.27

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအောင်ဆန်းမြင့်က မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဟာ ကံကြမ္မာပေါ်မှာ မူတည်နေတာ မဟုတ်တော့ဘဲ မိမိတို့ တော်လှန်ရေးခေါင်းဆောင်တွေပေါ်မှာသာ လုံးလုံးလျားလျား မူတည်နေပြီဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် လက်နက်ကိုင်တိုက်ပွဲ ကြာရှည်တာနဲ့အမျှ တော်လှန်ရေးမှာ ပါဝင်နေတဲ့ လူငယ်တွေရဲ့တက်လမ်းတွေ၊ အနာဂတ်ခေါင်းဆောင်တွေကို ဆုံးရှုံးသွားမှာဖြစ်တယ်လို့လည်း သူက ပြောကြားလိုက်ပါတယ်။ KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က လွတ်မြောက်နယ်မြေတစ်နေရာမှာ ဒီရက်ပိုင်းအတွင်း တွေ့ဆုံမေးမြန်းထားပါတယ်။

_________________

မေး။ ။ ဦးအောင်ဆန်းမြင့်တို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက အခုဘာတွေလုပ်ဆောင်နေပါသလဲ ခင်ဗျ။

ဖြေ။ ။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ KNPP က လူထုနဲ့တစ်သားတည်း ရပ်တည်ပြီးတော့မှ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် လက်နက်ကိုင်တိုက်ပွဲကို အရှိန်မြှင့်ပြီးလုပ်နေတာရှိတယ်။ ဒါ့အပြင် နိုင်ငံတကာကလည်း စစ်အာဏာရှင်ကို တရားဝင်မှုမရှိအောင် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေတာ ရှိတယ်။ ဒါကတော့ သံတမန်နည်းနဲ့။ ကျွန်တော်တို့ ပြည်နယ်ထဲမှာဆိုရင် လူဦးရေ ၃ ပုံ ၂ ပုံလောက်က စစ်ရှောင်ဘဝကို ရောက်ရှိနေကြတာ ဖြစ်တယ်။ တိုက်ပွဲတွေက နေ့စဉ်နဲ့အမျှ ရက်ဆက် ကျွန်တော်တို့ထဲမှာ ရှိတယ်။ တိုက်ပွဲမရှိရင်တောင်မှ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာ လေယာဉ်နဲ့ ဗုံးကြဲနေတာတွေ လုပ်နေတာရှိပါတယ်။ ဒီအတွက် ပြည်သူလူထုရဲ့လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးတွေကိုလည်း အဓိကပြည်နယ်ထဲမှာ ရှိတဲ့ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။ ဒါကတော့ လက်ရှိကျွန်တော်တို့ လုပ်နေတာရှိတယ်။ တခြားသော တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေနဲ့ စစ်ရေးနိုင်ငံရေးအရ ညှိနှိုင်းဆောင်ရွက်နေတာ ရှိပါတယ်။ နောက်နိုင်ငံရေးအရ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် NUCC ၊ NUGနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ စစ်ရေးအရလုပ်နေတာရှိတယ်၊ နိုင်ငံရေးအရ လုပ်နေတာရှိတယ်၊ သံတမန်ရေးအရ လုပ်နေတာရှိတယ်။ လူထုအတွက် လူသားချင်းစာနာမှုအထောက်အကူရရှိရေး ကြိုးပမ်းဆောင်ရွက်နေတာတွေ ရှိပါတယ်။

knpp-003.jpg
Photo: KNPP

မေး။ ။ အဲ့တော့ ဦးအောင်ဆန်းမြင့်တို့ KNPP နဲ့ တခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးပူးပေါင်းဆောင်ရွက်ရေးတွေကကော ဘယ်လိုများရှိလဲခင်ဗျ။

ဖြေ။ ။ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက ထဲထဲဝင်ဝင် တိုက်ပွဲကို အရှိန်မြှင့်ပြီးလုပ်ဆောင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ KIO တို့၊ KNU တို့ CNF တို့ ဒီလိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ကတော့ နိုင်ငံရေး၊ စစ်ရေးအရ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။ တခြားတိုင်းရင်းသားတွေနဲ့လည်း ကျွန်တော်တို့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် လိုအပ်တဲ့ အခြေခံမူတွေ၊ ပြည်နယ်ရဲ့ State Constitution တွေ ပေါ်ထွန်းလာရေးအတွက် ညှိနှိုင်းဆောင်ရွက်နေတာ ရှိပါတယ်။ ဒါကတော့ လက်ရှိ စစ်အာဏာရှင်ကို လက်တွေ့ကျကျတိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ပြောတာဖြစ်တယ်။ တခြားပြည်နယ်တွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ဒါတွေနဲ့လည်း အတတ်နိုင်ဆုံး ညှိနှိုင်းပြီးတော့မှ ဆောင်ရွက်နေတာ ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးရပ်တည်ချက်အရ ကွဲပြားသော်လည်း စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အားလုံးဘုံသဘောထား ရှိပြီးသားဖြစ်ပါတယ်။ ပြည်သူလူထုကလည်း ဒီလိုပဲ စစ်အာဏာရှင် ချုပ်ငြိမ်းပြီးတော့မှ အနာဂတ်တိုင်းရင်းသားတွေ ယှဉ်တွဲနေထိုင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို လိုလားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့က ကိုယ့်ရဲ့နိုင်ငံရေးရပ်တည်ချက်က တူတယ်။ ဒါပေမဲ့ အကောင်အထည် ဖော်ကြတဲ့နေရာမှာ မတူညီတဲ့အချက်တွေတော့ ရှိတာပေါ့။ ဒါတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံးညှိနှိုင်းပြီးတော့မှ သွားနေတာရှိပါတယ်။

မေး။ ။ ဦးအောင်ဆန်းမြင့်တို့ KNPP နဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကြား ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုတွေကကော ဘယ်လိုရှိလဲ။

ဖြေ။ ။ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဖေဖော်ဝါရီလ လေးငါး လောက်မှာ ၂ဝ၂ဝ ရွေးကောက်ခံ အမတ်တွေက နေပြည်တော်မှာ အထိန်းသိမ်းခံလိုက်ရတဲ့အချိန်မှာပဲ မီတင်တွေလုပ်ပြီး CRPH ကို စတင်ဖွဲ့စည်းခဲ့ကြတာဖြစ်တယ်။ CRPH ကို ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာ CRPH က ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေကို စတင်လုပ်ပါတယ်။ အဲ့ဒီအချိန်မှာ NLD အစိုးရရဲ့သက်တမ်းက မတ်လ ၃၁ နေ့မှာ ကုန်မှာဖြစ်တယ်။ ကုန်မှာဖြစ်တဲ့အတွက် အမြန်ဆုံးအစိုးရတစ်ရပ်ကို ပြန်လည်ဖွဲ့စည်းဖို့ ညှိနှိုင်းခဲ့ကြတာရှိပါတယ်။ အဲ့အချိန်မှာ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ကြားထဲမှာ နိုင်ငံရေးဘုံသဘောထား၊ နိုင်ငံရေးရပ်တည်ချက်ကို ဆွေးနွေးကြတဲ့အခါမှာ လေးချက်ကို ကျွန်တော်တို့ အဖြေထွက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး၊ နံပါတ် ၂ ကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ နံပါတ် ၃ ကတော့ စစ်အာဏာရှင်နဲ့အတူ အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး၊ ၄ - ပြည်သူ့အစိုးရပေါ်ထွန်းရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက် လေးချက်ကို သဘောတူပြီးတော့မှ NUG အစိုးရဖွဲ့စည်းရေးကို စပြီးတော့မှ ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့အတွက်က မေးခွန်းတစ်ခုရှိတာပေါ့ NUG အစိုးရကို ဖွဲ့မယ်။ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့မယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံမလဲ။ ဘယ်ဥပဒေကို အခြေခံပြီး ဖွဲ့စည်းမလဲဆိုတဲ့ မေးခွန်းရှိတဲ့အတွက် ကျွန်တော်တို့ကြားထဲမှာ အပြန်အလှန်ညှိနှိုင်းကြတဲ့အခါမှာ ကြားကာလဖွဲ့စည်းပုံဆိုင်ရာ အစီအမံကိုပဲ ရေးမလား၊ ဖွဲ့စည်းပုံတစ်ရပ်ကိုပဲ ရေးမလား ပြောကြရင်းနဲ့ နောက်ဆုံးတော့ အားလုံးသဘောတူပါတဲ့ ပဋိညာဉ် ချာတာကို ရေးကြတာဖြစ်ပါတယ်။

"နှစ်ပေါင်း ၇ဝ ကျော် အာဏာရှင်စနစ်ကို အပြီးအပိုင်ဖျက်သိမ်းဖို့လိုအပ်ပြီဆိုတာ လူထုတစ်ရပ်လုံးက သိလာကြပြီ"

ချာတာ အစိတ်အပိုင်း ၁ နဲ့ အစိတ်အပိုင်း ၂ ကို အဲ့ကတည်းက စပြီးရေးခဲ့ကြတာဖြစ်တယ်။ ၃၁ ရက်နေ့မှာ ချာတာကို ထုတ်ပြန်ခဲ့ကြတာ ဖြစ်တယ်။ ချာတာအစိတ်အပိုင်း ၁ ကတော့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအတွက်ကို ရည်မှန်းပြီးရေးကြတာဖြစ်တယ်။ ချာတာ အစိတ်အပိုင်း ၂ ကတော့ လက်ရှိတော်လှန်ရေးကာလ ကြားကာလမှာ ကျင့်သုံးမယ့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေကို ဘယ်လိုပူးပေါင်းအကောင်ထည်ဖော်ကြမလဲဆိုတာကို အဓိကထားရေးတာ ဖြစ်တယ်။ ဒါပေမဲ့ ၃၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပေမယ့်လည်း ချာတာအစိတ်အပိုင်း ၂ မှာ လိုအပ်ချက်တွေ ရှိတဲ့အတွက် ဒါကို အားလုံးက ပြန်လည်ပြင်ဆင်မယ်၊ ရီဗျူးလုပ်မယ်ဆိုပြီးမှ ထုတ်ပြန်ခဲ့တာဖြစ်တယ်။ ထုတ်ပြန်ပြီးတော့မှ ဧပြီလ ၁၆ ရက်နေ့မှာ စပြီးတော့ NUG အစိုးရကို ဖွဲ့စည်းခဲ့တယ်။ ဖွဲ့စည်းတဲ့အခါမှာ ရွေးကောက်ခံလွှတ်တော်အမတ်တွေ ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေပါတယ်။ လူမှုအဖွဲ့အစည်းတွေပါတယ်။ အလွှာအားလုံး အသိပညာရှင် အတတ်ပညာရှင်လည်း ပါတာပေါ့။ အားလုံး ပေါင်းပြီးတော့မှ NUG အစိုးရကို စဖွဲ့တယ်။ ဖွဲ့တဲ့ အချိန်မှာ ကျနော်တို့ KNPPနဲ့ အစကတည်းကပါတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ စဉ်းစားပါတယ်။ ကျွန်တော်တို့ လိုချင်တာကတော့ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ အဲ့အတွက်ကြောင့် ကျွန်တော်တို့က ပြည်ထောင်စုအဆင့်အစိုးရတစ်ရပ်ကို ဖွဲ့စည်းတဲ့အခါမှာ ပြည်ထောင်စုဆိုတဲ့ Concept အရ ပြည်နယ်ကိုယ်စားပြုမှုကို ကျွန်တော်တို့က သွားရင် ပိုပြီးခိုင်မာတယ်ဆိုတဲ့ ကျွန်တော်တို့က ဆုံးဖြတ်ချက်ရှိတယ်။ ဒါကြောင့်မို့လို့ ပြည်နယ်အတွင်းမှာ ကရင်နီပြည်နယ်အတိုင်အပင်ခံကောင်စီ ဆိုပြီးတော့ ကျွန်တော်တို့က NUG မဖွဲ့စည်းခင်လေးမှာပဲ ဧပြီလ ၉ ရက်နေ့မှာ စဖွဲ့စည်းပြီးတော့မှ ပြည်နယ်အတိုင်ပင်ခံကောင်စီဆိုတာကနေ ကိုယ်စားလှယ်လေးဦးကို ရွေးချယ်ပြီးတော့မှ ဒီနေ့အထိ ဒုဝန်ကြီးအဖြစ် ပါဝင်ဆောင်ရွက်နေတာ ရှိပါတယ်။

"လက်နက်ကိုင်တိုက်ပွဲ ကြာရှည်သွားမယ်ဆိုရင် အနာဂတ်ခေါင်းဆောင်တွေ ဆုံးရှုံးသွားမှာဖြစ်တယ်"

ဒါ့အပြင်ကို ဒီနေ့သွားမယ့် နိုင်ငံရေး process မှာ မူဝါဒအရ ဝါဒတွေ ရေးဆွဲပြီးတော့မှ မူဝါဒအရ အကောင်အထည်ဖော်ဆောင်သွားနိုင်ရေး ထိန်းကျောင်းပေးနိုင်မယ့် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍဖြစ်တဲ့ NUCC မှာလည်း လက်တွေ့ကျကျ ကိုယ်စားလှယ်တွေ စေလွှတ်ပြီးတော့မှ ရှိပါတယ်။ လောလောဆယ်ကတော့ ကျွန်တော်ကတော့ NUCC ထဲမှာ အစကတည်းက ထဲထဲဝင်ဝင်ဆောင်ရွက်နေတာ ရှိပါတယ်။ NUCC မှာကတော့ လိုအပ်တဲ့မူဝါဒတွေ ရေးဆွဲနေတာရှိတယ်။ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့ ညှိနှိုင်းနေတာရှိတယ်။ တခြားကဏ္ဍတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ CDM နောက်ပြီးတော့ လူသားချင်းစာနာမှုအထောက်အကူ အကူအညီတွေ ဒါနဲ့ပတ်သက်ပြီးတော့မှ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး JCC တွေပေါ့နော်။ ကော်မတီတွေလည်း ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။

knpp-004.jpg
Photo: KNPP

မေး။ ။ လက်ရှိတော်လှန်ရေးအခြေအနေ ဘယ်လိုသုံးသပ်လဲ ခင်ဗျ။

ဖြေ။ ။ ကျွန်တော့်အမြင်ကတော့ ဒီနေ့ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးဟာ တခြားမြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့တဲ့ လူထုလှုပ်ရှားမှုတွေနဲ့ အလွန်ကို ကွာခြားပါတယ်။ ကျွန်တော့်သက်တမ်းတစ်လျှောက် ကျွန်တော်မွေးကာစကနေ ဒီနေ့အချိန်အထိဆို ၇၄၊ ၇၅ ဦးသန့် အရေးအခင်း၊ ၁၉၈၈၊ အရေးအခင်း၂၀၀၇ သံဃာ့အရေးအခင်း ၂၀၂၁ အရေးအခင်းတွေကို ကြည့်လိုက်မယ်ဆိုရင် အရင်အရေးအခင်းတွေတုန်းက လပိုင်းလောက်ပဲ လူထုတစ်ရပ်လုံးက ပါလာကြတယ်။ လှုပ်ရှားကြတယ်။ လပိုင်းလောက်ပဲ စစ်အာဏာရှင်က ကျွန်တော်တို့ကို ချိုးနှိမ်လိုက်တဲ့ သဘော အနေအထားမျိုးရှိတယ်။ ဒါပေမယ့် ၂၀၂၁ နွေဦးတော်လှန်ရေးပြောမလား၊ လူထုတော်လှန်ရေးပြောမလား။ ဒီနေ့ပေါ်ပေါက်လာတဲ့ ၂၀၂၁ ဖေဖော်ဝါရီလမှာ စစ်တပ်က အကြမ်းဖက်ပြီးတော့မှ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နွေဦးတော်လှန်ရေးပြောမလား၊ လူထုတော်လှန်ရေးပြောမလား ဒီလှုပ်ရှားမှုကနေတော့ တခြားလူထုလှုပ်ရှားမှုတွေနဲ့ အရမ်းကြီးကို ကွာခြားတာ တွေ့ရတယ်။ ဒါက ကျွန်တော်တို့က လူထုတစ်ရပ်လုံးကော လက်နက်ကိုင်တော်လှန်ရေးပါ ပေါ်ပေါက်လာတဲ့အထိ အရှိန်အဟုန် မြင့်မြင့်မားမားနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို လူထုက ပူးပေါင်းပါဝင်လာကြတာဖြစ်တယ်။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့က လူထုတော်လှန်ရေးလို့ သုံးစွဲတာဖြစ်ပါတယ်။ ဒီတော်လှန်ရေးက ပြည်သူလူထုတစ်ရပ်လုံးနဲ့ တိုင်းရင်းသားတွေ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေက အားလုံးက မြန်မာပြည်ရဲ့နိုင်ငံရေးအပြောင်းအလဲကို မြင်ချင်ကြပြီဖြစ်တယ်။ နှစ်ပေါင်း ၇၀ ကျော် အာဏာရှင် တစ်ပါတီစနစ်နဲ့ သွားနေတဲ့စနစ်ကို ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာ လူထုတစ်ရပ်လုံးက သိလာကြပြီ။ ဒါကြောင့်မို့လို့ အမျိုးသားတန်းတူရေး တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်စနစ်ကို ပြောင်းဖို့ဆိုတာ ဆန္ဒထုတ်ဖော်တာပဲ ဖြစ်တယ်။ နှစ်ပေါင်း ၇ဝ ကျော်ဖြစ်လာခဲ့တဲ့ ပြည်တွင်းစစ်လိုမျိုး တော်လှန်ရေးကို ရေရှည်မသွားချင်ဘူး။ မြန်မြန်လေး စစ်အာဏာရှင် ချုပ်ငြိမ်းရေးကို သွားချင်တယ်။ ဒီလိုသွားဖို့အတွက်လည်း ကျွန်တော်တို့မှာ လုပ်ဆောင်ရမယ့်အချက်တွေ အများကြီးလိုအပ်ပါတယ်။

"ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် သဘောတူညီမှုတွေကို အခုကတည်းက အချင်းချင်းကြားထဲမှာ ရှင်းရှင်းလင်းလင်းဖြစ်အောင် နားလည်မှုရရှိထားဖို့လိုတယ်။"

ကျွန်တော်တို့ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ကလည်း အားလုံးညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် လက်နက်ကိုင်တိုက်ပွဲကို အရှိန်အဟုန်မြှင့်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုရင် ဒီနေ့လူငယ်လူရွယ်တွေက သူတို့ဘဝကို ပေးဆပ်ပြီးတော့မှ လက်နက်ကိုင်တိုက်ပွဲမှာ အရှိန်အဟုန်မြင့်မြင့်နဲ့ ဝင်လာကြပြီဖြစ်တယ်။ ဆိုတော့ ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့တွေက နှစ်ပေါင်း ၇ဝ ကျော် ရှိတယ်။ လူငယ်တွေက အဆုံးစွန်ထိ လက်နက်ကိုင်တိုက်ပွဲကို ဝင်လာကြတဲ့အချိန်မှာ ဘာဖြစ်လို့ ကျွန်တော်တို့ ဒီအနေအထားကို မဦးဆောင်နိုင်တာလဲဆိုတဲ့ မေးခွန်းက ရှိလာပါတယ်။ ကျွန်တော်တို့ အားလုံးနားလည်ဖို့ လိုပါတယ်။ အထဲမှာ ၂၀၀၈ ကို အခြေခံပြီးဆွေးနွေးညှိနှိုင်းနေတဲ့ဟာတွေက ဘယ်တော့မှ ကျွန်တော်တို့ နိုင်ငံရေးရလဒ် မဟုတ်ဘူး ဆိုတာ နားလည်ဖို့လိုတယ်။ ရွေးကောက်ပွဲဟာလည်း ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအဖြေကို ပေးနိုင်တဲ့ဟာ မဟုတ်ဘူး ဆိုတာကို နားလည်ဖို့လိုတယ်။ အဲ့အတွက် ဒီနေ့တိုင်းပြည်မှာ Regime Change ကို မသွားဘဲနဲ့ Structure Change ကို သွားဖို့လိုတယ်။ အုပ်ချုပ်သူ အပြောင်းအလဲကို လိုချင်တာမဟုတ်ဘူး။ နိုင်ငံရဲ့ပုံစံအပြောင်းအလဲကို လိုချင်တာဖြစ်တယ်။ အဲ့အတွက်ကြောင့် နိုင်ငံရဲ့အပြောင်းအလဲဖြစ်အောင် အရင်ဆုံးစစ်အာဏာရှင်ကို ချုပ်ငြိမ်းဖို့လိုတယ်။ အဲ့အတွက်ကြောင့် ကျွန်တော်တို့က တော်လှန်ရေးကို တတ်နိုင်တဲ့ဘက်က လက်နက်ကိုင်တိုက်ပွဲဆိုလည်း လက်နက်ကိုင်ဝင်ဖို့ လိုတယ်။နိုင်ငံရေးပါတီတွေဆိုလည်း နိုင်ငံရေးအရ တိုက်ပွဲဝင်ဖို့လိုတယ်။ နိုင်ငံတကာကလည်း မြန်မာနိုင်ငံရဲ့အခြေအနေကို သိရှိအောင် အားလုံးဖော်ထုတ်ဖို့ လိုတယ်။ သူတို့ရဲ့ဖိအားတွေကလည်း အများကြီးလိုအပ်တယ်။

"ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဟာ တော်လှန်ရေးခေါင်းဆောင်တွေပေါ်မှာ မူတည်နေတယ်"

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လိုအပ်သလို နိုင်ငံရေးပါတီတွေမှာ legitimacy ဆိုတဲ့ တရားဝင်မှုနဲ့ mandate ကို တည်ငြိမ်တဲ့ အချိန်ကာလမှာလိုမျိုး မစဉ်းစားဘဲနဲ့ ကြားကာလတော်လှန်ရေးကာလမှာ အားလုံးက တညီတညွတ်တည်းနဲ့ ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတဲ့ concept နဲ့ သွားဖို့လိုအပ်တယ်လို့ အကြံပြုချင်ပါတယ်။ ဒါမှသာ ကျွန်တော်တို့က မြန်မြန်နဲ့တော်လှန်ရေးကြီးကို ပြီးနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီနေ့တော်လှန်ရေးမှာပါလာတဲ့ လူငယ်လူရွယ်တွေက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းသားတွေဖြစ်တယ်။ နောက်ပြီး သူတို့မှာ ဘဝတက်လမ်းတွေရှိတယ်။ ကျွန်တော်တို့လိုမျိုး နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင် တိုက်ပွဲမှာ ကြာရှည်သွားမယ်ဆိုရင် တိုင်းပြည်ရဲ့အနာဂတ်ခေါင်းဆောင်တွေ ဆုံးရှုံးသွားရမှာဖြစ်တယ်။ တိုင်းပြည်ထူထောင်ရေးမှာ အများကြီးနှောင့်နှေးသွားမယ်။ အင်အားတွေ ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့်မို့လို့ ဒါတွေကို ကျွန်တော်တို့တော်လှန်ရေးကို ဦးဆောင်နေတဲ့ခေါင်းဆောင်တွေ အသီးသီးက စဉ်းစားဖို့လိုအပ်ပါတယ်လို့ ပြောချင်တာပါ။

မေး။ ။ ဟုတ်ကဲ့ ဦးအောင်ဆန်းမြင့် အနာဂတ်မြန်မာနိုင်ငံကို ဘယ်လို မျှော်မှန်းလဲဗျ။

ဖြေ။ ။ အနာဂတ်မြန်မာနိုင်ငံတော်ကို လိုချင်တာကတော့ ကျွန်တော်တို့အားလုံး ရှင်းပါတယ်။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲ နိုင်တာကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးပဲ။ ဒါပေမယ့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးကို သွားဖို့နေရာမှာ ကျွန်တော်တို့အနေနဲ့ ပြင်ဆင်မှုတွေ အများကြီးလိုတယ်။ ကျွန်တော်တို့အချင်းချင်းကြားထဲမှာ ဖက်ဒရယ်တည်ဆောက်ရေးအတွက် ပြင်ဆင်မှုတွေကို လိုအပ်တယ်။ သဘောတူညီမှုတွေကို အခုကတည်းက ကျွန်တော်တို့ကြားထဲမှာ ရှင်းရှင်းလင်းလင်းဖြစ်အောင် ချထားဖို့လိုတယ်။ အရေးကြီးဆုံးကတော့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးဆိုတာ နားလည်တယ်။ အဲ့အတွက်ကြောင့် ဒီနေ့မှာ ဒီနေ့ အခင်းအကျင်းနဲ့ သွားနေမယ်ဆိုရင် ကျွန်တော်တို့အနာဂတ် မြန်မာနိုင်ငံအတွက် ကျွန်တော်ကတော့ စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုရင် စစ်အာဏာရှင် ချုပ်ငြိမ်းပြီးရင်တောင်မှ ကျွန်တော်တို့ကြားထဲမှာ ညီညွတ်မှုကို ဒီထက်ပိုအားကောင်းအောင် မတည်ဆောက်နိုင်ဘူးဆိုရင် လက်နက်ကိုင်ပဋိပက္ခက သက်ဆိုးရှည်သွားနိုင်တဲ့ ပုံစံတစ်မျိုးနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားတွေ ရှိတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ကြားထဲမှာ ခုနကပြောခဲ့သလိုပဲ ညီညွတ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်မယ် ယုံကြည်မှုတွေကို တည်ဆောက်သွားမယ် ဆိုလို့ရှိရင်ကတော့ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ scenario ကတော့ ဒီနှစ်ချက်ရှိတယ်။ ဒီနှစ်ချက်ကို သိနေကြတယ်။ သိနေကြတဲ့ အခါမှ အဖြေကို ကောင်းကောင်းဘယ်လို ယူမလဲဆိုတာက ကျွန်တော်တို့ ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေအပေါ်မှာ အများကြီး မူတည်နေတာပေါ့။ အဲဒီလိုပဲ ကျွန်တော်ကတော့ သုံးသပ်ချင်ပါတယ်။ အတိအကျကြီးကတော့ ဘယ်လို ဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ပေါ်မှာပဲ မူတည်နေတယ်။ ကံကြမ္မာပေါ်မှာ မူမတည်တော့ဘူး။ ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။