၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးနဲ့ မေးမြန်းချက်


2015.02.05

ကချင်ပြည်နယ် ဖားကန့်မြို့ ကံဆီးကျေးရွာမှာ အစိုးရတပ်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေကြသူ ၃ဝဝဝ လောက်ကို လှူဒါန်းဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ မြစ်ကြီးနားမြို့ကနေ ဖားကန့်မြို့ကို ထွက်ခွာသွားကြပါတယ်။

ကိုမြအေးကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုမြအေးနဲ့ မေးမြန်းချက်အပြည့်အစုံ

ကိုကျော်သူ။         ။ ကိုမြအေးခင်ဗျာ၊ ကချင်ပြည်နယ်က ဖားကန့်ဒေသဖက်ကို ကိုမြအေးတို့ဒုက္ခသည်တွေကိုသွားရောက်လှူဒါန်းမယ်လို့သိရလို့ပါ၊ ဘယ်လိုများ စီစဉ်ထားလဲသိပါရစေခင်ဗျာ။

ကိုမြအေး။         ။ ကျနော်တို့က ဖားကန့်ကန့်စီးကျေးရွာက စစ်ဘေးရှောင်ဒုက္ခသည် တွေပေါ့ဗျာ၊ ကျနော်တို့ဒီက ဆန်တွေ၊ ဆီတွေ၊ ဆားတွေ၊ ငရုတ်ပေါ့ဗျာ၊ အစရှိတာတွေကို ကျနော်တို့သွားပြီးလှူမှာဖြစ်ပါတယ်၊

ကိုကျော်သူ။         ။ အဲ့ဒေသမှာ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ပေါ့လေ၊ ဘယ်လိုအခြေအနေရှိလဲလို့ ကိုမြအေးတို့သိထားရပါလဲဗျ၊

ကိုမြအေး။         ။ ဒီလိုဗျာ ရွာသားတွေကပါဒုက္ခသည်ပုံစံမျိုးဖြစ်နေတော့ ရွာသားက တစ်ထောင်ကျော်လောက်ရှိတယ်ဗျာ၊ ဒုက္ခသည်အရေအတွက်ကလဲ တစ်ထောင်ကျော် လောက်ရှိနေတော့ သုံးထောင်နီးပါးရှိတယ်လို့ ကျနော်တို့သိထားပါတယ်၊

ကိုကျော်သူ။         ။ ရွာသားတွေကလဲ ဒုက္ခရောက်နေကြတော့ ရှေ့ဆက်ပြီးဒီလိုတွေ မဖြစ်အောင်ဘာတွေများလုပ်ဆောင်ရမှာလဲဗျ၊

ကိုမြအေး။         ။ အဓိက ကတော့ KIO နဲ့ အစိုးရတပ်တွေကြားမှာ အပစ်အခတ် တွေရပ်စဲသွားဖို့အမြန်ဆုံး စာချုပ်ချုပ်ဆိုနိုင်ဖို့လိုတာပေါ့ဗျာ၊မျှတတဲ့ အပစ်အခတ်ရပ်စဲ ရေးစာချုပ်ပေါ့နော်၊ အဲ့တော့မှ ဒေသခံပြည်သူတွေရဲ့ဒုက္ခရောက်နေတာတွေလွတ် မြောက်နိုင်မယ်လို့ထင်ပါတယ်၊ အပစ်အခတ် မရပ်စဲပဲနဲ့တော့ ခဏငြိမ်သွားမယ်ပြီးရင်ပြန် ဖြစ်မှာပဲဆိုရင်တော့ ဒုက္ခသည်ကလဲ ဆက်တိုက်ဆက်တိုက် ပေါ်နေဦးမှာပဲလေ။

ကိုကျော်သူ။         ။ ပြီးခဲ့တဲ့ဗိုလ်ရှုသဘင် အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ကနေပြီး တော့လာမယ့် ဖေဖော်ဝါရီလမှာ အပစ်အခတ်ရပ်စဲဖို့ ဆိုပြီးပြောသွား တာရှိတယ်ဗျာ၊ အဲ့တော့ဖြစ်နိုင်ပါ့မလား ကိုမြအေးအနေနဲ့ ဘယ်လိုမြင်ပါလဲဗျာ။

ကိုမြအေး။         ။ နည်းနည်းတော့ဝေးသွားပြီထင်တယ်ဗျ၊ ဘာလို့လဲဆိုတော့ အားလုံးလဲသိတဲ့အတိုင်းတိုက်ပွဲတွေလဲ မရပ်မနားဖြစ်နေတဲ့ အခြေအနေတွေ ရှိတယ်ဗျာ၊ တိုက်ပွဲတွေဖြစ်လျက်နဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်မယ်ဆိုတော့ နည်းနည်းတော့ လှမ်းသွားပြီထင်တယ်ဗျ၊ ဘာလို့လဲဆိုတော့ ရက်ကလဲ အရမ်းကပ်သွားပြီလေ၊ ကျနော် တို့လဲရချင်တာပေါ့ဗျာ၊ မြန်မြန်ရလေကောင်းလေပေါ့ဗျာ၊ ဖြစ်နိုင်မယ်ဆိုရင်အခု တစ်ထိုင်တည်းကိုရချင်တာပေါ့နော်၊ လက်တွေ့ အခြေအနေကတော့ နဲနဲတော့ကွာ သွားမယ်လို့ကျနော်ထင်တယ်ဗျ၊ ကျနော်အဲ့လိုမျိုးမြင်တယ်ဗျာ၊ ဘာပဲဖြစ်ဖြစ်ဗျာ၊ ညှိနှိုင်းပြီးတော့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကိုမြန်မြန်အကောင်အထည်ဖော်စေချင်ပြီ၊

ကိုကျော်သူ။         ။ အစိုးရဖက်ကလဲကြိုးစားတယ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကလဲကြိုးစားနေပေမယ့် တိုက်ပွဲတွေကခဏခဏပြန်ဖြစ်နေတာ ဆိုတော့ ယုံကြည်မှုတွေကဘယ်လောက်ထိများပျက်ပြားနေလဲဗျ၊ ပြန်လည်တည်ဆောက် ဖို့အတွက်ရော ဘာတွေများလိုအပ်ဦးမလဲဗျ၊

ကိုမြအေး။         ။ ယုံကြည်မှုကပျက်ပြားတာမဟုတ်ဘူး၊ ယုံကြည်မှုရှိကိုမရှိတော့ တဲ့အနေအထားဖြစ်နေတာဗျ၊ ဘာလို့လဲဆိုတော့ တိုက်ပွဲတွေဖြစ်နေတယ် ဆိုတာ မယုံကြည်လို့ဖြစ်ရတဲ့ကိစ္စရပ်ကို၊ ယုံကြည်မှုဆိုတာကတော့ လာဟေ့ မင်းနဲ့ငါနဲ့ယုံ ကြည်မှုလုပ်ကြရအောင်ဆိုပြီးလုပ်လို့မရဘူးလေ၊ လုပ်ရပ်တွေနဲ့ သက်သေပြရတဲ့ ကိစ္စမျိုးဆိုတော့ ကျနော်တို့အနေနဲ့ယုံကြည်မှုတည်ဆောက်တဲ့အခါမှာ လုပ်ရပ်တွေနဲ့ သက်သေပြရင် ၂ ဖက်တပ်ဖွဲ့တွေပေါ့နော်၊ လုပ်ရပ်တွေနဲ့ သက်သေပြပြီးတော့မှ လုပ်သင့်တယ်လို့ထင်ပါတယ်၊ နောက်တစ်ခုကကြားခံပြည်သူတွေပေါ့ဗျာ၊ ပြည်သူတွေရဲ့ဘဝကို အားလုံးစာနာ နားလည်ပေးစေ ချင်ပါတယ်၊

ကိုကျော်သူ။         ။ အဲ့တော့ကိုမြအေးတို့သွားလှူမှာ ဆန်အိတ်တွေလဲပါတယ်၊ လူသုံးထောင်စာဆိုတော့ ပစ္စည်းအရေအတွက်ဘယ်လောက်များပါလဲခင်ဗျ၊

ကိုမြအေး။         ။ ကျနော်တို့ကဆန်အိတ်တစ်ထောင်ပါတယ်ဗျာ၊ နောက်ကျန်တာ ကတော့ ဆီပုံးတွေပါတယ်၊ ကြက်သွန်တွေပါတယ်၊ ဆားပါတယ်၊ လူအယောက်သုံး ထောင်စာကတော့ အတတ်နိုင်ဆုံးပြည်သူတွေကလှူဒါန်းထားကြတော့ ကျနော်တို့ ကိုယ်တိုင်ဒုက္ခသည်တွေလက်ထဲကို ထည့်ပေးချင် တယ်ဗျာ၊

ကိုကျော်သူ။         ။ ကိုမြအေးတို့ဖားကန့်မှာ ဘယ်နှစ်ရက်လောက်ကြာမလဲဗျ၊

ကိုမြအေး။         ။ ကျနော်တို့အဆင်ပြေပြေနဲ့ လှူဒါန်းလို့ရမယ်ဆိုမကြာဘူး၊ မနက်ဖြန်တစ်ရက်တည်းပြီးသွားလိမ့်မယ်။

ကိုကျော်သူ။         ။ ကိုမြအေးအခုလိုဖြေကြားတာကျေးဇူးပါဗျာ၊

ကိုမြအေး။         ။ ဟုတ်ကဲ့ဗျ။



 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။