ဘန်ကီမွန်းခရီးစဉ်ကို NUG အစိုးရ ဝေဖန်
2023.04.24
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းဟာ နေပြည်တော်ကို ရောက်လာပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒီကနေ့တွေ့ဆုံခဲ့ပါတယ်။
မစ္စတာ ဘန်ကီမွန်းရဲ့ ခရီးစဉ်ဟာ စစ်ကောင်စီကို တရားဝင်မှုပေးသလိုမျိုး ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ဝေဖန်ပါတယ်။
"စစ်ကောင်စီက အကြမ်းဖက်မှုတွေကို အပြင်းအထန် ကျူးလွန်နေတဲ့အချိန်မှာ သွားရောက်တာဟာ တစ်နည်းအားဖြင့် စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ သဘောဖြစ်နိုင်တယ်။ ကိုယ်သွားတဲ့ ခရီးစဉ်က ပြည်သူလူထုအတွက် အကျိုးရှိမလဲဆိုတာ သေချာမသိဘဲ သွားရောက်တာ မဖြစ်သင့်ဘူး"
ခရီးစဉ်အတွင်း ဘယ်သူတွေနဲ့တွေ့မယ် ဘာတွေဆွေးနွေးမယ်ဆိုတာကို NUG အစိုးရဆီ ကြိုတင်အကြောင်းကြားတာ၊ ဆွေးနွေးတာလည်း မရှိခဲ့ဘူးလို့ NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။
"ရွှေပြည်အေးတရားဟောရုံနဲ့ စစ်တပ်က အကြမ်းဖက်မှုတွေကို ရပ်လိုက်မယ်ထင်ရင် စိတ်ကူးယဉ်သက်သက်ပဲဖြစ်မယ်။ အကြမ်းဖက်မှုတွေကို ဘယ်လိုရပ်ဆိုင်းအောင်လုပ်မလဲ၊ အဲဒီလိုရပ်အောင် ဖိအားပေးတာတွေကို ဘယ်လိုလုပ်မလဲ၊ တကယ်ဖိအားပေးနိုင်တဲ့ နိုင်ငံတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မလဲဆိုတာ အသေအချာထည့်တွက်မှဖြစ်မယ်။"
နိုင်ငံတကာက ကြားဝင်ဆောင်ရွက်နေပေမဲ့ စစ်ကောင်စီဟာ အကြမ်းဖက်တာတွေလျှော့မသွားဘဲ ပိုပိုတိုးလုပ်လာနေတယ်လို့လည်း သူက ပြောပါတယ်။
"မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ချင်ရင် အားလုံးနဲ့ ထိတွေ့ပါ၊ ညှိနှိုင်းတိုင်ပင်ပါ။ အားလုံးနဲ့ ဆွေးနွေးပြီး ဆောင်ရွက်သင့်တယ်။ စစ်ကောင်စီကို တကယ်ဖိအားပေးနိုင်မယ့်နည်းတွေ ထည့်သွင်းစဉ်းစားပါ။ အဲဒီလိုမဟုတ်ဘဲ အလည်အပတ်သဘောမျိုးသွား နားချရုံဆိုရင်တော့ စစ်ကောင်စီက ဘယ်လိုမှ အပြောင်းအလဲဖြစ်မှာ မဟုတ်ဘူး"
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းလည်းဖြစ်၊ The Elders ဆိုတဲ့ ကမ္ဘာ့ထင်ရှား ပုဂ္ဂိုလ်ကြီးများအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာဘန်ကီမွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၂၃ ရက် မနေ့ညက နေပြည်တော်ကို ရောက်လာပြီး၊ ဒီကနေ့ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဘန်ကီမွန်းတို့ တွေ့ဆုံခဲ့ရခြင်း ရှိ၊မရှိကိုတော့ RFA က စုံစမ်းလို့ မရသေးပါဘူး။ ပြည်တွင်းသတင်းဌာနတချို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ဘူးလို့ ဖော်ပြပါတယ်။