ဒေါ်ထက်ထက်ဦးဝေရဲ့သမီး ကွယ်လွန်

ပူတာအိုထောင်က နိုင်ငံရေး အကျဉ်းသူ ရဲ့ သမီး မအေးချမ်းပြည့်ဟာ မနေ့က ကွယ်လွန်သွားပါတယ်။

2011.07.21
aye-chan-may305.jpg နိုင်ငံရေး အကျဉ်းသူ ဒေါ်ထက်ထက်ဦးဝေရဲ့ သမီးကြီး အသက် ၂၂ နှစ် အရွယ် မအေးချမ်းပြည့်ရဲ့ ရက်လည်ဆွမ်းသွတ် ဖိတ်စာ။
RFA

ကချင်ပြည်နယ် ပူတာအိုထောင်မှာ အပို့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူ ဒေါ်ထက်ထက်ဦးဝေရဲ့ သမီးကြီး အသက် ၂၂ နှစ် အရွယ် မအေးချမ်းပြည့် ဟာ ဆင်းရဲမှုဒဏ်၊ အဟာရချို့တဲ့တဲ့ဒဏ်နဲ့ ရောဂါဝေဒနာတွေ ဆေးမကုနိုင်လို့ ရန်ကုန် လျှော်ကားတာစုံ စမ်းချောင်းကြီးရွာမှာ မနေ့က ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ဒေါ်ထက်ထက်ဦးဝေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွှေပြည်သာမြို့နယ်က အမျိုးသမီး လုပ်ငန်း ဖေါ်ဆောင်ရေး အဖွဲ့ဝင်တဦး ဖြစ်ပြီး၊ ၂၀၀၈ ခုနှစ် မေလက အဖမ်းခံလိုက်ရတာပါ။

အဲဒီတုန်းက သူနဲ့သူ့လုပ်ဖေါ်ကိုင်ဖက်တွေက ဧရာဝတီတိုင်းက နာဂစ်မုန်တိုင်း ဒုက္ခသည်တွေ အတွက် နိုင်ငံတကာ အကူအညီ ချက်ချင်းဝင်ခွင့်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပါတီ ရုံးချုပ်ကနေ ချီတက် လမ်းလျှောက်ခဲ့တဲ့ အတွက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ စစ်အစိုးရက ဖမ်းဆီး ထောင်ချလိုက်တာပါ။

ဒေါ်ထက်ထက်ဦးဝေ ဖမ်းဆီးခံရတဲ့ အချိန်မှာ သူနဲ့အတူ လိုက်ပါခဲ့တဲ့ သူ့သားအငယ်ဆုံး ရဲရင့်မင်းထက်ဦးလည်း ပါဝင်ခဲ့ပါတယ်။ နောက်တော့ သူ့သားကို ပြန်လွှတ်ပေးခဲ့ပါတယ်။ မိခင်ထောင်ကျနေချိန်မှာ အကြီးဆုံး သမီးဖြစ်တဲ့ မအေးချမ်းပြည့်က လုပ်ကိုင်ကျွေးမွေး စောင့်ရှောက်နေတာပါ။ နိုင်ငံရေး အကျဉ်းသူ ဒေါ်ထက်ထက်ဦးဝေရဲ့သမီး မအေးချမ်းပြည့်ကွယ်လွန်သွားတာနဲ့ပတ်သက်လို့ ကိုနေရိန်ကျော်က တင်ပြပါလမ့်မယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။