စစ်ကောင်စီရဲ့တာဝန်ပျက်မှုကြောင့် ရိုဟင်ဂျာရာနဲ့ချီ သေဆုံးခဲ့ရ
2023.05.18
မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့က ဒုက္ခသည်စခန်းတွေမှာ ၂ဝ၁၂ ခုနှစ်ကတည်းက အဓမ္မပို့ဆောင်ခံထားရတဲ့ ရိုဟင်ဂျာလူမျိုး ၄ဝဝ ကျော်သေဆုံးခဲ့ရတာဟာ အဲဒီဒုက္ခသည်တွေကို မူလဒေသ ပြန်လည်ပို့ဆောင်ဖို့ ပျက်ကွက်မှုနဲ့ အခု မုန်တိုင်းကျရောက်မယ့်ကာလမှာလည်း ဘေးလွတ်ရာ ဒေသတွေကို ပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီရဲ့ ပျက်ကွက်မှုကြောင့် ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင် က ပြောလိုက်ပါတယ်။
ဒါ့အပြင် မုန်တိုင်းဒဏ်ခံ မြန်မာပြည်သူတွေကို နိုင်ငံတကာကပေးပို့မယ့် အကူအညီတွေကို စစ်ကောင်စီက အလွဲသုံးစားပြုလုပ်မယ့် အန္တရာယ်ရှိနေတယ်လို့လည်း သူက ဝေဖန်ထောက်ပြခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ကို လက်ရှိရောက်နေတဲ့ ရိုဟင်ဂျာခေါင်းဆောင် ဦးရွှေမောင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။