နိုင်ငံတကာ ကူညီငွေ အလွဲသုံး စားမှု သူရဦးအောင်ကိုနဲ့ မေးမြန်း ချက်
2015.02.25
နိုင်ငံတကာအစိုးရတွေ အဖွဲ့အစည်းတွေက ပေးအပ်တဲ့ ချေးငွေ နဲ့ အထောက်အပံ့ငွေ တွေကို သုံးစွဲနေတဲ့ အစိုးရဝန်ကြီးဌာနတချို့မှာ မသမာမှုတွေ၊ လေလွင့် ဆုံးရှုံးမှုတွေ ရှိနေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို က ပြောပါတယ်။
သူရဦးအောင်ကို ကို RFA သတင်းထောက် ကိုမျိုးသန့်ခိုင် က တွေ့ဆုံ မေးမြန်းထားပါတယ်။
သူရဦးအောင်ကိုနဲ့ မေးမြန်းချက်အပြည့်အစုံ
မျိုးသန့်ခိုင်။ ။ အန်ကယ် သူရဦးအောင်ကို မင်္ဂလာပါခင်ဗျ၊
သူရဦးအောင်ကို။ ။ မင်္ဂလာပါ၊
မျိုးသန့်ခိုင်။ ။ အန်ကယ်..ပြည်သူ့လွှတ်တော်မှာ အစိုးရရဲ့ နိုင်ငံခြား ချေးငွေတွေအပေါ်မှာ အလေအလွင့်ရှိနေတယ်လို့ ထောက်ပြ တဲ့ မေးခွန်းမျိုး မေးတာတွေ့ရပါတယ်ဗျ၊ အဲ့မေးခွန်းအကြောင်းလေးကို နဲနဲလေးရှင်းပြပေးပါလားဗျ။
သူရဦးအောင်ကို။ ။ ၂၀၁၁ ခုနှစ်ပေါ့၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ဦးတည်တဲ့အချိန်ကစပြီးတော့မှ နိုင်ငံတကာကနေပြီးတော့မှ စီးပွားရေး ပိတ်ဆို့မှု အပါအဝင် ထွေထွေပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့တာရှိပါတယ်၊ နိုင်ငံတကာက နေပြီးမှ မြန်မာနိုင်ငံကိုထောက်ပံ့ငွေတွေ၊ ချေးငွေတွေကို ကဏ္ဍ အလိုက် အလုံးအရင်း နဲ့ပေးတာလဲရှိပါတယ်၊ အထူးသဖြင့် EU၊ အမေရိကန် USA၊ ကမ္ဘာဘဏ်၊ ကမ္ဘာ့အဖွဲ့ အစည်းအသီးသီးကနေပြီးမှ အထောက်အပံ့ငွေ နဲ့ ချေးငွေတွေပေးလာတာရှိပါတယ်၊ အဲ့လိုပေးတဲ့အခါမှာ အပိုင်း ၂ ပိုင်းရှိပါတယ်၊ ပထမအဆင့်ကတော့ နိုင်ငံတော် အဆင့်ကနေပြီးမှ ကမ္ဘာ့ဘဏ်ကို အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးမှ ထောက်ပံ့တာ ဖြစ်ပါတယ်၊ ဒုတိယပိုင်းကတော့ ဝန်ကြီးဌာန တစ်ခုချင်းလိုက်၊ နောက်တိုင်းဒေသကြီး ပြည်နယ်အစိုးရ အလိုက်ဖြစ်ဖြစ်ပေါ့လေ၊ အဲ့လိုအဖွဲ့အစည်းတွေနဲ့မှ ချိတ်ဆက်ပြီးတော့မှ ထောက်ပံ့တာဖြစ်ပါတယ်၊ အဲ့တော့ ဒီနေ့ထိ နိုင်ငံတကာကပေးတဲ့အထောက် အပံ့ ငွေတွေ၊ ချေးငွေတွေသည် ဒေါ်လာ ၁၀ ဘီလီယံကျော်လောက်ရှိသွားပါပြီ၊ နောက်ထပ် လဲအလားတူထောက်ပံ့ငွေကြေးတွေလဲဆက်ပြီး လက်ခံရယူဖို့ ကမ်းလှမ်းထားတာတွေ ရှိနေကြောင်းသိရပါတယ်၊ တချို့အပိုင်းတွေမှာ ပွင့်လင်းမြင်သာမှုမရှိပဲနဲ့ သုံးစွဲတာတွေ ရှိပါတယ်၊ ဥပမာ တိုင်းဒေသကြီးပြည်နယ် လူထုက သူ့ဒေသအတွက်သုံးတဲ့အခါမှာ လုပ်ငန်းတွေအကောင်အထည်ဖော်မှပဲသိရတယ်၊ ခုနကထောက် ပံံ့ငွေ၊ ချေးငွေဘယ် လောက် ရတယ်၊အသေးစိတ်လုပ်ငန်းစီမံချက်ကို ဒေသခံပြည်သူတွေ၊ ဒေသခံအဖွဲ့ အစည်းတွေမသိရတာများပါတယ်၊ ပွင့်လင်းမြင်သာမှု မရှိတော့ လေလွင့်ဆုံးရှုံး တာတွေဖြစ်ပေါ်လာပါတယ်၊ တချို့ဆိုဌာနစရိတ်ဆိုပြီးတော့ ၁၀ ရာခိုင်နှုန်းဖြတ်တာတို့၊ အဆင့်ဆင့်ဖြတ်တာနဲ့ ဘာနဲ့ဆိုရင် ချေးငွေတွေ အပေါ်မှာ၊ မြေပြင်ပြည်သူတွေအပေါ်မှာ အပြည့်အဝအကျိုးသက်ရောက်မှုမရှိဘူးလို့ ဆိုပြီးမှဝေဖန် မှုတွေရှိနေပါတယ်၊ သို့သော်ထောက်ပံ့ငွေတွေ၊ ချေးငွေတွေ အမြောက်အမြား ရခြင်း အားဖြင့် အစိုးရအသုံးစရိတ်က အင်မတန်ကြီးမားလာပြီး ဈေးကွက်စီးပွားရေး စနစ်ကို အားနည်းသွားတာတွေဖြစ်နိုင် ပါတယ်၊ ငွေအလုံးလိုက်၊ အရင်းလိုက်သုံးစွဲ ရတာဖြစ်လို့ သက်ဆိုင်ရာဌာနကနေ တာဝန်ရှိတဲ့သူတွေကြားမှာ ငွေကြေးအလွဲ သုံးစားမှုတွေ၊ မသမာမှုတွေဖြစ်လာလေ့ရှိပါတယ်၊ ဒါနိုင်ငံတကာဖြစ်စဉ်နဲ့ သာဓကတွေဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ထောက်ပံ့ငွေတွေ၊ ချေးငွေတွေအပေါ်မှာ ပွင့်လင်းမြင်သာမှုရှိရှိအသုံးချဖို့၊ အလေအလွင့်ဆုံးရှုံးမှုတွေမဖြစ်အောင် တာဝန်ရှိသူအဆင့်ဆင်ကနေပြီးတော့မှ ကွပ်ကဲဖို့၊ သုံးစွဲမှုတွေမှာလဲ လွှတ်တော်ကို ပြန်ပြီးအစီရင်ခံဖို့လိုအပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။
မျိုးသန့်ခိုင်။ ။ ပြီးခဲ့တဲ့အမျိုးသားလွှတ်တော်မှာလဲ အမျိုးသားလွှတ်တော် ဥက္ကဌက အစိုးရရဲ့ဘတ်ဂျက်တွေကို သုံးစွဲတာနဲ့ပတ်သက်ပြီး ဇီးသီးဗန်းမှောက်တယ် ဆိုတဲ့ စကားပုံနဲ့ တင်စားပြီး နိုင်ငံတော်သမ္မတဆီကို သဝဏ်လွှာပေးပို့ခဲ့တာရှိပါတယ်၊ အဲ့ဒီနောက်ပိုင်းမှာ အန်ကယ်ကအခုလိုထောက်ပြတယ်ဆိုတော့ အစိုးရဘတ်ဂျက်ကို သုံးတဲ့အခါမှာ ဘယ်အစိုးရအဖွဲ့တွေ၊ ဘယ်ဝန်ကြီးဌာနတွေက လိုအပ်နေတယ်လို့ အန်ကယ်ထင်ပါလဲဗျ။
သူရဦးအောင်ကို။ ။ အဲ့လိုထောက်ပံ့ငွေတွေ၊ ချေးငွေတွေဘတ်ဂျက်တွေ အလုံးလိုက် အရင်းလိုက်သုံးစွဲလာတယ်၊ ပညာရေးဆိုရင် ၄ဆ၊ ၅ဆ သုံးစွဲလာတယ်၊ ကျန်းမာရေးလဲ ၂ဆ၊ ၃ဆ၊ ၄ဆ သုံးစွဲလာတယ်၊ ကျန်တဲ့ဆောက်လုပ်ရေးမှာလဲ ငွေကြေးကအဆ ပေါင်းများစွာ တိုးတက်သုံးစွဲတာရှိပါတယ်၊ အဲ့မှာ များများသုံးလေ၊ အလေအလွင့်များလေဖြစ်ပါတယ်၊ ဆောက်လုပ်ရေးမှာဆိုလဲ ပေ ၂၀၀ အောက်တံတားဆောက်တယ်၊ တချို့မှာဆိုရင် တံတားက ၉၉ ရာခိုင်နှုန်းပြီးနေပြီ၊ သို့သော်တံတားက အပြီးမပြဘူး၊ ဒါအပြီးသတ်ဖို့အတွက်ကို ဘဏ္ဍငွေထပ် လိုအပ်တယ်ဆိုပြီးမှ နားလည်မှုနဲ့ လှည့်ပတ်တောင်းပြီးမှ သုံးစွဲဖို့ရှိပါတယ်၊ အဲ့လိုတောင်းသုံးတဲ့အခါမှာ အမှန်တကယ်လိုအပ်တာက သိန်း ၁၀၀ လောက်ဆိုပါဆို့၊ တောင်းတာက သန်း ၁၀၀၀ ကျော်လောက်တောင်းတာရှိပါတယ်၊ ဒါနဲ့ပတ်သက်ပြီး တော့လဲ လွှတ်တော်မှာပဲ သက်ဆိုင်ရာဝန်ကြီးဌာနကို ကိန်းဂဏန်း၊ အချက်အလက် အတိအကျနဲ့ ထောက်ပြခဲ့တာရှိပါတယ်၊ ပညာရေး ကဏ္ဍမှာလဲ ငွေတွေက အများကြီးသုံးစွဲတဲ့အခါကျတော့ ဆောက်လိုက်တဲ့ကျောင်းဆောင်တွေ၊ အဆောက်အဦး တွေက အရည်အသွေးမပြည့်တာတွေရှိပါတယ်၊ ဒါကြောင့်အမျိုးသားလွှတ်တော်က ဇီးသီးဗန်းမှောက်တယ်လို့ ဥပမာပေးပြီးသုံးနှုန်းခဲ့တာရှိပါတယ်၊ ဒါနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေမေးတဲ့အခါကျတော့ ကျနော့်အနေနဲ့ ဆွမ်းကြီးလောင်းပွဲကြီး တွေ့နေရတယ်လို့ ပြောလိုက်ပါတယ်၊ ဆွမ်းကြီးလောင်းပွဲဆိုတာကတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက် လှူဖွယ်ဝတ္တုအစုစုကို ပင့်ဖိတ်ထားတဲ့ရဟန်းသံဃာတွေ၊ သီလရှင်တွေ၊ ယောဂီတွေကိုလောင်းလှူပါတယ်၊ သို့သော်ပိုလျှံတဲ့ပစ္စည်းတွေရှိပါတယ် အဲ့ဒီအခါမှာ ဂေါပကလိုလို နောက်ကနေတန်းစီပြီးအလှူခံသွားတာရှိပါတယ်၊ သို့သော်လဲ အလှူရှင်တွေက မတွန့်မတိုပဲနဲ့ ကျန်တဲ့ပစ္စည်းတွေကို အကုန်လောင်း လှူလိုက်ပါတယ်၊ ခုလဲဘဏ္ဍငွေသုံးစွဲတဲ့အခါမှာ ဆွမ်းကြီးလောင်းပွဲလိုဖြစ်နေတာ တွေ့ရပါတယ်။
မျိုးသန့်ခိုင်။ ။ အခုဒီအစိုးရလက်ထက်မှာဖွဲ့စည်းထားတဲ့ အဂတိလိုက်စားမှု ကော်မရှင်ပေါ့နော်၊ အဲ့ကော်မရှင်ရဲ့အန်ကယ်လ်ပြောတဲ့ အကျင့်ပျက်ခြစားမှုပေါ်မှာ ဆောင်ရွက်နေတာတွေရော အန်ကယ်လ်ဘယ်လိုသုံးသပ်ပါလဲဗျ။
သူရဦးအောင်ကို။ ။ ကော်မရှင်အနေနဲ့တော့ အချိန်ပြည့်တက်တက်ကြွကြွ လုပ်ငန်းတာဝန်ထမ်းဆောင်နေကြောင်း သိရပါတယ်၊ သို့သော် ရလာဒ်ပေါ့၊ ပွင့်လင်းမြင်သာမှု၊ အများပြည်သူလက်ခံနိုင်တဲ့ရလာဒ်မျိုး ထွက်ပေါ်မှုကတော့ လွန်စွာအားနည်းနေပါတယ်၊ အဲ့ဒါဘာကြောင့်လဲဆိုရင် အဂတိလိုက်စားမှုတွေကို ပြည်သူတွေက တိုင်ကြားမှ စုံစမ်းစစ်ဆေးတာထက် အဂတိလိုက်စားမှုတွေ အများဆုံးဖြစ်ပေါ်နေတဲ့ ဝန်ကြီးဌာနအဖွဲ့အစည်းတွေရှိပါတယ်၊ တိုင်ကြားမှုမရှိသော် လည်းပဲဒီဟာတွေမှာ လိုအပ်သလို ထဲထဲဝင်ဝင် ဝင်ရောက်ပြီးမှ စုံစမ်းစစ်ဆေး သင့်တယ်လို့ထင်ပါတယ်။
မျိုးသန့်ခိုင်။ ။ ဟုတ်ကဲ့အန်ကယ်၊ RFA ကကျေးဇူးတင်ပါတယ်ဗျ
သူရဦးအောင်ကို။ ။ ကျေးဇူးတင်ပါတယ်