စစ်ကိုင်းတိုင်းက ရွာပေါင်းစုံသပိတ် သံချပ်
အာဏာသိမ်း စစ်ကောင်စီရဲ့ လေကြောင်းထိုးစစ်ဒဏ် အပြင်းအထန်ခံနေရတဲ့ကြားက မကြောက်မရွံ့ သံချပ်ထိုးနေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က ရွာပေါင်းစုံသပိတ် သံချပ်အဖွဲ့ ဖြစ်ပါတယ်။
အဲဒီဒေသကို စစ်ကောင်စီဘက်က ကြည်းကြောင်းရော၊ လေကြောင်းပါသုံးပြီး၊ ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် ဒေသခံတွေဟာ အာဏာသိမ်းကတည်းက နေ့တိုင်း တစ်ရက်မပျက် လမ်းမပေါ်ထွက် သပိတ်မှောက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။
အခု သင်္ကြန်ကာလမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို သံချပ်ထိုး၊ ပုံစံတမျိုးပြောင်း စစ်အာဏာရှင်ကို ဆန့်ကျင်နေတာပါ။
အမျိုးသား ညီညွတ်ရေးအစိုးရ NUG ဘယ်ရောက်နေလဲ၊ အကူအညီတွေပေးပါဦးလို့ ရွာပေါင်းစုံသပိတ်သံချပ်အဖွဲ့က သံချပ်ထိုးရင်း တောင်းဆိုထားပါတယ်။
စစ်ကိုင်းတိုင်းမှာ မြေပြင် ဆန္ဒပြသပိတ်တွေ နေ့တိုင်းရှိနေသလို၊ စစ်ကောင်စီနဲ့ ဒေသခံ PDF တပ်တွေကြား တိုက်ပွဲတွေလည်း နေ့တိုင်းလိုလိုရှိနေပါတယ်။ ဒေသခံခုခံကာကွယ်ရေး PDF တပ်သားတွေကိုလည်း အားပေးထောက်ခံရမယ်လို့လည်း ရွာပေါင်းစုံသပိတ်သံချပ်အဖွဲ့က ပြောထားပါတယ်။
သံချပ်ရဲ့ အဆုံးပိုင်းမှာတော့ ညီညွတ်ခြင်းဟာ အောင်ပွဲဖြစ်တာကြောင့် ညီညွတ်ကြဖို့ ရွာပေါင်းစုံသပိတ်အဖွဲ့က သတင်းစကား ပါးလိုက်ပါတယ်။