အက်ဆစ်နဲ့ တိုက်ခိုက်ခံရတဲ့ အမျိုးသမီးကို လွှတ်တော်အမတ် ကူညီ
2020.03.16
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့လယ်ခေါင်အိမ်ရှေ့မှာ အက်ဆစ်နဲ့ ပက်ခံခဲ့ရလို့ မျက်နှာတစ်ခုလုံးနဲ့ ခန္ဓာကိုယ် တစ်ခုလုံးနီးပါး အရေပြားတွေပျက်စီးသွားတဲ့ အမျိုးသမီးရဲ့ဖြစ်စဉ်ကို အမှုမှန်ပေါ်ပေါက်ရေး ဒေသခံလွှတ်တော်အမတ်က ကူညီနေပါတယ်။
တိုက်ခိုက်သူတွေ ဘယ်သူဖြစ်တယ်ဆိုတာ စုံစမ်းဖော်ထုတ်အရေးယူနိုင်ဖို့ ဖိအားဖြစ်လာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။
ငါးလနီးပါးကြာတဲ့အထိ ဘာမှမထူးခြားတဲ့ ပန်းတနော်မြို့က အက်ဆစ်နဲ့ပက် တိုက်ခိုက်ခံခဲ့ရတဲ့ အမျိုးသမီး အမှုဖြစ်စဉ်ကို ပြည်ထောင်စုလွှတ်တော်ရဲ့ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ထံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်က ဒီအပတ်အတွင်း တင်ပြတော့မှာပါ။
မလဲ့လဲ့ဝင်းသတင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက RFA သတင်းဌာနမှာ တွေ့ကြောင်းနဲ့ ပြည်ထောင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို တင်ပြဖို့ ဆေးစာတွေတောင်းထားတာ ရရှိပြီဖြစ်လို့ ဒီအပတ်ထဲ တင်ပြမယ်လို့ ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းညွှန့်သိန်းက RFA ကိုပြောပါတယ်။
ဒီလိုတင်ပြမှုကြောင့် အမှုအမြန်ပေါ်ပေါက်ဖို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာ အသီးအသီးကိုလည်း တွန်းအားတစ်ခု ဖြစ်လာနိုင်မယ်လို့ ဦးမန်းညွန့်သိန်းကဆိုပါတယ်။
အက်ဆစ်နဲ့ အပတ်ခံခဲ့ရတဲ့ မလဲ့လဲ့ဝင်းဟာ အမှုအမြန်ဆုံး ပေါ်ပေါက်ဖို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနဲ့ တွေ့ခွင့်ရရေး မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ သွားရောက်ခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး။
နေ့လည်ပိုင်းမှာတော့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးရဲ့ တတိယအကြီးဆုံးဆိုသူနဲ့ တွေ့ခွင့်ရပြီး အမှုမြန်ဆုံး ပေါ်အောင် ဆောင်ရွက်ပေးဖို့ ပြောခွင့်ရခဲ့ပေမယ့် သူ့အမှုအတွက် အားမရဘူးလို့ မလဲ့လဲ့ဝင်းကပြောပါတယ်။
ငါးလကြာတဲ့အထိ အမှုအခြေအနေ ဘာမှမထူးတဲ့အကြောင်းကို တိုင်းရဲတပ်ဖွဲ့မှူးသိအောင် ပြောပြချင်တာလို့ မလဲ့လဲ့ဝင်းကဆိုပါတယ်။
ဧရာဝတီတိုင်း မှုခင်းတပ်ဖွဲ့(CID) နဲ့ သွားတွေ့တဲ့အခါမှာတော့ အမှုဖြစ်စဉ်ကို CID ကကိုင်တွယ်နိုင်ဖို့ နေပြည်တော်မှာရှိတဲ့ CID တပ်ဖွဲ့ရုံးနဲ့ ပုသိမ်က တိုင်း CID ရုံးကို တိုင်စာပို့ပေးဖို့ ပြောတယ်လို့ မလဲ့လဲ့ဝင်းကဆိုပါတယ်။
မလဲ့လဲ့ဝင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၄ ရက်နေ့ညက ပန်းတနော်မြို့လယ်ခေါင်အိမ်ရှေ့မှာ အက်ဆစ်နဲ့ ပက်ခံခဲ့ရလို့ မျက်နှာတစ်ခုလုံးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး အရေပြားတွေပျက်စီးသွားခဲ့ရတာပါ။
မော်တော်ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရောက်လာပြီး ရုတ်တရက် အက်ဆစ်နဲ့ ပက်သွားတာလို့ မလဲ့လဲ့ဝင်းက ဆိုပါတယ်။
အက်ဆစ်နဲ့ လုပ်ကြံတဲ့အမှုတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရံဖန်ရံခါ ဖြစ်တတ်ပေမယ့် မြန်မာနိုင်ငံ အတွက်တော့ ရှားပါးတဲ့ဖြစ်စဉ်ပါ။
ဒီအမှုကို ပန်းတနော်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပေမယ့် ငါးလနီးပါးကြာလာတဲ့ ဒီနေ့အချိန်ထိ အမှုမှန်လည်း မပေါ်သေးသလို သံသယတရားခံကို တရားစွဲဆိုတင်နိုင်ခြင်းလည်း
မရှိသေးပါဘူး။
အမှုကို စုံစမ်းဖော်ထုတ်မှုအခြေအနေကို သိရဖို့ ပန်းတနော်မြို့မရဲစခန်းမှူး ဒုရဲမှူးဌေးအောင်ကို RFA က ဆက်သွယ်ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။