ဒေသခံတွေကြုံနေရတဲ့ မိန်းမလှကျွန်းက မိကျောင်းအန္တရာယ်
2023.08.09

တဖြည်းဖြည်း မျိုးသုဉ်းပျောက်ကွယ်တော့မယ့် ရေချိုရေငန်စပ်မိကျောင်းတွေကို ဘိုကလေးမြို့နယ် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှာ သဘာဝအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားတာပါ။
ဒီမိကျောင်းကြီးတွေဟာ အလျား ၁၈ ပေလောက်အထိ အရွယ်အစားကြီးမားကြပါတယ်။
အရင်က မိန်းမလှကျွန်းမှာသာ အများဆုံးကျင်လည်ကျက်စားနေတဲ့ မိကျောင်းတွေဟာ တဖြည်းဖြည်းနဲ့ လူတွေနေထိုင်ရာမြစ်ချောင်းတွေအထိ ဝင်ရောက်လာပြီး အစာအတွက် လူတွေကို ကိုက်ချီသတ်ဖြတ်တာတွေ ရှိနေပါတယ်။
"အခုဆို သမီးယောကျာ်းလည်း သမီးကို အသက်နဲ့လဲပြီးတော့ ရှာကျွေးသွားတာ"
ဘိုကလေးမြို့နယ်၊ သရော်ချောင်းအုပ်စုမှာရှိတဲ့ ဘောဂဝတီရွာမှာ တစ်နှစ်အတွင်း မိကျောင်းကိုက်လို့သေဆုံးသူ နှစ်ဦးရှိခဲ့ပြီး အဲဒီရွာတွေမှာ မိကျောင်းနဲ့ အသက်လု ရုန်းကန်ရင်းနဲ့ အသက်ဘေးလွတ်လာသူတွေလည်း ရှိပါတယ်။
မခင်ပပလှိုင်ကတော့ ဇူလိုင်လ (၂၇) ရက်နေ့က မိကျောင်းအကိုက်ခံရလို့ ကွယ်လွန်ခဲ့တဲ့ အသက် (၂၉) နှစ်အရွယ် ကိုရဲနောင်ထွန်းရဲ့ ဇနီးသည်ပါ။
ကိုရဲနောင်ထွန်းဟာ ပိုက်ဆင်းဖြုတ်နေချိန် မိကျောင်းကြီးတစ်ကောင်ရဲ့ ကိုက်ချီ သတ်ဖြတ်ခံခဲ့ရပါတယ်။ မခင်ပပလှိုင်မှာ လသားအရွယ်ကလေးငယ် တစ်ဦးနဲ့ လေးနှစ်အရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ပါတယ်။
မခင်ပပလှိုင်ကတော့ ကိုရဲနောင်ထွန်းလို မိကျောင်းအကိုက်ခံရလို့ သေဆုံးမှုတွေ ထပ်မမြင်ချင်တော့တာကြောင့် မိကျောင်းအန္တရာယ်ကို နှိမ်နင်းပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။
"မိကျောင်းကိုက်သွားလို့ ဒီမှာ အသက်ဆုံးရှုံးသွားတဲ့သူကျတော့ ဘာမှသူတို့ ပြန်မလုပ်ပေးဘူး။ သူတို့ပေးတဲ့ဟာလည်း ပြန်မလိုချင်ဘူး။ ငယ်လေးလိုချင်တာ ငယ်လေးယောကျာ်းကို ကိုက်သွားတဲ့မိကျောင်းကို လိုက်ဖမ်းပြီး သတ်ပြ။ အဲဒါဆိုရင် ကျေနပ်တယ်။ အဲလိုလွှတ်ထားတာမျိုးကိုတော့ ငယ်လေးမကြိုက်ဘူး။ နောက်နောင် ဒီလိုလူမျိုးတွေ ထပ်ဖြစ်တာကို မကြားလည်းမကြားချင်ဘူး။ ကြုံလည်း မကြုံချင်ဘူး။ ဒါငယ်လေးရဲ့ ကိုယ်တွေ့ ဖြစ်ရပ်အတွက်။ သူများတွေကိုလည်း ငယ်လေးလို မကြုံစေချင်ဘူး"
ဘောဂဝတီရွာမှာ လွန်ခဲ့တဲ့လေးနှစ်လောက်က ကျောင်းသားတစ်ဦး မိကျောင်းကိုက်ခံရလို့ သေဆုံးခဲ့ပါတယ်။ အရင်နှစ်ကလည်း အသက် ၁၃ နှစ်အရွယ် မစံပယ်အေး ရေခပ်နေချိန် မိကျောင်း ကိုက်ခံရသလို၊ ကိုသန့်ဇော်ဦး ဆိုသူလည်း မိကျောင်းကိုက်ခံခဲ့ရပါတယ်။
ဒါ့အပြင် ရွာနီးချင်းဖြစ်တဲ့ လှေလုံးကွဲရွာမှာလည်း မိကျောင်းကိုက်ခံရလို့ ဆေးရုံတက် ကုသရသူတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မစံပယ်အေးနဲ့ ကိုရဲနောင်ထွန်းတို့ဟာ တစ်နှစ်အတွင်းမှာ မိကျောင်းအကိုက်ခံရပြီး သေဆုံးခဲ့တာလို့ မစံပယ်အေးရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဦးမြင့်က ပြောပါတယ်။
"မစံပယ်အေးလို့ ခေါ်ပါတယ် ကလေးမလေးက။ ကျောင်းသား။ အသက်က (၁၃) နှစ်ပေါ့။ ကျောင်းတက်နေရင်းနဲ့ ကလေးဟာ သူ့ရဲ့အဝတ်အစားလေးတွေလျှော်ဖို့၊ ဖွတ်ဖို့၊ ချက်ဖို့၊ ပြုတ်ဖို့ကို ရေခပ်နေရင်းနဲ့ ဒီနေရာမှာတင် အကိုက်ခံရတာ"
ဘောဂဝတီရွာမှာ မိကျောင်းအကိုက်ခံရပေမယ့် မိကျောင်းကို ပြန်လည်ခုခံရင်းနဲ့ အသက်ဘေးလွတ်လာသူကတော့ အသက် ၂၀ အရွယ် ကိုမင်းပါ။ ကိုမင်းကတော့ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ကဏန်းထောင်ရင်း ချောင်းဖြတ်ကူးနေချိန် မိကျောင်း အကိုက်ခံရတာပါ။ သူဟာလက်ထဲကပါလာတဲ့ ကဏန်းပိုင်တွေနဲ့ ပြန်လည်ခုခံခဲ့လို့ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။
ပေါင်နဲ့ဆီးခုံမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ကဒုံကနိရွာ တိုက်နယ်ဆေးရုံမှာ တက်ရောက်ကုသခဲ့ရပြီး မိကျောင်းအန္တရာယ်ကနေ လွတ်မြောက်ခဲ့ပုံကို ကိုမင်းက ပြောပြပါတယ်။
"ဆွဲတာ ညီဖြတ်ကူးတဲ့အချိန် ညီလေးမှာ ဘွတ်ဖိနပ်တွေရော၊ အင်္ကျီတွေရောဆိုတော့ ရေမကူးနိုင်တော့ဘူး။ ရေစုန်လေးမျှောပြီး ကူးလာတဲ့အချိန်မှာ သူကဝင်ကိုက်တာ။ ဝင်ကိုက်တော့ သားကအစတုန်းက မသိသေးဘူး။ တုံးတွေဘာတွေ ဝင်ဆောင့်တယ် မှတ်လို့ စမ်းကြည့်လိုက်တော့ မိကျောင်းဖြစ်နေတာ။ စမ်းလည်းစမ်းကြည့်ရော ကျွန်တော်ကိုဆွဲပြီးတော့ အောက်ကိုမြှုပ်သွားတာ။ အောက်ကိုဆွဲမြှုပ်ပြီး သားကိုအောက်မှာ လှိမ့်တာပေါ့။ လတာတွေနဲ့ ရိုက်တာပေါ့။ သားလည်း သူ့ကိုလက်ထဲမှာပါလာတဲ့ ပိုင်နဲ့ထုပြီး သားလည်း ကုန်းပေါ်ကို ပြေးတက်လာတာ"
ရေချိုရေငန်စပ်မိကျောင်းတွေကို သစ်တောဌာနကနေ ဘေးမဲ့ပေးမွေးမြူထားပြီး လူတွေရဲ့သတ်ဖြတ်တာကိုလည်း တားမြစ်ထားပါတယ်။ ဒီလိုတားမြစ်ထားတာကြောင့် လူတွေကို အန္တရာယ်ပြုနေပေမယ့် ပြန်လည် မခုခံရဲကြပါဘူး။
ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ထိန်းသိမ်းပေးဖို့ ဘောဂဝတီရွာ ရာအိမ်မှူး ဦးစိုးခိုင်က တောင်းဆိုပါတယ်။
"ပြည်သူတွေက ဘာကိုကြောက်နေလဲဆိုတော့ ဒီဟာလေးကို ကိုယ်တွေခုခံလိုက်ရင် ထောင်ကျမှာတို့ဘာတို့ ဆိုတော့ ကိုယ်တွေက တအားကြောက်နေတာ။ သူ့ကိုလည်း မထိရဲဘူး။ လောလောဆယ်တော့ ကိုယ့်လူက သေနေတာပဲ။ သူတို့ ဆိုင်းဘုတ်လေး ကပ်ထားပေမယ့်လည်း မဆင်းနဲ့ဆိုလို့ ပြည်သူတွေက ငတ်နေတာလေ။ ဒါကို ကိုယ်တွေက ဆင်းပြီးတော့ လုပ်ဆောင်ချက်ကတော့ ပေးရမှာပဲ။ ဒါကို တာဝန်ရှိ လူကြီးတွေကနေ နှိမ်နင်းပေးဖို့။ ဘယ်လိုသူတို့ နှိမ်နင်းပေးမလဲ။ ဒါလေးကို ကိုယ်ကလိုချင်တာ"
ရေလုပ်ငန်းနဲ့ အသက်ရှင်ရပ်တည်နေရသူတွေဟာ မိကျောင်းအန္တရာယ်ရှိပေမဲ့ အသက်နဲ့ရင်းပြီး စားဝတ်နေရေး ဖြေရှင်းနေရတယ်လို့ မခင်ပပလှိုင်က ပြောပါတယ်။
"သူတို့က ရေထဲကိုမဆင်းပါနဲ့ မိကျောင်းအန္တရယ်ရှိတယ်ဆိုတော့ စားဖို့သောက်ဖို့ သူတို့ပြည့်ပြည့်စုံစုံ လာပေးထားတာမှ မဟုတ်တာ။ ဒီရေထဲမှာရှာမှ စားရမယ့်ကိစ္စက ဒီရေထဲလိုက်ရှာမှ ရမှာပေါ့။ ဒီပြင်နေရာမှာ ဘယ်နေရာလိုက်ရှာမလဲ။ မရှိတဲ့သူကတော့ ဆင်းရမှာပဲ။ အသက်နဲ့လဲပြီး ဆင်းနေကြရတာကြီးပဲ အကုန်လုံးက။ အခုဆို သမီးယောကျာ်းလည်း သမီးကို အသက်နဲ့လဲပြီးတော့ ရှာကျွေးသွားတာ"
ဘိုကလေးမြို့နယ်မှာ မိကျောင်းအန္တရာယ် ကာကွယ်ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ RFA က ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို သြဂုတ်လ ၂ ရက်နေ့က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဘိုကလေးမြို့နယ်အောက်ပိုင်း ကမ်းစပ်မှာရှိတဲ့ရွာတွေမှာ မိကျောင်းအကိုက်ခံရလို့ နှစ်စဉ်လူသေဆုံးမှုတွေ ရှိနေတာပါ။
ဘောဂဝတီရွာမှာ လွန်ခဲ့တဲ့လေးနှစ်က မိကျောင်းကိုက်ခံရပြီး ကလေးငယ်တစ်ဦး သေဆုံးချိန်မှာ သစ်တောဌာနက မိကျောင်းအန္တရာယ် သတိပေးဆိုင်းဘုတ်တွေ တပ်ဆင်ခဲ့ပါတယ်။ အရင်နှစ်က မိကျောင်းကိုက်လို့ မစံပယ်အေး သေဆုံးချိန်မှာတော့ ကျန်တဲ့မိသားစုကို ငွေကျပ်သုံးသိန်း ထောက်ပံ့ခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။
ဒေသခံတွေကတော့ ဒီလိုထောက်ပံ့တာတွေထက် မိကျောင်းအန္တရာယ်ကို ကာကွယ်ပေးဖို့သာ လိုလားနေကြပါတယ်။