ဧရာဝတီတိုင်းမှာ မြစ်ကမ်းပါးပြိုလို့ အိမ် ၂၆၀ ကျော်ပြောင်းရွှေ့ရ

RFA Burmese
2023.11.16
ဧရာဝတီတိုင်းမှာ မြစ်ကမ်းပါးပြိုလို့ အိမ် ၂၆၀ ကျော်ပြောင်းရွှေ့ရ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စုထဲမှ ကျောင်းတော်လေးရွာ မြစ်ကမ်းပါးပြိုကျခဲ့သည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။
Citizen Journalist

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြစ်ကြောင်းပြောင်းလဲတာကြောင့် မြစ်ကမ်းပါးပြိုပြီး မအူပင်၊ ပန်းတနော်၊ ဇလွန်နဲ့ ဟင်္သာတ အပါအဝင် မြို့နယ် ၈ မြို့နယ်က နေအိမ်၂၆၀ ကျော်ကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ နေပြည်တော်မှာရှိတဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက အမည်မဖော်လိုတဲ့ အရာရှိတစ်ယောက်က RFA ကို အောက်တိုဘာလမှာ ပြောဆိုထားပါတယ်။

မြစ်ကမ်းပါးပြိုလို့ အခက်အခဲဖြစ်ရတဲ့ လူဦးရေ တစ်သောင်းကျော်ရှိပြီး သူတို့ကို စက်တင်ဘာလမှာ ကျပ်သိန်း ၂၉၀ ကျော် ထောက်ပံ့ခဲ့တယ်လို့ ပြောပါတယ်။

"လောလောဆယ် မြစ်ကမ်းပြိုတဲ့ နေရာဆိုလို့ရှိရင် တောကျောင်းအုပ်စုအများဆုံး ထိခိုက်တဲ့နေရာပေါ့"

ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စုက နံဂတ်၊ ပေါက်ချောင်း၊ ကျောင်းတော်လေးနဲ့ နံဂတ်ရိုးရွာတွေမှာတင် ပြီးခဲ့တဲ့ နှစ်လအတွင်း ကမ်းပါးပြိုလို့ အိမ်တစ်ရာဝန်းကျင် ပြောင်းရွှေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နံဂတ်ရွာက အသက် ၅၇ နှစ်အရွယ် ဦးဝင်းသိန်းဟာ အရေးပေါ် အိမ်ပြောင်းရသလို၊ သူ့ မြေလည်း ပါသွားတယ်လို့ ပြောပါတယ်။ သူတို့ရွာမှာ အခုနှစ် ကမ်းပါးပြိုလို့ အိမ် ၄၀ လောက် ပါသွားပြီး၊ အဲဒီအထဲမှာ သူ့ညီမရဲ့အိမ်လည်း ပါသွားပါတယ်။ ဒါကြောင့် သူတို့ရွာကအိမ်တွေ အပါအဝင် တောကျောင်းကျေးရွာအုပ်စုမှာ အိမ်၁၀၀ လောက် ကမ်းပါးပြိုတဲ့အထဲ ပါသွားတယ်လို့ ဦးဝင်းသိန်းက ပြောပါတယ်။

"ဟိုဘက်ကတော့ နည်းနည်းအလှမ်းဝေးတာပေါ့။ ဒီဘက်အုပ်စုနဲ့ ပြောမယ်ဆိုရင်တော့ တောကျောင်း အုပ်စုအတွင်းမှာ ပြောမယ်ဆိုရင် လက်ရှိအနေအထားအရပေါ့လေ။ အခုလောလောဆယ် မေးတာနဲ့ ဆိုရင်တော့ လေးရွာပေါ့။ အထိနာတယ် ပြောရမှာပေါ့။ နံဂတ်ရိုးကတော့ ပိုပြိုတယ် အဲလိုပြောရမှာပေါ့။ အုပ်စုအရပြောမယ်ဆိုရင်တော့ အိမ်ခြေ တစ်ရာဝန်းကျင်တော့ အဲလောက်တော့ဖြစ်မယ်။ အခု လောလောဆယ် မြစ်ကမ်းပြိုတဲ့ နေရာဆိုလို့ရှိရင် တောကျောင်းအုပ်စုအများဆုံး ထိခိုက်တဲ့နေရာပေါ့"

ကမ်းပါးပြိုလို့ မြေပျောက်သွားတဲ့သူတချို့ကတော့ မြေနေရာအသစ်တွေဝယ်ပြီး ပြောင်းရွှေ့သွားကြပါတယ်။ မြေပြန်မဝယ်နိုင်တဲ့သူတချို့ကတော့ ရွာနားဝန်းကျင်က မြေပိုင်ရှင်တွေဆီမှာ ခွင့်တောင်းပြီး နေထိုင်ကြတာပါ။

နံဂတ်ရွာက အသက် ၇၂ နှစ်အရွယ် ဦးသိန်းဟန်ဟာ အဲဒီလို အိမ်မြေပျောက်ဆုံးသွားပြီး ပြန်မဝယ်နိုင်လို့ မိတ်ဆွေတစ်ယောက်ရဲ့မြေမှာ ယာယီခိုလှုံနေရပါတယ်။ သူ့တို့ရွာဟာ သဘာဝဘေးဒဏ်ကို အခါခါရင်ဆိုင်ခဲ့ရတယ်လို့ ပြောပြပါတယ်။

"ဘေးရွာတွေ ဒုက္ခေရောက်တာ ဒီရွာကိုမမီဘူး။ ဒီရွာ အဆိုးဆုံးပဲ။ ခုနက မင်းကိုငါပြောတဲ့ ဟိုး ပန်းတနော်အဝကထွက်တာ အဲဒါက တို့နံဂတ်မြေကြီးက ဟိုးဘက်မှာကျန်ခဲ့ပြီ။ အဲဒီအချိန်ထဲက ပြိုတဲ့အားက နှစ်ပေါင်းလေးဆယ်ကျော် ငါးဆယ်ထဲကပြိုလာတာ အခုထက်ထိပဲ။ ဘယ်အချိန်မှ စဲမလဲတော့ မပြောတတ်ဘူးလေ။ ဒီသဘာဝဘေးအန္တရာယ်ကတော့ တော်တော်လေးကို ကြံ့ကြံ့ခံလာရတာပဲ"

ကျောင်းတော်လေးရွာကတော့ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကစပြီး အရင်ရွာဟောင်းက ကမ်းပြိုလို့ မြစ်ထဲပါသွားပါတယ်။ ဒါကြောင့် ရွာသစ်ကိုရွှေ့လာတာပါ။ အခုနှစ်မှာတော့ ရွာသစ်မှာပါ ကမ်းပါးပြိုလို့ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ကျောင်းတွေ အပါအဝင် နေအိမ်အလုံး သုံးဆယ်လောက် မြစ်ထဲပါသွားတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ အသက် ၆၀ အရွယ် ဦးမန်းချီက ပြောပါတယ်။

"အကုန်လုံးဆိုရင်တော့ ဒီဘက်အပိုင်ပါဆို အိမ်ခြေသုံးဆယ်ကျော်ကျော်လောက်တော့ ပါတာပေါ့။ အခုပြိုကျတဲ့သူက လောလောဆယ်တော့ အခုကမ်းပြိုတဲ့နေရာနဲ့ နည်းနည်းနီးတဲ့နေရာ ဆုတ်ထားတာပေါ့နော်။ တချို့ကျတော့လည်း ဟိုးဘက်မှာ ရွာမြေနေရာလေး နည်းနည်းဝယ်ထားတာရှိတယ်။ ဟိုးဘက် အရှေ့မှာလေ"

ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စုထဲမှ ကျောင်းတော်လေးရွာ မြစ်ကမ်းပါးပြိုကျခဲ့သည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ (Photo: Citizen Journalist)
ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စုထဲမှ ကျောင်းတော်လေးရွာ မြစ်ကမ်းပါးပြိုကျခဲ့သည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ (Photo: Citizen Journalist)

အသက် ၃၂ နှစ်အရွယ် ကိုမင်းဦးကတော့ နံဂတ်ရွာဇာတိပါ။ သူလည်း ကမ်းပါးပြိုလို့ အိမ်ပြောင်းရတာ ၂ ကြိမ်ရှိပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်လို့ ပြောပါတယ်။

"မြေပြိုတော့ ဒုက္ခရောက်တာပေါ့။ မိုးတွင်းဘက်ကြီးဆိုတော့ လုဖျက်ရတဲ့သူလည်း ဖျက်ရတာပေါ့ အဲလိုမျိုး။ ဟို ကမ်းမပြိုတဲ့ဘက်ကို ရွှေ့ရတာပေါ့။ ဟိုဘက်ကားလမ်း ဘက်တွေ အဲဘက်ကိုရွှေ့ကြတာ။ ရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ မြေကြီး အခက်အခဲတော့ ရှိတာပေါ့။ ရှာဝယ်ရတာတွေရော။ ကမ်းပြိုသွားတော့ အိမ်နေရာ မြေကြီးတွေမရှိ။ လုပ်စားမယ့်နေရာမရှိတော့ ပြန်ဝယ်ရတာ"

ပန်းတနော်မြို့မှာ နှစ်တိုင်းကြုံရတဲ့ ကမ်းပါးပြိုကျတဲ့အန္တရာယ် ပြေလည်အောင် ဌာနဆိုင်ရာတွေအနေနဲ့ လုပ်ပေးစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဦးတို့ရဲ့ အိမ်တွေဆိုရင် အရင်တုန်းကဆို ပြောမယ်ဆိုရင် သစ်အိမ်။ သစ်အိမ်ကနေ ဝါးအိမ်။ ဝါးအိမ်ကနေ တဲအိမ်ဘဝကနေ အမျိုးမျိုးပေါ့ ဖြတ်သန်းခဲ့ရတာ။ မနည်းတော့ ဘူးပေါ့နော်။ ဦးတို့ကတော့ ပြောမယ်ဆိုရင် အထက်ကလူကြီးမင်းတွေကိုတော့ တောင်းဆိုချင်တာက ဦးတို့ရဲ့ နေရာတွေကို အဲလိုမျိုးပေါ့ ကမ်းမပြိုအောင် လုပ်ပေးရင် တော့ ပိုကောင်းတာပေါ့"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။