ဘင်္ဂလားဒေ့ရှ်မှာ သွေးထွက်သံယိုဆန္ဒပြပွဲကြီးတွေ ဘာကြောင့်ဖြစ်နေသလဲ

RFA Burmese
2024.07.18
ဘင်္ဂလားဒေ့ရှ်မှာ သွေးထွက်သံယိုဆန္ဒပြပွဲကြီးတွေ ဘာကြောင့်ဖြစ်နေသလဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ဆန္ဒပြနေသည့် ဒေသခံများအား ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

မြန်မာအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာ အစိုးရအလုပ်အကိုင်နေရာတွေအတွက် အခွင့်ထူးခံခွဲတမ်းစနစ်ကို မကျေနပ်လို့ နိုင်ငံအနှံ့ကန့်ကွက်ဆန္ဒပြနေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဒါကာမြို့အပါအဝင် နိုင်ငံတစ်ဝန်း မြို့ကြီးအတော်များများမှာ အဲဒီခွဲတမ်းစနစ်ကို မကျေနပ်သူတွေနဲ့ အာဏာရအစိုးရကို ထောက်ခံသူတွေကြား တုတ်တွေခဲတွေနဲ့ တိုက်ခိုက်မှု ပြီးခဲ့တဲ့ရက်တွေကတည်းက ဖြစ်နေတာပါ။

ထောင်နဲ့ချီတဲ့ ကျောင်းသားတွေနဲ့ လက်နက်ကိုင်ရဲတပ်ဖွဲ့တို့ကြား ရုန်းရင်းဆန်ခတ်မှုကြောင့် ဇူလိုင် ၁၈ ရက်မှာ ၁၉ ယောက် သေဆုံးခဲ့ပြီး ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ စုစုပေါင်း ၂၅ ယောက်အထိ ရှိလာနိုင်တယ်လို့ AP သတင်းတစ်ပုဒ်က ဖော်ပြပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူလည်း ရာနဲ့ချီ ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်လူဦးရေ သန်း ၁၇၀ ရဲ့ ငါးပုံတစ်ပုံနီးပါး အလုပ်လက်မဲ့ဖြစ်နေပါတယ်။ အလုပ်လက်မဲ့လူငယ်တွေ များလာရာက နိုင်ငံအနှံ့ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာပါ။

ဒါဟာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ လေးကြိမ်မြောက် ပြန်ရွေးကောက်တင်မြှောက်ခံရချိန်ကစလို့ အကြီးမားဆုံး ဆန္ဒပြပွဲတွေလည်း ဖြစ်ပါတယ်။

အစိုးရအလုပ်နေရာ ၃၀ ရာခိုင်နှုန်းကို စစ်ပြန်သားသမီးတွေနဲ့ တခြားအခွင့်ထူးခံတွေအတွက် ခွဲတမ်းချတဲ့စနစ်ကို မကျေနပ်လို့ ဆန္ဒပြကြတာပါ။

ဘင်္ဂလားဒေ့ရှ်မှာ အစိုးရအလုပ်အကိုင်ဟာ ပုဂ္ဂလိကအလုပ်ထက် လစာပိုရပြီး အငြိမ်းစားယူတဲ့အခါ ခံစားခွင့်တွေလည်းရတယ်လို့ သိရပါတယ်။

၁၉၇၁ ခုနှစ်မှာ အရှေ့ပါကစ္စတန်ဘဝကနေ ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထူထောင်ခဲ့ချိန်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ သားသမီးမြေးမြစ်ဆွေမျိုးတွေကို လစာကောင်းတဲ့အစိုးရဝန်ထမ်းရာထူးနေရာအတွက် အထူးခွဲတမ်း ၃ဝ ရာခိုင်နှုန်းပေးရတာကို အခုခေတ်ကျောင်းသားတွေက မကျေနပ်ကြတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။