ကုသိုလ်ဖြစ်ငှက်နဲ့ အသက်မွေးသူများ

2022.05.27
ကုသိုလ်ဖြစ်ငှက်နဲ့ အသက်မွေးသူများ ရန်ကုန်မြို့ ၁၉ လမ်းထိပ် ကမ်းနားလမ်းမှာ ငှက်ရောင်းဝယ်ရေးလုပ်နေကြသူများကို ၂၀၂၂ ခုနှစ် မေလ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန်မြို့ ၁၉ လမ်းထိပ် ကမ်းနားလမ်းက ပလက်ဖောင်းပေါ်မှာ ငှက်ရောင်းဝယ် နေကြတာပါ။

စာကလေး၊ စာဘူးတောင်း၊ ချိုး၊ ကြက်တူရွေး စတဲ့ ငှက်တွေကို ရန်ကုန်မြစ်တစ်ဖက်ကမ်း ရွာတွေမှာရှိတဲ့ ကိုင်းတောနဲ့ လယ်ကွင်းတွေမှာထောင်ဖမ်းပြီး ဒိုင်ကို ပြန်ရောင်းကြတာ ဖြစ်ပါတယ်။

အဲဒီငှက်တွေကို အများစုက ယတြာချေဖို့အတွက် ဝယ်ယူပြီး လွှတ်ကြတာပါ။

မနက် ငါးနာရီဝန်းကျင်ဆို ကမ်းနားလမ်းငှက်ဒိုင်မှာ လာရောက်စောင့်ဆိုင်းတဲ့ ငှက် ပြန်ရောင်းသူတွေနဲ့ စည်ကားနေပါပြီ။

ကိုထွန်းထွန်းနိုင် - ငှက်ရောင်းသူ

“အခုလို မိုးတွင်းပိုင်းကျရင်တော့ ကျနော်တို့ နည်းနည်းကျပ်တည်းတယ်ပေါ့။ ငှက်တွေက အဝင်နည်းတယ်။ များမှ ကျနော်တို့ထွက်ရတာ။ မများရင် ကျနော်တို့ မထွက်ရဘူး။ ကြားထဲမှာ ဒီလိုမိုးတွင်းဆို ငှက်တွေက သေတာတွေ ရှိတယ်။ ငှက်မဝင်တဲ့အခါတွေရှိတယ်။ ငှက်သေတဲ့ လတွေရှိတယ်။ ငှက်ရှားတဲ့လဆို ကျနော်တို့ မထွက်ရဘူး။ အခုဆို ငှက်ဝယ်ရောင်းသမားတွေ မရောင်းကြရဘူး။ အခုဆို အကုန်ပြန်သွားကြရတယ်။ ငှက်များတဲ့အခါ ကျရင်တော့ ကျနော်တို့ထွက်ရတယ်”

ကမ်းနားလမ်းက ငှက်ဒိုင်မှာ တစ်ခါတစ်ရံ အကောင်ရေ ငါးထောင်လောက်အထိ အရောင်းအဝယ် လုပ်ကြပါတယ်။

ဒါပေမဲ့ အခုလို ကာလမှာတော့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ငှက်အဝင် နည်းနေပါတယ်။

ဒီလိုအချိန်မှာ ငှက်ဒိုင်တွေဘက်ကလည်း ဘုရားမှာ ရောင်းသူတွေကိုသာ ဦးစားပေး ရောင်းလေ့ရှိပါတယ်။

စာကလေးတစ်ကောင်ကို တစ်မတ်ခေတ်ကနေ ရောင်းချလာခဲ့တဲ့ ဒေါ်သန်းငွေကတော့ ငှက်ဒိုင်အဖြစ် လုပ်ကိုင်လာတာ အခုဆို နှစ်ပေါင်း ၅၀ ရှိနေပါပြီ။ ငှက်အဝင်နည်းတဲ့ အချိန်တွေမှာ သူ့အတွက် အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။

ဒေါ်သန်းငွေ - ငှက်ဒိုင်လုပ်ကိုင်သူ

“အခု သွားရေး၊ လာရေးတွေ အဆင်မပြေဘူး။ အဆင်မပြေတော့ သွားဖမ်းတဲ့သူလည်း မရဘူး။ လမ်းကြောင်းတွေမှာ ဝင်လို့၊ ထွက်လို့မရဘူး။ မှတ်ပုံတင်တွေစစ်၊ ဟိုလုပ်ဒီလုပ်နဲ့ဆိုတော့ အကုန်လုံးက အလုပ်အကိုင်တွေ အဆင်မပြေဘူး။ မပြေတော့ ဒီဘက်ကို ငှက်က မရောက်တော့ဘူး။ မရောက်တော့ ဒီကငှက်ရောင်းတဲ့သူတွေ ဒုက္ခရောက်တာပေါ့။ ငှက်ရောင်းပြီးမှ ထမင်းစားရတယ်။ ငှက်မရတော့လည်း မရဘူး။ ရောင်းတဲ့သူကတော့ တစ်ယောက်ကို ၂၀၀၊ ၃၀၀ ရောင်းတယ်။ ဒီနေ့ဆို ၂၉၀ ပဲ ဝင်တော့ ဘယ်လိုသွားရောင်းမလဲ“

ငှက်ပြန်ရောင်းသူ အများစုကတော့ ဘုရားအနီးအနားနဲ့ လက်ဖက်ရည်ဆိုင်တွေအနီးတွေမှာ ပြန်ရောင်းကြလေ့ ရှိပါတယ်။

ငှက်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေကတော့ လက်ရှိ ရင်ဆိုင်နေကြရတဲ့ ခေတ်ကာလ အကျပ်အတည်းတွေကြားမှာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေကြရတယ်လို့လည်း ပြောကြပါတယ်။

ပြန်ရောင်းသူတွေဟာလည်း ငှက်အဝင်နည်းတာကြောင့် လက်ဗလာနဲ့ အိမ်ပြန်ကြရတဲ့ နေ့တွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။