ရန်ကုန်မြို့က တစ်ခွက်ငါးရာတန် ရွေ့လျားလက်ဖက်ရည်ဆိုင်

RFA Burmese
2024.10.08
ရန်ကုန်မြို့က တစ်ခွက်ငါးရာတန် ရွေ့လျားလက်ဖက်ရည်ဆိုင် တန်ဖိုးနည်းလက်ဖက်ရည် လှည့်လည်ရောင်းချသည့် ကိုထွန်းထွန်းမင်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဆိုင်မှာထိုင်သောက်လေ့ရှိကြတဲ့ လက်ဖက်ရည်ကို စက်ဘီးတစ်စီးနဲ့ လမ်းတကာလှည့်ပြီး ရောင်းနေတဲ့သူက အသက် ၂၆ နှစ်အရွယ် ကိုမင်းမင်းထွန်းပါ။

“ဆိုင်မှာ သွားမသောက်နိုင်ကြတော့ဘူးလေ အခုက။ အဲဒါကြောင့် ဆိုင်ထက်ပိုပြီး သက်သာတာဆိုတော့ သောက်ကြတာပေါ့။ ဖောက်သည်တွေ အတော်များများကတော့ စောင့်နေကြတာ၊ အရင်ထဲက ရောင်းတော့။ ကိုယ့်ဆီကပဲ သောက်တယ် အမြဲတမ်း”

ဂွတ်ရှယ် လက်ဖက်ရည်လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ ရွေ့လျားလက်ဖက်ရည်ဆိုင်လေးကို လုပ်ကိုင်လာတာ အခုဆိုရင် သုံးနှစ်ဝန်းကျင်ရှိပါပြီ။

“အရင်တုန်းကဆိုရင် နှစ်သောင်း၊ နှစ်သောင်းခွဲ အဲလောက်အထိ ရတယ်။ အခုဆိုလို့ရှိရင် အဲဒီလောက် မရဘူး။ ရှုံးတာပါ ပါတာပေါ့"

ရန်ကုန်မြို့က လက်ဖက်ရည်ဆိုင်ကြီးတွေမှာ တစ်ခွက်ကို ကျပ် ၁၅၀၀ ကနေ ၂၀၀၀ ဝန်းကျင်နဲ့ ရောင်းနေတဲ့အချိန်မှာ ကိုမင်းမင်းထွန်းက တစ်ခွက်ကို ကျပ် ၆၀၀ နဲ့ ရောင်းပါတယ်။ မတတ်နိုင်သူတွေကို တစ်ခွက် ၅၀၀ ကျပ်နဲ့ ရောင်းပေးပါတယ်။

အခုဆိုရင်တော့ ကုန်ဈေးနှုန်းတက်လာတဲ့အတွက် သူ ဝယ်ရတဲ့ နို့ဆီ၊ သကြားနဲ့ လက်ဖက်ခြောက်ဈေးတွေလည်း အရင်ထက် သုံးဆလောက် တက်သွားပါတယ်။ ဒါကြောင့် သူ့အတွက် အရင်လောက် အမြတ်မရတော့ဘူးလို့ ပြောပြပါတယ်။

“အရင်တုန်းကဆိုရင် နှစ်သောင်း၊ နှစ်သောင်းခွဲ အဲလောက်အထိ ရတယ်။ အခုဆိုလို့ရှိရင် အဲဒီလောက် မရဘူး။ ရှုံးတာပါ ပါတာပေါ့။ အခုက မိုးတွင်းကာလလည်းဖြစ်တော့ အရောင်းကလည်း ပါးသွားတယ်”


ဆက်နွှယ်သောသတင်းများ

ခိုစာရောင်းရင်း ဘ၀ကို ရုန်းကန်နေရတဲ့ ဒေါ်ညို

အမျိုးသမီးငယ်တစ်ဦးရဲ့ ငါးရာကျပ်တန် ထမင်းဆိုင်

အာဏာသိမ်းသုံးနှစ်အတွင်း မြန်မာလူဦးရေ ၄၂ သန်း ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရ


အသက် ၄၆ နှစ်အရွယ် ဦးမောင်ထွေးကတော့ ကိုမင်းမင်းထွန်းရဲ့ ဖခင်ပါ။ သူဟာ အရင်ကတော့ ပီနံအိတ် အမျိုးမျိုးကို ဖောက်သည်သွင်းပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကစပြီး တာမွေမြို့နယ်က ဈေးတွေ မှာ လက်ဖက်ရည်ကို ဓာတ်ဘူးတစ်လုံးနဲ့ လှည့်ရောင်းခဲ့ပါတယ်။ အဲဒီနောက် သူ့သားကိုလည်း လက်ဖက်ရည် ရောင်းဖို့ တိုက်တွန်းခဲ့တာပါ။

“စရောင်းတုန်းကတော့ နှစ်ရာ၊ နှစ်ရာက စရောင်းတာ။ နှစ်ရာကနေပြီးတော့ သုံးရာ၊ သုံးရာကနေပြီးတော့ လေးရာ။ အခု ငါးရာ ဖြစ်သွားပြီ။ သူက တစ်ခါတလေကျရင် ခြောက်နာရီခွဲ၊ ခုနစ်နာရီလောက်မှ ရောက်တယ်။ ကိုယ်လည်း တစ်ခါတလေကျရင် ငါးနာရီခွဲ၊ တစ်ခါတလေကျရင် ငါးနာရီ အချိန်မမှန်ဘူးပေါ့။ ကုန်တဲ့အချိန်ပေါ့ ပြန်ရောက်တာ”

လက်ဖက်ရည်ရောင်းဖို့အတွက် မနက် ၃ နာရီမထိုးခင် သားအဖတွေ အိပ်ရာကထ၊ လက်ဖက်ခြောက်နှပ်၊ လက်ဖက်ရည်ဖျော်ရပါတယ်။ မနက် ၆ နာရီမှာတော့ သု၀ဏ္ဏဈေး၊ စံပြဈေးနဲ့ တောင်ဥက္ကလာပမြို့နယ်က ဈေးတွေမှာရောင်းဖို့ အိမ်ကနေ ထွက်ရပါတယ်။

အသက် ၄၃ နှစ်အရွယ် ဒေါ်နီလာထွန်းကတော့ ကိုမင်းမင်းထွန်းရဲ့ မိခင်ပါ။ သူက ခင်ပွန်းနဲ့ သား ဈေးရောင်းထွက်တဲ့အထိ အိမ်ကနေ ဝိုင်းကူပေးသလို အိမ်ပြန်နောက်ကျတဲ့အခါတိုင်း အန္တရာယ်ကင်းအောင် ဆုတောင်းနေရတယ်လို့ ပြောပြပါတယ်။

“အရမ်း စိတ်ပူရတာပေါ့နော်။ ကားကြိုကားကြားမှာတွေ ဘာတွေညာတွေ အဲဒီလိုမျိုးပေါ့နော်။ သူတို့တွေက မလာလို့ရှိရင်တော့ ဟဲ့ ဘာများဖြစ်နေမလဲ၊ ကားကြိုကားကြားမှာ။ ကောင်းကောင်းမွန်မွန် ပြန်လာရင်တော့ အကြောင်းမဟုတ်ဘူး။ မလာရင်တော့ စိတ်ပူရတာပေါ့နော်။ ဟိုး လမ်းထိပ်မှာ ကားဂိတ်တွေ ဘာတွေမှာ သွားကြည့်ရတာပေါ့နော်”

ကိုမင်းမင်းထွန်းတို့ မိသားစုမှာ ခုနစ်ယောက်ရှိပါတယ်။ သူတို့က သာကေတမြို့နယ် အနော်မာရပ်ကွက်မှာ ကိုယ်ပိုင်အိမ်နဲ့ နေခဲ့ကြရာကနေ ၂၀၂၀ နောက်ပိုင်း စီးပွားရေးကျပ်တည်းလာလို့ အိမ်ကိုရောင်း၊ အထပ်မြင့်တိုက်ခန်း တစ်ခုပြန်ဝယ်ပြီး နေကြပါတယ်။

တန်ဖိုးနည်းလက်ဖက်ရည် လှည့်လည်ရောင်းချသည့် ကိုထွန်းထွန်းမင်းကို  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
တန်ဖိုးနည်းလက်ဖက်ရည် လှည့်လည်ရောင်းချသည့် ကိုထွန်းထွန်းမင်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ဖောက်သည်တစ်ယောက်ဖြစ်တဲ့ အသက် ၆၀ အရွယ် ဦးလှဌေးက ဆိုင်ကြီးကအရသာနဲ့ တူတဲ့အတွက် ဈေးနှုန်းသက်သာတဲ့ ကိုမင်းမင်းထွန်းဆီကပဲ အမြဲဝယ်ပါတယ်။

“ဆိုင်မှာက အခုဆိုလို့ရှိရင် ၁၂၀၀ ပေါ့။ ရိုးရိုး ဆိုင်လေးတွေမှာပေါ့။ ဒီလို ရွှေကောင်းကြွယ်တို့၊ မဟာ ရန်ကုန်တို့ဘာတို့ဆိုရင် ၁၅၀၀၊ ၁၇၀၀ အဲဒါမျိုးတွေ ရှိတာပေါ့။ သူနဲ့က အများကြီး ဈေးကွာတယ်။ အရသာကလည်း အတူတူပါပဲ”

လက်ဖက်ရည်ဆိုင်ကြီးတွေမှာ ဈေးသုံးဆလောက်တက်သွားလို့ ဒီလို တန်ဖိုးနည်းလက်ဖက်ရည်ကိုပဲ ဝယ်သောက်ဖြစ်တယ်လို့ အငှားယာဉ်မောင်းသမားတစ်ယောက်ဖြစ်တဲ့ ကိုထွန်းကိုကိုဦးက ပြောပါတယ်။

“ဘာမှ သိပ်မကွာဘူး။ လက်ဖက်ရည် အရသာခြင်းက။ ဆိုင်မှာ ထိုင်သောက်တာနဲ့ ကိုယ့်ဟာကိုယ် အိမ်မှာ ဒီမှာ ခွက်လေးနဲ့ ကြုံတဲ့နေရာမှာ ဝယ်ပြီးသောက်လိုက်တာ ဒါပဲကွာသွားတာ”

ရန်ကုန်မြို့မှာ အခုလို တန်ဖိုးနည်းလက်ဖက်ရည်ရောင်းတဲ့သူတွေ အရင်ထက်များလာသလို ကိုမင်းမင်း ထွန်းတို့နေတဲ့ အနော်မာရပ်ကွက်ထဲမှာတင် ခြောက်ယောက်လောက် ရှိနေပါပြီ။

ကိုမင်းမင်းထွန်းကတော့ စားသောက်ဆိုင်ဖွင့်ချင်တဲ့ သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဒီအလုပ်ကို ဆက်လုပ်နေဦးမယ်လို့ ပြောပါတယ်။

“စားသောက်ဆိုင်လေး ဘာလေး အဲဒီလိုမျိုး ဖွင့်ချင်တာပေါ့ ရည်မှန်းချက်ကတော့။ အခုခေတ်ပေါ် စားသောက် ဆိုင်လေးဘာလေးပေါ့။ ဒါပေမဲ့ အခုက အခြေအနေအရတော့ ဒီအလုပ်ကတော့ အဆင်ပြေပါတယ်။ ဘုရားသခင်ပေးတာပေါ့။ အချိန်တန်ကျလို့ရှိရင် ဘုရားသခင်က သူ့ဟာသူ ပေးလိမ့်မယ်”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။