Facebook ပေါ်မှာ CDM လှုံ့ဆော်မှု စွပ်စွဲချက်နဲ့ နိုင်ငံခြားရေးဝန်ထမ်းတွေ တရားစွဲခံထားရ
အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝန်ထမ်းတွေ အပါအဝင် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်က မီးရထားဝန်ထမ်း ၁၂ ဦးကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် အွန်လိုင်း ဗွီဒီယိုစနစ်နဲ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ပြည်သူ့ဝန်ထမ်းတွေထဲက ၅ ဦးဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး ၇ ဦးကိုတော့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ ( က ) နဲ့ တရားစွဲဆိုထားတာလို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းလွင် က ပြောပါတယ်။
ပုဒ်မ ၅၀၅(ခ) မှာ ဖော်ပြထားချက်အရ ပြစ်ဒဏ် အနေနဲ့ ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ပါတယ်။ အသစ်ပြင်ဆင်ပြဌာန်းထားတဲ့ ၅၀၅ - ( က ) အရ ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ပါတယ်။
စွပ်စွဲခံထားရသူတွေဟာ လူမှုကွန်ရက် ဖေ့ဘွတ်ခ် မက်ဆင်ဂျာကနေ CDM လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ လှုံ့ဆော်ရေးသားတယ်။ အစိုးရဝန်ထမ်းတွေကို ကြောက်ရွံ့ထိတ်လန့်မှုတွေ ဖြစ်ပေါ်စေဖို့နဲ့ အုပ်ချုပ်မှုယန္တရားတွေကို ရပ်တန့်သွားအောင် ရည်ရွယ်ပြီး သတင်းအမှားတွေကို ပြောဆိုတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားလို ဖြစ်တဲ့ ရဲတပ်ဖွဲ့ဘက်က တရားစွဲဆိုထားတာပါ။
နောက်ထပ်ရုံးချိန်းကို ခုလ ၁၅ ရက်နေ့မှာ ထပ်မံချိန်းဆိုလိုက်ပြီး မူခင်းစီမံခန့်ခွဲမှု CMP ညှိုနှိုင်းမှုလုပ်ဖို့ရှိပြီး စွပ်စွဲခံရသူတွေအတွက် အာမခံလျှောက်မယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသန်းလွင်က ပြောပါတယ်။