CDM ကျောင်းဆရာဇနီးမောင်နှံရဲ့ ခံယူချက်

RFA Burmese
2024.03.05
CDM ကျောင်းဆရာဇနီးမောင်နှံရဲ့ ခံယူချက် အွန်လိုင်းမှတစ်ဆင့် မြန်မာစာ သင်ကြားပေးနေသည့် CDM ကျောင်းဆရာ ဦးအာကာမင်းနိုင်။
Photo: RFA

CDM ကျောင်းဆရာ ဦးအာကာမင်းနိုင်ဟာ ပြည်တွင်းနဲ့ ပြည်ပက ကလေးတွေကို အွန်လိုင်းကနေပြီး မြန်မာစာ သင်ကြားပေးနေပါတယ်။ ဦးအာကာမင်းနိုင်တို့ ဇနီးမောင်နှံဟာ အာဏာမသိမ်းခင်က နှစ်ဦးစလုံး ပညာရေးဝန်ထမ်းဖြစ်တာကြောင့် သူတို့မိသားစု စားဝတ်နေရေးအတွက် ပူပင်စရာမရှိဘဲ ပြေပြေလည်လည် နေထိုင်ခဲ့ကြပါတယ်။

၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်မှာတော့ အကြမ်းမဖက်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်ဖို့ သူတို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

“ပြည်သူတွေ မလိုလားတဲ့ စစ်တပ်အုပ်ချုပ်ရေး စနစ်ကြီးကို ဖယ်ရှားဖို့အတွက် CDM ဆိုတဲ့ လက်နက်က အကောင်းဆုံးပဲလို့ ယူဆပြီး လင်မယားနှစ်ယောက်လုံး တိုင်တိုင်ပင်ပင်နဲ့ CDM လုပ်ခဲ့ကြတာပါ။ လူမိုက်အားပေးမလုပ်ချင်ဘူး။ လူမိုက်တွေရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ပညာရေးစနစ်မှာ ပါဝင်ထမ်းဆောင်လိုစိတ် မရှိဘူး"

စစ်တပ်က မဲမသမာမှု ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မတရားအာဏာသိမ်းလိုက်တာဟာ ရွေးကောက်ပွဲအတွင်း မဲရုံ စောင့်ခဲ့တဲ့ ဆရာ၊ ဆရာမတွေကို မရိုးသားသူတွေအဖြစ် စွပ်စွဲလိုက်တာဖြစ်တယ်လို့ ဦးအာကာမင်းနိုင်က ပြောပါတယ်။

“ မဲလိမ်မဲခိုးလို့ အာဏာသိမ်းရပါတယ်ဆိုရင် ဒီဆရာ ဆရာမတွေ ခိုးလို့အာဏာသိမ်းတယ်။ ဒါဆိုရင် ဒီဆရာ ဆရာမတွေက သူခိုးတွေလား။ ကျွန်တော်တို့ကို သူခိုးလို့ စွပ်စွဲတဲ့ သဘောပါပဲ။ သူခိုးလို့ စွပ်စွဲတဲ့အပေါ်မှာ ကျွန်တော်တို့ကတော့ ရှက်တယ်။ သည်းမခံနိုင်ဘူး။ မနာတတ်တဲ့သူကလဲ မနာပါဘူး။ သူတို့ ဒီအတိုင်းပဲ မှိန်းပြီးတော့ နေနေကြတယ်"

ပညာရေးဝန်ထမ်းလုပ်သက် ခုနစ်နှစ်နီးပါးရှိပြီဖြစ်ကြတဲ့ သူတို့ဇနီးမာင်နှံဟာ စစ်တပ်က အာဏာာသိမ်းလိုက်ပြီး နောက်တစ်ရက်မှာပဲ စိတ်တူကိုယ်တူနဲ့ CDM လုပ်ခဲ့ကြတာပါ။ အရင်က ဝန်ထမ်းဘဝလေးနဲ့ နေထိုင်ခဲ့ကြတဲ့ ဦးအာကာမင်းနိုင်တို့ရဲ့မိသားစုဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အရာရာ ခက်ခဲမှုတွေနဲ့ ကြုံလာရပါတော့တယ်။

“အာဏာမသိမ်းခင်က မိသားစုအဆင်ပြေတယ်။ လင်မယားနှစ်ယောက်လုံး ဝန်ထမ်းဖြစ်တဲ့အတွက် မခက်ခဲဘူး။ လင်မယား ခုနစ်နှစ် ရှစ်နှစ်အတွင်း ရတဲ့ဝန်ထမ်းလစာလေးကို စုပြီး အိမ်လေးတစ်လုံးဆောက်ခဲ့တယ်။ အဲအိမ်လေးမှာ သုံးလကျော်လောက်ပဲ နေခဲ့ရတယ်”

စစ်ကောင်စီက CDM လုပ်သူတွေကို အလုပ်ဖြုတ်တာ၊ အမှုဖွင့်အရေးယူတာ၊ ဖမ်းဆီးထောင်ချတာ စတဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ CDM လုပ်ဖော်ကိုင်ဖက်တွေ အဖမ်းခံရတဲ့အချိန်မှာတော့ သူတို့ဇနီးမောင်နှံလည်း စစ်တပ်က ဖမ်းဆီးမှာကို စိုးရိမ်တာကြောင့် ၂ဝ၂၂ ခုနှစ် ဧပြီလမှာ ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

“အမျိုးသားက UG လုပ်တဲ့အခါကျတော့ မရှိဘူး။ သားအမိနှစ်ယောက်တည်း အိမ်မှာကျန်နေခဲ့တယ်။ သူတို့ (စစ်သား) လာပြီဆိုရင် ပုန်းရတယ်။ မိုးရွာထဲမှာရော ကောက်ရိုးပုံတွေမှာ သားအမိနှစ်ယောက် လိုက်ပြီးပုန်းရတယ်။ နောက်ကျတော့ အဆင်မပြေဘူးပေါ့နော်။ အမျိုးသားရဲ့အဖွဲ့အစည်းက အဖမ်းခံလိုက်ရတဲ့အချိန်မှာ သားအမိနှစ်ယောက် အိမ်ကို ဒီတိုင်းထားခဲ့ပြီးတော့ အမျိုးသားနဲ့ အတူတူဆုံပြီး ဒီဘက်ခြမ်းကို ပြေးလာကြတယ်"

CDM ကျောင်းဆရာ ဦးအာကာမင်းနိုင်၊ ဇနီးဖြစ်သူနှင့် ကလေးများ။ (Photo: RFA)
CDM ကျောင်းဆရာ ဦးအာကာမင်းနိုင်၊ ဇနီးဖြစ်သူနှင့် ကလေးများ။ (Photo: RFA)

ထိုင်းနယ်စပ်ကို ရောက်ရှိခဲ့ပေမဲ့ သူတို့ မိသားစုအတွက် အခက်အခဲတွေက ကုန်ဆုံးမသွားခဲ့ပါဘူး။ တရားမဝင်နေထိုင်မှု၊ ဘာသာစကားအခက်အခဲနဲ့ တရားဝင်အလုပ်လုပ်ကိုင်ခွင့် မရှိတာကြောင့် စားဝတ်နေရေးအတွက် အခက်အခဲတွေရှိတယ်လို့ ဦးအာကာမင်းနိုင်က ဆိုပါတယ်။

ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ သူဟာ အရင်က မလုပ်ခဲ့ဖူးတဲ့ စျေးရောင်းတာ၊ ရေသန့်ဗူးလဲပေးတာ၊ ဝန်ဆောင်ခယူပြီး ပစ္စည်းတွေ လိုက်လံပို့ဆောင်တဲ့ (Delivery)အလုပ် စတဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ ကြုံရာအလုပ်တွေ လုပ်ကိုင်ရင်း စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။

“ဆရာ ဆရာမတွေဆိုတာကကျတော့ စာသင်တာတစ်ခုတည်း ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တယ်။ အာဏာသိမ်းပြီးနောက် ကျွန်တော်တို့ လစာလဲ မရတော့ဘူး။ အဲဒီလိုအနေအထားမျိုးမှာ ဘဝရပ်တည်ရေးအတွက် ကြုံရာကျပန်း လုပ်စားကြတော့မယ် ဆိုပြီး ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံး ပဲပြားအစာသွတ်၊ ဝက်သားတုတ်ထိုးဆိုင်လေးတွေ ဖွင့်ရတယ်။ ကျွန်တော့်အမျိုးသမီးဆိုရင်လည်း ကျွန်တော်အလုပ်သွားနေတဲ့အချိန်မှာ ရပ်ရွာထဲမှာ လှည့်ပြီးတော့ မုန့်ဟင်းခါး ပတ်ရောင်းရတဲ့ ဘဝအခြေအနေမျိုးတွေ ဖြစ်သွားတယ်။ တစ်လစာ တစ်လ ဝင်ငွေအလျဉ်မီဖို့အတွက်ကို တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်"

စစ်ကောင်စီရဲ့ ဖိနှိပ်မှုအမျိုးမျိုးကြား သုံးနှစ်တာကာလထိတိုင် တောင့်ခံခဲ့ကြတဲ့ CDM ဝန်ထမ်းတွေရဲ့ အခက်အခဲတွေကလည်း မသေးလှပါဘူး။ ဒါပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်နေနိုင်သေးတာကိုပဲ လိပ်ပြာသန့်တယ်လို့ ဦးအာကာမင်းနိုင်က ဆိုပါတယ်။

ဘယ်လိုအခက်အခဲတွေပဲရှိရှိ အမှန်တရားဘက်မှာ ရပ်တည်ခဲ့တာကြောင့် တစ်နေ့ တော်လှန်ရေးအောင်နိုင်မယ်လို့ ယုံကြည်ပြီး မြန်မာပြည်ကို ပြန်နိုင်ဖို့ ရုန်းကန်အားတင်းထားတယ်လို့ သူတို့ဇနီးမောင်နှံက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။