တရုတ် - မြန်မာ နယ်စပ်မှာ ကလေးတစ်ဦး ရောင်းစားခံရ


2019.03.11

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်က ၁၃ နှစ်အရွယ် ကလေးတစ်ဦး တရုတ်နိုင်ငံဘက်ကို ရောင်းစားခံရတယ်လို့ သိရပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုရဲထက်က တင်ပြထားပါတယ်။

ရောင်းစားခံရတဲ့ ကလေးကတော့ မူဆယ်မြို့နယ် မန့်မိုင်ကျေးရွာက ဦးဂန်ဖန် နဲ့ ဒေါ်မတောင် တို့ရဲ့သမီး မလုပန် အသက် ၁၃ အရွယ်ဖြစ်ပါတယ်။ အဲဒီကလေး ပျောက်သွားတာနဲ့ပတ်သက်လို့ ကလေးရဲ့ မိခင် ဖြစ်သူ ဒေါ်မတောင် က အခုလိုပြောပြပါတယ်။

"ဘုရားကျောင်းသွားမယ်လို့ ပြောပီးမှ ထွက်သွားတာလေ သူထွက်သွားတာလည်း မတွေ့ဘူး တစ်ရက်က သွားတယ် သွားပြီးမှ ပြန်လာပြီးမှ တစ်ခါပြန်သွား မတွေ့တော့ဘူး မိသားစုက"

သူတို့မိသားစုမှာ ကလေး ၅ ယောက်ရှိပြီး အခု နယ်မှာရောင်းစားခံရတဲ့ မလုပန်ဟာ ဒုတိယ မြောက်သမီးလို့ သိရပါတယ်။ ကလေးပျောက်လို့ ရွာထဲမှာ လိုက်လံစုံစမ်းတဲ့အခါ အရင်က လူရောင်းဝယ်မှုတွေ လုပ်ဖူးတဲ့သူ ဒေါ်နန်ရှန် ဆိုတဲ့ အမျိုးသမီးကို မယုံသင်္ကာဖြစ်တာကြောင့် စုံးစမ်းစစ်ဆေးရာကနေ သိရတာဖြစ်ပါတယ်။

ကလေးကို ရောင်းစားခဲ့တယ်ဆိုတဲ့ ဒေါ်နန်ရှန်ဟာ တရုတ်-မြန်မာနယ်စပ် လှေဆိပ်ကနေ ပြန်အလာ စောင့်ပြီးတော့ ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ မန့်မိုင်ကျေးရွာ ဥက္ကဋ္ဌ ဦးလဂျာက RFA ကိုပြောပါတယ်။

"သူက ဟိုဘက်ကမ်းလှေဆိပ်ကနေ ကူးလာပြီး သူ့အမျိုးသားကို လာကြိုလိုက်ဆိုတော့ ကျနော်တို့က ဒီပတ်ဝန်းကျင်ထဲမှာ ပြောထားတယ် သူ့ယောကျ်ား ဖုန်းမကိုင်ဘူး။ ဒီပတ်ဝန်ကျင်ထဲမှာ တစ်ယောက်ယောက် ဆက်လာတယ်ဆိုရင် ချက်ချင်း သတင်းပို့ဆိုတော့ အဲဒီကောင်က ချက်ချင်း သတင်းပို့တော့ သူ့ကို ဒီဘက်ခေါ်လာပြီး စစ်ကြည့်တော့ ပိုက်ဆံတွေ့တာပေါ့။ ကလေးက တရုတ်ပြည်မှာ ဆိုတော့ တရုတ်ပဲ ဖြစ်မှာပေါ့ မနေ့က ကျနော်တို့ စစ်လိုက်တော့ တရုတ်ငွေ ၂၄၀၀၀ တွေ့တာပေါ့။ ကျနော်တို့က ပိုက်ဆံတွေ့တာနဲ့ ချက်ချင်း ရောင်းစားလိုက်ပြီဆိုတာ သိတာပေါ့"

ကလေးရောင်းစားခဲ့တဲ့ ဒေါ်နန်ရှန် ဆိုသူကို မန့်မိုင်ရွာမှာ ဖမ်းထားပြီး မနေ့ကတော့ မူဆယ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့ထံကို လွှဲပေးလိုက်တယ်လို့လည်း ဦးလဂျာ ကပြောပါတယ်။

"ပျောက်သွားတာက ၂၇ ရက် တနင်္ဂနွေနေ့ကျမှ သူ့အမေ ကျနော့်သတင်းလာပို့တော့ ကျနော်က ရဲစခန်းကိုလည်း ကျနော်တို့ ပြောတယ်။ လူကုန်ကူးမှုအဖွဲ့ကိုလည်း ကျနော် ဖုန်းဆက်တယ်။ မန့်မိုင်မှာကျတော့ ခုနပြောတဲ့ ဒေါ်နန်ရှန် ကျတော့ မန့်မိုင်အုပ်စုထဲကတော့ ဟုတ်တယ် ဒါပေမဲ့ ရွာကျတော့ မတူဘူးပေါ့ ကျနော်တို့ မန့်မိုင်ထဲမှာတော့ မဖြစ်ဖူးဘူးပေါ့ ဒီတစ်ခေါက်ကျမှ အဲလိုဖြစ်ဖူးတယ်ဆိုတော့ ကျနော်လည်း စိုးရိမ်တာပေါ့ နောက်မဖြစ်ဖို့ရာ ကျနော်လည်း တာဝန်ရှိတာပေါ့ ကျနော်လုပ်ရမှာပဲ"

ဒီကိစ္စနဲ့ပတ်သက်လို့ RFA က လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ကို ဆက်သွယ်တဲ့အခါ လူရောင်းစားတယ် ဆိုတဲ့ ဒေါ်နန်ရှန် ဆိုသူကို လူကုန်ကူးမှုဥပဒေနဲ့ အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးတာတွေ လုပ်နေပြီး တရုတ်ပြည်ဘက်ကနေ ပြန်ရောင်းတဲ့ ပွဲစားကို မမိသေးတာကြောင့် ရောင်းစားခံရတဲ့ ကလေးပြန်ရမရတော့ မသေချာသေးဘူးလို မူဆယ်မြို့ လူကုန်ကူးမှု တိုက်ဖျက်ရေးခေါင်းဆောင် ရဲမှူး ဦးကျော်ညွန့်က ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံက မိန်းကလေးတွေကို တရုတ်နိုင်ငံဘက် ရောင်းစားတဲ့အမှုတွေ နှစ်စဉ်ဆိုသလို ဖြစ်ပွားနေပြီး ၂၀၁၇ ခုနှစ်က အမှုပေါင်း ၃၀၊ ၂၀၁၈ ခုနှစ်က အမှု ၄၀ နဲ့ အခု၂၀၁၉ ခုနှစ် ၃လပိုင်းအထိတော့ ၃မှု ဖြစ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ၂ မှုကတော့ မသင်္ကာလို့ စစ်ဆေးတာကနေ လူအရောင်းအဝယ် မဖြစ်ခင် တားဆီနိုင်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။