ချင်းပြည်နယ်မြောက်ဖျားက လူမသိသူမသိ ဘိန်းစိုက်ခင်းများ
2022.12.14

မြန်မာနိုင်ငံမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အဆင်းရဲဆုံး ပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ် မြောက်ဖျားပိုင်း တွန်းဇံမြို့နယ်က ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ဘိန်းစိုက်ပျိုး နေကြရပါတယ်။
တွန်းဇံတစ်မြို့နယ်လုံးမှာ ရွာပေါင်း ၉၀ ရှိတဲ့အနက် လုံတပ်၊ ဂဲလ်မွာလ်၊ ဖိုင်တူ၊ စာလ်ဇန်၊ မွလ်ပီး၊ အန်းလွန်း၊ ဆဲနန်၊ ခွောခန့်၊ စိန်းပျဲာလ်၊ ဟိန်ဇန်၊ ဘားလ်ဘီလ်၊ ရှလ်လုပ်၊ စိပက်၊ ဟန်ကင်၊ မောင်ဇန်နဲ့ ခမ်ဇန်ရွာ အပါအဝင် ရွာပေါင်း ၃၀ လောက်မှာ ဘိန်းစိုက်ပျိုးပြီး စားဝတ်နေရေးကို ဖြေရှင်းနေကြရပါတယ်။
မိရိုးဖလာစိုက်လာတဲ့ ပြောင်းဖူးနဲ့ပဲ အထွက်မကောင်းတာ၊ စျေးမရတာ၊ ထောပတ်စိုက်ဖို့ အရင်းအနှီးမရှိတာလို အခက်အခဲတွေကြောင့် စိုက်ပျိုးရလွယ်ပြီး စျေးကောင်းရတဲ့ ဘိန်းကို စားဝတ်နေရေးအတွက် မစိုက်ချင်ဘဲ စိုက်နေရတာလို့ အနှစ် ၂၀ ကြာ ဘိန်းစိုက်လာသူ ဦးဇိုလို့ (အမည်လွဲ) က RFA ကို ပြောပါတယ်။
“ဘိန်းအစား ထောပတ်စိုက်မယ်ဆိုရင် သူများလို အရင်းအနှီးမရှိဘူး။ ထောပတ်စိုက်ရင် ခုနစ်နှစ်၊ ရှစ်နှစ် လောက်မှ အသီးတွေသီးပြီး ရောင်းရတာဆိုတော့ အသီးမခူးခင် အချိန်အတောအတွင်းမှာ ပြုစုဖို့၊ ထည့်ရမယ့် အရင်းအနှီးတွေလည်း ကျနော်တို့မှာ မရှိဘူး။ ဘိန်းခင်းကကျတော့ ဒီနှစ်စိုက်ရင် ဒီနှစ်ပိုက်ဆံရတယ်။ တစ်နှစ်အတွင်းမှာ ပိုက်ဆံ မြန်မြန်ပေါ်တဲ့ အပင်ဖြစ်တယ်။ ဘိန်းက ဘုရားမကြိုက်တာ၊ အစိုးရ မကြိုက်တာ ဖြစ်ပေမယ့်လည်း ကျနော်တို့ ဆင်းရဲသားတွေအတွက် အသက်ရှင်နိုင်ရေး ဒီဟာကို စိုက်ပျိုးနေရတာပါ ”
အရင် ပြောင်းဖူးစိုက်ချိန်က စားဝတ်နေရေး အဆင်မပြေသလို သားသမီးတွေကိုပါ ကျောင်းမထားနိုင်ပေမယ့် ဘိန်းပြောင်းစိုက်ပြီးနောက် သားသမီးတွေကို ကျောင်းထားနိုင်သလို မြို့ပေါ်ကိုပါ ပြောင်းနေနိုင်ခဲ့တယ်လို့ ဦးဇိုလို့က ပြောပါတယ်။
တွန်းဇံမြို့မှာ ၁၉၈၀ ခုနှစ် ဝန်းကျင်ကစ ဘိန်းစိုက်လာကြတာဖြစ်ပြီး စစ်အာဏာသိမ်းပြီး နောက်မှာ စီးပွားရေး ပိုကျပ်တည်းလာလို့ တစ်ဦးကို အနည်းဆုံး ၃ ဧက ကနေ ဧက ၃၀ အထိ စိုက်လာတာကြောင့် အခုနှစ်မှာဆိုရင် ဧကပေါင်း တစ်ထောင်ကျော်လောက် ရှိလာပါပြီ။
ဘိန်းကို တွန်းဇံမြို့မှာရှိတဲ့ ဒေသခံအများစု အဓိကစိုက်ပျိုးကြသလို တီးတိန်မြို့ကနေ ပြောင်းရွေ့လာပြီး စိုက်ကြသူတွေလည်း ရှိပါတယ်။
"ကျနော်တို့ ဆင်းရဲသားတွေအတွက် အသက်ရှင်နိုင်ရေး ဒီဟာကို စိုက်ပျိုးနေရတာပါ"
ဒါ့အပြင် စစ်ကိုင်းတိုင်း တမူးမြို့၊ အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်နဲ့ မဏိပူပြည်နယ် ဘက်မှာ နေထိုင်သူတွေက ဒေသခံတွေကို အရင်းအနှီးထုတ်ပေးပြီး စိုက်ပျိုး ခိုင်းတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာတက္ကသိုလ်မှာ ကျောင်းတက်နေရာကနေ တွန်းဇံကိုပြန်လာပြီး ဘိန်းစိုက်နေတဲ့ ကိုထန်တား (အမည်လွဲ) ကလည်း စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေကြောင့် စားဝတ်နေရေး ကျပ်တည်းလာလို့ အခုလိုစိုက်နေရတာလို့ RFA ကို ပြောပါတယ်။
“အခုချိန်ကာလက နိုင်ငံရေးလည်းမကောင်းဘူး။ အသက်ရှင်ရတာ ခက်တယ်။ အစိုးရတွေကလည်း ကုန်စျေးနှုန်းတွေကို မထိန်းနိုင်ဘူး။ ဒီဘိန်းကိုမစိုက်ရင် ဘာနဲ့ ပိုက်ဆံရမှာလဲဆိုတာနဲ့ စိုက်တာပါ။ ဒီဘိန်း စိုက်တာနဲ့ ချမ်းသာသွားတာ မရှိပါဘူး။ ချမ်းသာဖို့နေနေသာသာ ပိုပြီးဆင်းရဲခံနေရတယ်။ အစိုးရတွေက ဒီဘိန်းအစား တခြားနှစ်ရှည်ပင် ထောပတ်သီးတို့ အစားထိုး စိုက်ပျိုးနိုင်ဖို့ အရင်းချပေးစေချင်တယ် ”
ဒေသခံတွေဟာ အစောပိုင်းဘိန်းနဲ့ နောက်ပိုင်းဘိန်းဆိုပြီး နှစ်မျိုးစိုက်ကြပါတယ်။
အစောပိုင်းဘိန်းအတွက် မတ်လမှာ သစ်ပင်တွေခုတ်လှဲ မီးရှို့ရှင်းလင်း၊ ဇူလိုင်လမှာ ပေါင်းသတ်ဆေးဖြန်းပြီး ဩဂုတ်လအစောပိုင်း မျိုးကြဲစိုက်ပျိုးရသလို ဒီဇင်ဘာ ရောက်ရင်တော့ အစေးခြစ်ယူကြပါတယ်။
နောက်ပိုင်းဘိန်းကိုတော့ ဇူလိုင်လမှာ သစ်ပင်ခုတ်လှဲ မီးရှို့ရှင်းလင်း၊ ဩဂုတ်လမှာ ပေါင်းသတ်ဆေးဖြန်း၊ စက်တင်ဘာလမှာ မျိုးကြဲစိုက်ပျိုးပြီး ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ အစေးခြစ်ယူကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်ဧကကို ဘိန်းစိမ်းအများဆုံး သုံးပိဿာလောက်ရပြီး လက်ရှိတစ်ပိဿာပေါက်စျေး ကျပ်သိန်း ၂၀ ခန့်နဲ့ အိန္ဒိယဘိန်းပွဲစားတွေ စိုက်ခင်းအထိ လာဝယ်ကြတယ်လို့ ဘိန်းစိုက်သူတွေက ပြောပါတယ်။
ဝေးလံတဲ့ ဘိန်းစိုက်ခင်းတွေဆီ ဆိုင်ကယ်ရော ခြေလျင်နဲ့ပါ သွားရပေမယ့် ပုံမှန်ဝင်ငွေ ရတဲ့အပြင် တခြား အလုပ်တွေထက် လုပ်အားခပိုရတယ်လို့ နေ့စားအလုပ်သမား ကိုခိုင်(အမည်လွှဲ) က RFA ကို ပြောပါတယ်။
“အလုပ်တွေလည်း မရှိကြဘူးလေ။ စားသောက်နေထိုင်ရေးအတွက် ဘာအလုပ်ပဲ ဖြစ်ဖြစ် မလုပ်ချင်လည်း လုပ်ရတာပဲ။ ရှင်သန်နိုင်ရေးပေါ့။ ဘိန်းခြစ်တာ၊ ဘိန်းခင်း ပေါင်းနုတ်တာအတွက် လုပ်အားခကတော့ တစ်သောင်း၊ တစ်သောင်းနှစ်ထောင် အဲလောက်ရတယ်။ စိုက်ခင်းကို ဆိုင်ကယ်နဲ့ ၂ နာရီလောက်မောင်းပြီး ခြေလျင်နဲ့ ၃ နာရီလောက် သွားရတယ်။ တချို့စိုက်ခင်းတွေဆို တစ်ရက်လောက်သွားမှ ရောက်တယ်။ သာမန်အလုပ် နေ့စားခကတော့ တနေ့ကို ရှစ်ထောင်လောက်ပဲ ရတယ်ဆိုတော့ ဝင်ငွေပိုရတဲ့ ဘိန်းစိုက်ခင်းကို လုပ်ကြရတာ”
ဘိန်းစိုက်ပျိုးရင်း၊ ဘိန်းကိုမြည်းစမ်းရင်း ဘိန်းစွဲသွားသူတွေရှိပေမယ့်လည်း ချင်းပြည်နယ်မှာ အလုပ်အကိုင် ရှားပါးတဲ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် စားဝတ်နေရေး ပိုကျပ်တည်းတာကြောင့် ဘိန်းစိုက်ခင်းမှာ ဝင်လုပ်နေရတာလို့လည်း ပြောပါတယ်။

တစ်ဖက်မှာလည်း ဒီလို ဘိန်းခင်းတွေများလာပြီးနောက် ဘိန်းစွဲသူတွေ တစ်နှစ်ထက် တစ်နှစ် ပိုများလာသလို တွန်းဇံမြို့ပေါ်မှာတင် ဘိန်းစွဲသူ တစ်ရာနီးပါးလောက်ရှိပြီး သူတို့အတွက် ဆေးဖြတ်ဖို့အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တွန်းဇံမြို့နယ် ဒေသကာကွယ်ရေးအဖွဲ့ (CDF) ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း တွန်းဇံမြို့မှာ ဘိန်းစိုက်ခင်းပပျောက်ဖို့ ကြိုးစားနေတယ်လို့ RFA ကို ပြောပါတယ်။
“ကျနော်တို့ကတော့ တော်လှန်ရေး အောင်မြင်ရင်တော့ ဘိန်းစိုက်တာကို အမြစ် ဖြတ်ချင်တယ်။ ဒေသခံတွေဆီ ကနေ အစိုးရက အခွန်ကောက်ပြီးတော့ တစ်ဧက၊ နှစ်ဧကလောက်ကို ဓာတ်ပုံရိုက်ပြီးတော့ ဘိန်းခင်းဖြတ်တဲ့ပုံစံနဲ့ တစ်ဧကလောက် ဖြတ်ပြီးတော့ အကုန်လုံးမဖြတ်ဘူးပေါ့။ အဲလို အခြေနေမျိုးရှိတယ်။ ကျနော်တို့ NLD ခေတ်မှာလည်း ပါတီအနေနဲ့ မကိုင်နိုင်ဘူး သိတဲ့အတိုင်းပဲလေ။ NLD က ရဲနဲ့စစ်သားကို NLD က တိုက်ရိုက် ကိုင်တွယ်နိုင်တာ မဟုတ်ဘူးဆိုတော့ သူတို့လုပ်ချင်သလိုလုပ်တယ်။ ဒေသခံပြည်သူ ဘိန်းစိုက်တဲ့တွေဆီကနေ အခွန်ကောက်ပြီးတော့ စိုက်ခိုင်းတာပဲလေ ”
ဘိန်းခင်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ဝင်တွေက ပိုက်ဆံရဖို့ အတွက် ဖုံးကွယ်ပေးခဲ့တာကြောင့် အစိုးရအဆက်ဆက် ပပျောက်အောင် မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
အခက်အခဲအမျိုးမျိုးကြောင့် ဘိန်းတစ်ခုတည်းကိုပဲ စိုက်နေရတဲ့ ဒေသခံတွေဟာ ထောပတ်လိုမျိုး အခြား အစားထိုးသီးနှံတွေ စိုက်ပျိုးနိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေ ထံကနေ အရင်အနှီးထုတ်ပေးမလား မျှော်လင့်နေကြပါတယ်။