ခက်ခဲလာတဲ့ ချင်းရိုးရာ ဂျပ်ခုတ်လုပ်ငန်း

RFA Burmese
2023.03.08
ခက်ခဲလာတဲ့ ချင်းရိုးရာ ဂျပ်ခုတ်လုပ်ငန်း ချင်းရိုးရာ ဂျက်ခုတ်လုပ်ငန်း ရက်လုပ်နေသူ တစ်ဦးအား ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းမှာရှိတဲ့ ယောက်ချိုကွင်းရွာမှာ ချင်းလူမျိုးအများစု နေထိုင်ကြပြီး လယ်ယာလုပ်ငန်းအပြင် ချင်းရိုးရာ ဂျပ်ခုတ်လို့ခေါ်တဲ့ အထည်ရက်ကန်း လုပ်ငန်းကိုပါ တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြပါတယ်။

အိမ်ခြေတစ်ရာကျော်ရှိတဲ့ အဲဒီရွာမှာ အိမ်တိုင်းလိုလို ရက်ကန်းစင်ရှိကြပြီး ချင်းအမျိုးသမီး အများစုကလည်း ရက်ကန်းရက်တတ်ကြပါတယ်။

ဒေသခံတွေဟာ ရာသီပင်နဲ့ ဆန်စပါးကို အဓိကထားစိုက်ပျိုးကြပေမယ့် အားလပ်ချိန်မှာ တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိဖို့ ချင်းရိုးရာအထည်တွေ ရက်လုပ်ကြတယ်လို့ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

"ကျမတို့ လုပ်အားခနဲ့ ချည်ကြိုးကုန်ကျစရိတ်တွေနဲ့ ကျမတို့ပေးလိုက်ရတဲ့ အချိန်တွေနဲ့ မကိုက်တော့ဘူး”

ဒီနေရာမှာ ချည်မျှင်တစ်ပင်ချင်း ရက်လုပ်တဲ့ ချင်းရိုးရာဂျပ်ခုတ်ထည်နဲ့ ချည်မျှင်ကို နှစ်ပင်၊ သုံးပင်ပူး စင်ထိုးရက်လုပ်တဲ့ လက်ရက်ကန်းဆိုပြီး နှစ်မျိုးရှိသလို ချင်းလူမျိုးတွေကတော့ ရွှေကိုမြတ်နိုးတန်ဖိုးထားသလိုပဲ ဂျပ်ခုတ်အထည်တွေကိုလည်း တန်းဖိုးထားပြီး ဝယ်ယူဝတ်ဆင်ကြပါတယ်။

ဂျပ်ခုတ်ထည်တွေဟာ အရည်သွေးကောင်းပြီး ဈေးမြင့်တာကြောင့် ပြည်တွင်းဝယ်ယူသူ နည်းပါးပြီး ပြည်ပရောက်ချင်းလူမျိုးတွေပဲ ဝယ်ယူကြတယ်လို့ ချင်းရိုးရာ ဂျပ်ခုတ်ရက်ကန်း လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ကျုံးနွာမ်က ပြောပါတယ်။

“အကြိုက်ချင်းကတော့ မတူဘူးပေါ့နော်။ ပိုက်ဆံတတ်နိုင်တဲ့ သူတွေကျတော့ လက်ရက်ကန်းပဲကြိုက်တယ်။ ပွဲတိုးတာကြတော့ ဒီလိုလက်ရက်ကန်းကြတော့ ပွဲတိုးတာပေါ့။ စက်ရက်ကန်းတွေကြတော့ ရိုးရိုးပဲ သူကတော့ နေ့တိုင်းဝတ်လို့ရတာပေါ့။ ဒီမြန်မာနိုင်ငံကနေတော့ သိပ်ပြီးတော့မှ မဝတ်ပါဘူး။ ပိုက်ဆံချမ်းသာတဲ့လူလောက်ပဲ ဝတ်နိုင်တယ်လို့ ပြောရမှာပေါ့နော် အခုခေတ်ဈေးနဲ့ဆိုရင်။ ကျမလုပ်တာက တခြား နိုင်ငံကို ရောင်းတာပဲများတယ်။ ကျမအနေနဲ့ ဒီအလုပ်ကို မလုပ်ချင်တော့ဘူးပေါ့။ ကျန်းမာရေးလည်းထိခိုက်တယ်။ ဘာမှမရှိလို့သာ လုပ်နေရတာ”

ချင်းရိုးရာဂျပ်ခုတ် ထဘီတစ်ထည်ကို အနည်းဆုံးနှစ်လနီးပါးလောက် ရက်လုပ်ရပြီး ဟားခါးချင်းအဆင် ထဘီတစ်ထည်ကို ငွေကျပ် ၆ သိန်းလောက် ပေါက်ဈေးရှိပါတယ်။

စင်ထိုးလက်ရက်ကန်းထည်တွေကတော့ ချင်းရိုးရာဂျပ်ခုတ်ထည်ထက် ပိုမြန်ပြီး တစ်ပတ်မှာ ထဘီတစ်ထည်နှုန်း ရက်လုပ်နိုင်သလို ဈေးနှုန်းကလည်း ငွေကျပ် ၃ သောင်းကနေ ၁ သိန်း ဝန်းကျင်အထိသာရှိပါတယ်။

အသက် ၁၈ နှစ်အရွယ် ဆယ်တန်းကျောင်းသူ မကျိန်ငိုက်ဒိမ်က နိုင်ငံရေး၊ စစ်ရေး အခြေအနေကြောင့် မိသားစု စားဝတ်နေရေးအတွက် ကျောင်းထွက်ပြီး ရက်ကန်း လုပ်နေတယ်လို့ RFA ကို ပြောပါတယ်။

“ပြီးခဲ့တဲ့ အပတ်တုန်းကတော့ ကျမ ချင်းအဆင်ထဘီကို ရက်လုပ်တယ်။ အခုတော့ ချင်းရိုးရာ တဘက်စောင်ကို ရက်တယ်။ ကျမတို့က ဖောက်သည်ရှိတယ်။ ဖောက်သည်တွေက လုပ်ခိုင်းသလို လုပ်ပေးရတယ်။ တခြား အလုပ်တော့မရှိဘူး။ ဆယ်တန်းအထိတော့ တက်တယ်။ စားမေးပွဲတော့ မဖြေလိုက်ရဘူး။ နိုင်ငံရေး အခြေအနေ မကောင်းတော့ နားလိုက်တယ်။ နိုင်ငံရေး ပြန်ကောင်းလာရင်တော့ ကျောင်းပြန်ဆက်တက်ချင်သေးတယ်”

လက်ရှိ အထည်ရက်လုပ်ရာမှာ အသုံးပြုရတဲ့ ချည်မျှင်ဈေးတွေ တက်လာပေမယ့် ကုန်ချောအထည်အတွက် ဈေးတိုးမရဘူးလို့ လက်ရက်ကန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ဒါ့အပြင် ဈေးနှုန်းသက်သာတဲ့ စက်ယက်ကန်းချည်ထည်တွေ များလာတာကြောင့် လက်ရက်ကန်းထည်တွေကို သိပ်မဝယ်ကြတော့ဘူးလို့ လက်ရက်ကန်းခတ်သက်တမ်း ၁၀ နှစ်ရှိပြီဖြစ်တဲ့ မကျိန်ဆန်းလျန်က ပြောပါတယ်။

“အခုက ချည်ကြိုးတွေ ဈေးတက်တယ်။ ဒါပေမဲ့ ကျမတို့ လုပ်ပြီးသားအထည်တွေက ဈေးတက်ရောင်းလို့ မရဘူး။ အဲဒါကြောင့် ကျမတို့အတွက် ခက်ခဲတယ်။ ကျမတို့ လုပ်အားခနဲ့ ချည်ကြိုးကုန်ကျစရိတ်တွေနဲ့ ကျမတို့ပေးလိုက်ရတဲ့ အချိန်တွေနဲ့ မကိုက်တော့ဘူး”

ချင်းရိုးရာဂျပ်ခုတ်ထည်တွေကို အမျိုးသမီးတွေသာ နှစ်သက်ကြပြီး နေ့ထူးနေ့မြတ်တွေမှာ ဝတ်ဆင်ကြတာ များတယ်လို့ ဆိုပါတယ်။

ချင်းရိုးရာ ဂျက်ခုတ်လုပ်ငန်း ရက်လုပ်နေသူ တစ်ဦးအား ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ချင်းရိုးရာ ဂျက်ခုတ်လုပ်ငန်း ရက်လုပ်နေသူ တစ်ဦးအား ၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အခုနောက်ပိုင်း ကိုဗစ် - ၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ချင်းရိုးရာ အထည်တွေ အရင်ကလို ရောင်းအားမကောင်းတော့ဘူးလို့ ကလေးမြို့က ချင်းရိုးရာအထည်ဆိုင်ပိုင်ရှင် ကိုလျန်နာက RFA ကို ပြောပါတယ်။

“ရိုးရာအထည်ပဲ မဟုတ်ပါဘူး။ ကျန်တဲ့အကုန်လုံး စားကုန်တွေရော၊ အဝတ်အစား ကျန်တဲ့ဖိနပ်ကအစ လူသုံးကုန် ပစ္စည်းဟူသမျှဟာ ကုန်ဈေးနှုန်းက အဆမတန် တက်တော့ ရောင်းအားကတော့ ကျနော်တို့မှာ လျော့သွားတာရှိပါတယ်။ ကိုဗစ်ကြောင့်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးကြောင့်ပဲဖြစ်ဖြစ် လူတိုင်းလူတိုင်းမှာ ရောင်းအားကတော့နည်းတယ်”

ချင်းမှာ မျိုးနွယ်စုပေါင်း ၅၃ မျိုးရှိပြီး အဲဒီမတူညီတဲ့ မျိုးနွယ်တစ်ခုချင်းစီရဲ့ ရိုးရာ ဝတ်စုံတွေကို ချင်းရိုးရာ လက်ရက်ကန်းနဲ့သာ ရက်လုပ်ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းအဆမတန် တက်လာတာကြောင့် မဖြစ်မနေ ဝယ်ရမယ့် စားသောက်ကုန်နဲ့ ဆေးဝါးတွေလောက်ပဲ အဓိကဝယ်ကြတာမို့ ချင်းရိုးရာ လက်ရက်ကန်းအထည်တွေ အရင်ကလို ရောင်းအားမကောင်းတော့ဘူးလို့ ရိုးရာရက်ကန်း လုပ်ကိုင်သူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။