တရုတ်ခြံစည်းရိုးကြောင့် ကချင်မိသားစုတွေ ကွဲကွာ

၂၀၂၀ နှစ်ဆန်း COVID ကပ်ရောဂါ ကူးစက်မှုမြင့်တက်ချိန်ကစပြီး တရုတ်-မြန်မာ နယ်စပ်က လူဝင်လူထွက်များတဲ့ ကချင်ဒေသက မိုင်ဂျာယန်မြို့နားက နယ်စပ်မျဉ်းကို တရုတ်အစိုးရက ခြံစည်ရိုးကာခဲ့ပါတယ်။
စီစီတီဗီ လုံခြုံရေးကင်မရာတွေ၊ အလိုအလျောက် အာရုံခံကိရိယာတွေ တပ်ဆင်ထားတဲ့ အဲဒီခြံစည်းရိုးဟာ ၂၀၂၁ နှစ်ဆန်းပိုင်းမှာ ပြီးပြည့်စုံသွားပြီး ကချင်ပြည်နယ်နဲ့ တရုတ် နယ်စပ်အကြား လုံးဝဖြတ်သန်းလို့ မရတော့တဲ့ တံတိုင်းတစ်ခုလို ဖြစ်လာခဲ့ပါတယ်။
မိုင်ဂျာယန်ဒေသတစ်လျှောက်မှာဆိုရင် တရုတ်ဘက်က နယ်စပ်ခြံစည်းရိုးကို သုံးဆင့်အထိ ကာရံထားပြီး ခြံစည်းရိုးတစ်လျှောက် မီတာ ၅၀ အကွာလောက်ကနေ စီစီတီဗီ ကင်မရာ တွေနဲ့ ၂၄ နာရီ စောင့်ကြည့်နေခဲ့တာလို့ ကချင်မိသားစုတွေက ပြောပါတယ်။
နယ်စပ်ခြံစည်းရိုးကို ဖောက်ဝင်ဖို့ တစ်စုံတစ်ယောက် ခြံစည်းရိုးနား ကပ်လာပြီဆိုရင် စီစီ တီဗီ ကင်မရာတွေက လူရှိတဲ့ဘက်ကို အလိုအလျောက်လှည့်လာပြီး အာရုံခံ ကိရိယာတွေ ကတစ်ဆင့် “နယ်စပ်ကာကွယ် ထိန်းချုပ်ရေး ဒေသဖြစ်လို့ အနားမကပ်ကြပါနဲ့” ဆိုပြီး တရုတ်၊ ကချင်၊ မြန်မာ သုံးဘာသာနဲ့ သတိပေးချက်အသံ ထွက်ပေါ် လာတယ်လို့ မိုင်ဂျာယန်ဒေသခံတွေက ပြောပါတယ်။
အရင်က နယ်စပ်မျဉ်းဆိုတာကိုတောင် မသိဘဲ ဟိုဘက်ဒီဘက် တစ်နိုင်ငံတည်းလို နေထိုင်ခဲ့ကြပြီး အခုတော့ ဒီခြံစည်းရိုးကြောင့် ကချင်မိသားစုတွေ ကွဲကွာသွားတယ်လို့ မိုင်ဂျာယန်မြို့ခံ ဦးလဗျလ က ဆိုပါတယ်။
“ဒီဟာကာလိုက်တဲ့နောက်တော့ ကျနော်တို့ဘက်က ပြည်သူတွေရော၊ သူတို့ဘက်က ပြည်သူတွေရော အဆက်အသွယ်ဆက်ဆံရေးတွေ အကုန်လုံးက ပြတ်တောက်သွားပြီ။ လုပ်ကိုင်စားသောက်ဖို့လည်း အကုန်လုံး ပြတ်တောက်သွားပြီ။ နယ်စပ်စည်းရိုး မကာ ခင်တော့ ဒါက မြန်မာနိုင်ငံ၊ ဒါက တရုတ်နိုင်ငံလို့ အစိုးရတွေက သတ်မှတ်ထားပေမယ့် ကျနော်တို့ ပြည်သူတွေကတော့ နှစ်နိုင်ငံလို့ မသတ်မှတ်ဘဲ၊ ဘာမှ အတားအဆီးမရှိဘဲ အတူတူနေခဲ့တာ။ ၂၀၂၁ ခုနှစ်မှာ ခြံစည်းရိုးကာလိုက်ပြီးနောက်တော့ သူတို့လည်း ဒီကိုလာလို့မရ၊ ကျနော်တို့လည်း သူတို့ဆီ သွားလို့မရ နှစ်ခြမ်းကွဲသွားတယ်။ အခုမှ နိုင်ငံ နှစ်နိုင်ငံလို ဖြစ်သွားတာပေါ့၊ အရင်ကတော့ နိုင်ငံတစ်ခုလိုပဲ တူတူနေခဲ့တယ်”
ဦးလဗျလရဲ့ အစ်ကိုနှစ်ယောက်က လောလောဆယ် တရုတ်ပြည်ဘက်ခြမ်းမှာ နေထိုင်ပြီး သူ့ရဲ့ ဆွေမျိုးသားချင်းတစ်ဦးကလည်း တရုတ်နိုင်ငံသားတစ်ဦးနဲ့ လက်ထပ်ထားတာပါ။
အရင်ကဆိုရင် တရုတ်-မြန်မာ နယ်စပ်မျဥ်းဆိုတာကိုတောင် မေ့နေပြီး အိမ်သစ်တက်၊ မင်္ဂလာဆောင်နဲ့ ခရစ်ယာန်ဘာသာရေး ဝတ်ပြုဆုတောင်းပွဲကအစ သာရေး၊ နာရေး ကိစ္စမှန်သမျှ ဟိုဘက်ဒီဘက် ကချင်မိသားစုတွေ အလွယ်တကူ ဝင်ထွက်သွားလာပြီး အတူနေ အတူစားခဲ့ကြတာလို့လည်း သူက ဆိုပါတယ်။
မိုင်ဂျာယန်မြို့ ပရန်ငေါန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမရန်နော် ကတော့ နယ်စပ်ခြံစည်းရိုး ကြောင့် အရင်က နယ်စပ်ဖြတ်ပြီး အလွယ်တကူရောင်းချလို့ရခဲ့တဲ့ မြန်မာဘက်က ကုန်ပစ္စည်းတွေလည်း အခုတော့ ဘာတစ်ခုမှ မရောင်းရတော့ဘူးလို့ ပြောပါတယ်။
“ဒီဘက်မှာစိုက်တဲ့ Macadamia တွေ တရုတ်ပြည်ဘက် အများကြီးရောင်းလို့ ရတယ်။ အခု ဒီခြံစည်းရိုးကာလိုက်တာနဲ့ ဘာမှ ရောင်းလို့မရတော့ဘူး။ အကုန်းလုံး နေအိမ်တွေ မှာပဲ သိမ်းထားကြတယ်။ တစ်အိတ်ရတဲ့သူလည်း တစ်အိတ်သိမ်းထားပြီး စားလိုက် ကြတာပေါ့။ အရင်က ဒီဘက်မှာစိုက်ထားတဲ့ သစ်တွေလည်း ဟိုဘက်ကို ရောင်းလို့ ရတယ်။ အခုဝင်လို့မရတော့ အရမ်းခက်ခဲသွားတယ်။ ဘာမှကို ရောင်းစားလို့မရတော့ ခက်ခဲသွားတာပေါ့“
"တိုက်ပွဲဖြစ်လာရင်တော့ ကျမတို့ပြည်သူတွေကို လက်မခံချင်တဲ့သဘောဖြစ်တယ်"
Macadamia ဆိုတာ အဆန်ကိုစားလို့ရတဲ့ အခွံမာအသီးတစ်မျိုးဖြစ်ပြီး တရုတ်နိုင်ငံဘက် မှာ စီးပွားဖြစ် စိုက်ပျိုးသလို ကချင်ဒေသမှာ စိုက်ပျိုးပြီးနောက် အရင်က တရုတ်ပြည်ဘက် ကို အလွယ်တကူ တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့ ဦးမရန်နော်က ရှင်းပြပါတယ်။
အရင်က တရုတ်ဘက်က စားသောက်ကုန်နဲ့ ကုန်စိမ်းတွေ ဖောက်သည်သွားယူပြီး မိုင်ဂျာယန်ဘက်မှာ ပြန်ရောင်းချခဲ့တဲ့ မိုင်ဂျာယန် ပါကထောင်စစ်ဘေးဒုက္ခသည်စခန်းက ဒေါ်လုဘူ ကတော့ တရုတ်ခြံစည်းရိုး ကြောင့် ဈေးလည်းရောင်းမရ ဆွေမျိုးတွေနဲ့လည်း မတွေ့ရဘဲ တစ်ကွဲတစ်ပြားစီ ဖြစ်ကုန်ပြီလို့ RFA ကို ပြောပါတယ်။
“သူတို့က တိုက်ပွဲဖြစ်လာရင်တော့ ကျမတို့ ပြည်သူတွေကို လက်မခံချင်တဲ့ သဘော ဖြစ်တယ်လို့ပဲမြင်တယ်။ ကျမတို့လို အသက်ကြီးတဲ့၊ ဘာမှပညာမတတ်တဲ့ အဘွားတွေ တောင် ဒါကိုသိတယ်။ သူတို့လည်း ကြောက်နေကြတယ်လို့ပဲ မြင်တယ်။ မကောင်းတဲ့ အိမ်နီးချင်းပေါ့။ လမ်းမပိတ်ခင်ထိတော့ ဒီက ကျမတို့ စစ်ဘေးဒုက္ခသည်တွေလည်း ဟိုဘက်ကမ်း တရုတ်ပြည်ဘက် ဈေးပဲသွားတယ်။ သွားလိုက်လာလိုက်ပဲ။ ပိုက်ဆံ သွားရှာစားလည်းရတယ်။ အခုက တစ်ပြားမှ သွားရှာစားလို့ မရတော့ဘူး။ အဲလို ဖြစ်သွားတယ်။ အခုက တရုတ်ပြည်က ဆွေမျိုးတွေနဲ့ တွေ့ဆုံနိုင်ဖို့က မမျှော်လင့် ရဲတော့ဘူး။ ဆွေမျိုးမိသားစုဝင်တွေလည်း သတ်သတ်စီဖြစ်သွားပြီ”
နယ်စပ်ခြံစည်းရိုးကြောင့် ဒီနှစ်ဆန်းပိုင်းက တရုတ်ပြည်ဘက်မှာ နေထိုင်တဲ့ သူ့အဒေါ် အရင်းဆုံးသွားတဲ့ ဈာပနကိုတောင် သူ မသွားနိုင်ခဲ့ဘူးလို့ ဒေါ်လုဘူ က ဆိုပါတယ်။
အရင်ကတော့ ၂၀၁၁ ခုနှစ် တစ်ကျော့ပြန် စစ်ပွဲမှာ မြန်မာစစ်တပ်က ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာဒေသအနီးတစ်ဝိုက်ကို လေကြောင်း၊ ကြည်းကြောင်းနှစ်ဖက်ညှပ်ပြီး ထိုးစစ်ဆင်ချိန် လိုင်ဇာအနီးတစ်ဝိုက်က ဒုက္ခရောက်နေတဲ့ ကချင်မိသားစုတွေကို တရုတ်ပြည်ဘက်ခြမ်းမှာ နေထိုင်တဲ့ ကချင်မိသားစုတွေက ၂၀၁၃ ဇန်နဝါရီလထဲမှာ အုပ်စုလိုက် နယ်စပ်ဖြတ်ကျော်ပြီး တကူးတက လာရောက်အားပေးခဲ့ဖူးပါတယ်။
အခုတော့ နယ်စပ်ခြံစည်းရိုးကြောင့် တရုတ်ပြည်ဘက်မှာ ကျောင်းတက်နေတဲ့ ၁၅ နှစ် အရွယ် သမီးလေးကို အလွယ်တကူ မတွေ့ရတော့ဘဲ စိတ်ပူနေရတယ်လို့ မိုင်ဂျာယန်မြို့ ဂျာရင်ယာန် ကျေးရွာသူ ဒေါ်ဆိုင်းနန် က ဆိုပါတယ်။ နယ်စပ်ခြံစည်းရိုး ပြန်ဖွင့်တဲ့အခါ တရုတ်ပြည်ဘက်သွားပြီး သမီးလေးကို ကိုယ်တိုင်အနီးကပ် စောင့်ရှောက်နိုင်ဖို့ ဒေါ်ဆိုင်းနန် က မျှော်လင့်နေပါတယ်။
“အခက်အခဲများကြီးဖြစ်သွားတယ်။ ကျမက ဟိုဘက်မှာ သမီးတစ်ယောက်ရှိပါတယ်။ ဘယ်လောက်ထိ အခက်အခဲဖြစ်သွားလဲဆိုတော့ ခါတိုင်း ဒီတရုတ်တံခါးပေါက် ဖွင့်တဲ့ အချိန်ဆိုလို့ရှိရင် သမီးကို တွေ့ချင်တဲ့အချိန် သွားတွေ့လို့ရတယ်။ အခု သမီးပိုက်ဆံ တွေ၊ စားစရိတ်တွေလိုရင်လည်း ကျမတို့ကိုယ်တိုင်လည်း သွားပို့မရဘူး။ အခုဆိုရင် ပိုပြီးခက်ခဲတာတော့ ကိုယ့်သမီးနဲ့ကိုယ်လည်း မတွေ့ရဘူး။ ဖျားနာတယ်ဆိုလည်း ကိုယ်က သွားတွေ့လို့မရဘူး။ သူ့ဟာနဲ့သူ ကျောင်းထဲက ဆေးခန်းထဲမှာပဲ သွားပြီး သွားကုရတာပေါ့။ ဖြစ်ချင်တာက ဒီတံခါးပေါက်ဖွင့်ပြီးမှ ကိုယ့်သမီးကို အနီးကပ်ပြုစု ချင်တာပေါ့ အဓိကတော့ အဲဒါပါပဲ”
အရင်ကဆိုရင် သူပိုင်ငွေအချို့ကို တရုတ်နိုင်ငံက ဘဏ်ထဲမှာပဲ ထည့်ထားပြီး သမီးလေး အတွက် ထောက်ပံ့နိုင်ပေမယ့် အခုတော့ အလွယ်တကူ ထုတ်မရဘဲ ကလေးကျောင်းစရိတ် အတွက် အခက်အခဲ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
တရုတ်ရောက် ကချင်မိသားစု နှစ်သိန်းနီးပါးအနက် အများစုဟာ တရုတ်-မြန်မာနယ်စပ်နဲ့ အနီးကပ်ဆုံး ယူနန်ပြည်နယ်မှာ နေထိုင်ကြတယ်လို့ ကချင်မိသားစုတွေက ပြောကြ ပါတယ်။