ချင်းမိုင်ရေကြီးမှု ထိုင်းအစိုးရက အချိန်ပြည့်စောင့်ကြည့်နေ
2024.09.27
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရေကြီးမှုမှာ ထိုင်းအစိုးရနဲ့ အာဏာပိုင်တွေက အချိန်ပြည့်စောင့်ကြည့်နေပြီး အချိန်နဲ့တပြေးညီ ထုတ်ပြန်ကြေညာပေးနေတာကြောင့် ပျက်စီးဆုံးရှုံးမှု မများနိုင်ဘူးလို့ ချင်းမိုင်ကိုရောက်ရှိနေတဲ့ မြန်မာတွေက ပြောကြပါတယ်။
ချင်းမိုင်မြို့က ပင်းမြစ်ရေဟာ ပြီးခဲ့တဲ့ သုံးရက်ကတည်းက ချင်းမိုင်ခရိုင်အတွင်းက တောင်ပေါ်ဒေသတွေဖြစ်တဲ့ ချင်းဒေါင်း၊ မဲ့တန်နဲ့ မဲရင် အထက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာပြီးတဲ့နောက် ပင်းမြစ်ထဲမှာ ရေတွေ တက်လာတာပါ။
ပင်းမြစ်ရေဟာ စက်တင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းမှာတော့ ၄ ဒဿမ ၇၀ မီတာ အထိ ရောက် ရှိနေပါတယ်။
ပင်းမြစ်တစ်လျှောက်မှာ စက်တင်ဘာလ ၂၄ ရက် ညပိုင်းကစလို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနိုင်တယ်လို့ ချင်းမိုင်မြို့တော်ဝန်ရုံးက သတိပေးချက်ထုတ်ပြန်ခဲ့ပြီးတော့၊ မြစ်ကမ်းဘေးတစ်လျှောက် နေထိုင်ကြသူတွေနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်ကြသူတွေ ကုန်းမြင့်ပိုင်းတွေဆီ အမြန်ဆုံးပြောင်းရွှေ့သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ချင်းမိုင်မှာနေတာ နှစ်ပေါင်း ၃၀ ဆယ်နီးပါးရှိပြီဖြစ်တဲ့ မအိကတော့ ထိုင်းနိုင်ငံက ကြိုတင်ကာကွယ်တာ၊ သတိပေးတာနဲ့ ကူညီကယ်ဆယ်ရေးတွေ အချိန်နဲ့အမျှ လုပ်ဆောင်နေတဲ့အတွက် ဒုက္ခ အရမ်းမရောက်ဘူးလို့ RFA ကိုပြောပါတယ်။
“ကြိုတင်လည်း ပြောပေးတယ်လေ။ ရေကြီးတော့မယ်ဆိုရင် ဒီအချိန်တွေမှာ တက်မယ်ဆိုပြီး ထိုင်းရဲ့အစိုးရဘက်က အမြဲတမ်းပြောတယ်။ ကြေညာပေးတယ်။ ရေကြီးမယ်။ ဘယ်လိုလုပ်ထားဆိုပြီးတော့။ သူတို့က အမြဲတမ်းပြောပေးနေတာပေါ့။ ဒီမှာက မများဘူးလေ။ ဒီမှာက ရေကြီးတာ သိပ်အများအပြားမရှိပါဘူး။ ရှိရင်လည်း အများဆုံးက ဒူးအပေါ်လောက်ပဲရှိတာ။ ဒါပေမဲ့ သူတို့ကတော့ ကာကွယ်ထားပေးတာပေါ့။ သူတို့ကာကွယ်လို့ပဲ ရေတွေဘာတွေက များသောအားဖြင့် နည်းနည်းပါးပါးပဲရောက်တာလေ”
ချင်းမိုင်မြို့တော်ဝန်ကတော့ နဝရတ်တံတားအနီးရှိ မြစ်ရေမြင့်တက်မှုကို ၂၄ နာရီပတ်လုံး စောင့်ကြည့်နေပြီး ရေလွှမ်းမိုးဝင်ရောက်နိုင်တဲ့နေရာတွေမှာ အတားအဆီး ပြုလုပ်ဖို့ သဲအိတ်တွေအသင့်ပြင် ဆင်ထားတယ်လို့ ဘန်ကောက်ပိုစ့် သတင်းဌာနကို ပြောကြားထားပါတယ်။
ထိုင်းအစိုးရရဲ့ ကြိုတင်ပြင်ဆင်မှုတွေကြောင့် ပျက်ဆီးဆုံးရှုံးတာ နည်းလိမ့်မယ်လို့ ချင်းမိုင်မြို့မှာနေထိုင်တဲ့ မဟန်နာက RFA ကိုပြောပါတယ်။
“ရေကြီးမှုနဲ့အတူတူ ပျက်စီးမှုတွေလည်း ရှိလာမယ်ပေါ့လေ။ ဒါပေမဲ့ ထိုင်းကလူတွေက ကြိုတင်ပြင်ဆင်မှုတွေလည်း ကောင်းကောင်းလုပ်ထားနိုင်တဲ့အတွက် ပျက်စီးဆုံးရှုံးမှုတော့ လျော့ကျသွားနိုင်မယ်လို့ထင်တယ်။ ထိုင်းနိုင်ငံသားတွေက ရေကြီးမယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေတွေ့တာနဲ့ တပြိုင်နက် စားစရာတွေကို ကြိုတင် ဝယ်စုထားတာတွေရှိတယ်။ တခြားမြေနိမ့်ပိုင်းတွေ ရေဝင်ရောက် နိုင်တဲ့နေရာတွေ ရွာကလူတွေဆိုရင်လည်း တခြားဘေးလွတ်တဲ့နေရာကိုလည်း ပြောင်းရွှေ့ထားပြီလို့ သိရတယ်။ အဲတော့ သူတို့အတွက်က စိုးရိမ်ပူပန် စရာမဟုတ်ဘဲနဲ့ ကြိုတင်ပြင်ဆင်မှု ကောင်းကောင်း လုပ်နိုင်တယ်လို့ မြင်ပါတယ်”
ဆက်နွှယ်သောသတင်းများ
ချင်းမိုင်-ဘန်ကောက်ရထားပေါ်မှာ မြန်မာအလုပ်သမား ၃၅ ဦး အဖမ်းခံရ
ထိုင်းနဲ့ မြန်မာ ဖန်တီးမှုနဲ့ ယဥ်ကျေးမှုဆိုင်ရာပွဲတော် ချင်းမိုင်မှာပြုလုပ်
ထိုင်းရောက် မြန်မာလူငယ်တွေကို စစ်ကောင်စီ ထပ်တိုးကန့်သတ်
ချင်းမိုင်မြို့ရေကြီးမှုမှာ လက်ရှိအချိန်အထိ ပင်းမြစ်ဘေးတစ်လျှောက်က ရပ်ကွက်တွေ၊ ရေဝင်နိုင်တဲ့ မြေအနိမ့်ပိုင်း ရပ်ကွက်တွေအပြင်၊ ချင်းမိုင်ဘူတာအနီးတစ်ဝိုက်၊ နောင်ဟွိုင်ရပ်ကွက်၊ ဟန်ဒုံးနဲ့ မြန်မာလူမျိုးအများစုနေထိုင်တဲ့ ချန်ကလန်လမ်းတစ်လျှောက်မှာလည်း ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတာပါ။
သက်ဆိုင်ရာအာဏာပိုင်တွေကလည်း အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်သတိပေးနေကြသလို၊ ကူညီကယ်ဆယ်ရေးအတွက်လည်း အဆင်သင့် ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ထိုင်းသတင်းဌာနတွေကလည်း ပင်းမြစ်ဘေး တစ်လျှောက်မှာ ယာယီတဲတွေ ထိုးပြီး တိုက်ရိုက်ထုတ်လွှင့် တင်ဆက်နေကြပါတယ်။