မိုးကြိုးပြင်နဲ့အုတ်ဖိုရွာက ကျန်ရစ်သူဇနီးသည်တို့ပြောစကား

ခင်မိုးညို
2022.10.23
မိုးကြိုးပြင်နဲ့အုတ်ဖိုရွာက ကျန်ရစ်သူဇနီးသည်တို့ပြောစကား ၂ဝ၂၂ ခုနှစ် ဇွန်လလယ်ပိုင်းက အသတ်ခံခဲ့ရသည့် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာက NLD ပါတီထောက်ခံသူ ဦးတင်စိုး။
Photo: RFA

“ကျွန်မတို့ရွာကို ၆ လပိုင်း ၂၁ ရက်နေ့ မနက်ခင်း ၈ နာရီလောက်ကို မြောက်က ဝင်လာပြီ ဝင်လာပြီ လို့ ပြောကြပါတယ်ရှင်။ ကျွန်မတို့သားအမိနှစ်ယောက်က တောထဲကို ထွက်ပြေးကြပါတယ်။ ဦးတင်စိုး မင်း ဘယ်ရောက်နေပြီတုန်း။ ရွာကတော့ ရုတ်ရုတ်ရုတ်ရုတ်မို့ တို့သားအမိနှစ်ယောက်စလုံး တောထဲကို ရောက်နေပြီလို့ပြောတော့ သူက အေးအေး ငါလည်းပြန်လာပြီ။ ရွာအရှေ့ထိပ်ရောက်နေပြီလို့ ကျွန်မကို ပြောပါတယ်။ လိုက်လာပြီး ကျွန်မတို့ဆီရောက်တော့ကျ ရွာကိုစိတ်မချလို့ ပြန်ပတ်ကြည့်ဦးမယ်ဆိုပြီး ပြန်သွားပါတယ်။ အဲဒီမှာ သူတို့က ကင်းပုန်းတွေချထားတော့ ကင်းပုန်းတွေနဲ့တွေ့ပြီး မိသွားတာပါရှင်”

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာမှာ လူအသတ်ခံရပြီး အိမ်ပါမီးရှို့ခံရတဲ့ ဦးတင်စိုးရဲ့ ဇနီးပြောနေတာပါ။ ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်မှာ စစ်တပ်က သူတို့ရွာကို ဝင်လာလို့ ထွက်ပြေးကြပေမယ့် သူ့ခင်ပွန်းကို ဖမ်းမိသွားတယ်လို့ ဇနီးကပြောပြပါတယ်။

“မိသွားတဲ့နောက်ပိုင်း အဖေဘယ်မလဲ လှမ်းဆက်တော့ အဖေ ဘုန်းကြီးကျောင်းထဲမှာလို့ ပြန်ပြောပါသေးတယ်။ အဲဒီလိုပြောပြီးတော့ သူတို့ ဒလန်ကပေးထားတဲ့ စာရင်းစာအုပ်ထဲ ဦးတင်စိုးလို့ပါတော့ ခေါ်သွား လက်ပြန်ကြိုးတွေ တုပ်ပြီးတော့ ညှဉ်းဆဲတယ်လို့ သိရပါတယ်ရှင်”

“အိမ်တွေကို မီးရှို့တော့လည်း မရှို့ပါဘူးလို့ငြင်းတာ။ မယုံကြပါနဲ့တော်၊ သူတို့ကိုယ်တိုင် ရှို့သွားလို့ ကျွန်မအိမ်လေးကုန်တာပါ” 

နောက်နေ့မှာတော့ သူ့ခင်ပွန်းကို လည်လှီးသတ်ပြီး လက်ကိုပါ ဖြတ်သွားတယ်လို့ပြောပါတယ်။ ဦးတင်စိုးရဲ့ ရုပ်အလောင်းဟာ အတော့်ကို မမြင်ရက်အောင် ဆိုးဆိုးရွားရွား နှိပ်စက်သတ်ဖြတ်ခံထားရတာကြောင့် ရပ်ရွာကသူ့ဇနီးကိုကြည့်ခွင့်မပေးဘဲ သင်္ဂြိုဟ်လိုက်ကြပါတယ်။

“နောက်ရက်ကျတော့ ဦးတင်စိုးအလောင်းတွေ့လို့ မီးသဂြိုဟ်လိုက်ကြပြီလို့ ပြောပါတယ်။ ကြည့်မကောင်းအောင် နှိပ်စက်ထားလို့ ကျွန်မကို အစ်ကိုတွေက လိုက်မပို့ပါဘူးရှင်။ မကြည့်ခဲ့ရပါဘူး။ အဲဒါကို ကျွန်မရင်နာလို့ မဆုံးပါဘူး။ သူတို့ ရက်ရက်စက်စက်သတ်ပစ်လို့။ သေနတ်နဲ့တစ်ချက်တည်းပစ်သတ်လိုက်ရင်တောင် ကျွန်မက တစ်သက်မှာတစ်ခါ သေရတာလို့ ဖြေသာပါတယ်။ အခုတော့ ရက်ရက်စက်စက် ကိုယ်ခန္ဓာကို တိရစ္ဆာန်တွေကအစိတ်စိတ်အမွှာမွှာ ဆွဲခွာရမ်းပစ်သလိုလုပ်ခဲ့တာပါရှင့်”

utinsoe home.jpg
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာက ဦးတင်စိုး၏ နေအိမ် မီးရှို့မခံရခင်နှင့် မီးရှို့ခံရအပြီး မြင်ကွင်း။ (Photo: Citizen Journalist)

အခုတွေ့နေရတာကတော့ မီးရှို့မခံရခင်တွေ့ရတဲ့ ဦးတင်စိုးရဲ့အိမ်ပုံနဲ့ မီးရှို့ခံရပြီး တွေ့ရတဲ့ပုံဖြစ်ပါတယ်။ သူတို့အိမ်ဟာဆောက်ပြီးတာ မကြာသေးဘူးလို့ ပြောပါတယ်။ မိုးကြိုးပြင်ရွာမှာ အိမ်ခြေ ၅၀၀ လောက်ရှိပြီး၊ အဲဒီထဲမှာ ၃၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့သွားခဲ့တာပါ။ ခင်ပွန်းသည် ရက်ရက် စက်စက်အသတ်ခံရသလို သူတို့ရဲ့အိမ်လည်း မီးရှို့ဖျက်ဆီးခံရတဲ့အတွက် ကျန်ရစ်သူမုဆိုးမတစ်ယောက်ဟာ မီးသင့်ပြီးသားအိမ်ရှေ့မှာငိုကြွေးဖို့သာ တတ်နိုင်ပါတော့တယ်။

ဘာကြောင့် ဦးတင်စိုးအသတ်ခံရတာလို့ထင်လဲဆိုတော့ သူတို့မိသားစုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီနိုင်ခဲ့တုန်းက အောင်ပွဲခံတဲ့အနေနဲ့ အကျွေးအမွေးနဲ့ အလှူတွေလုပ်ခဲ့တာကြောင့် သတင်းပေးတွေက ပြောလို့ သတ်တာဖြစ်နိုင်တယ်လို့ ဇနီးက ယူဆပါတယ်။ အဲဒီဒေသဟာ နာမည်ကျော် တရုတ်ဝမ်ပေါင်နဲ့ စစ်တပ်ရဲ့ဦးပိုင်ကုမ္ပဏီတို့ မြေယာတွေသိမ်းပြီး ကြေးနီထုတ်နေတဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဒေသ ဖြစ်ပါတယ်။ သူတို့ရွာကိုဝင်ပြီး မီးရှို့သတ်ဖြတ်တဲ့အဖွဲ့က ကြေးနီစီမံကိန်းထဲမှာ စခန်းချနေတဲ့တပ်တွေလို့လည်း ပြောကြပါတယ်။

ဦးတင်စိုးရဲ့ဇနီးလို မုဆိုးဖြစ်သွားရတဲ့ နောက်တစ်ယောက်က ဘုတလင်မြို့နယ် အုတ်ဖိုရွာက ထန်းသမားတစ်ယောက်ရဲ့ဇနီး ကလေးနှစ်ယောက်မိခင် မသူဇာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ အုတ်ဖိုရွာကို စစ်ကောင်စီတပ်တွေ ရောက်လာပြီး ရွာသား ကိုးယောက်ကို သတ်လိုက်ပါတယ်။ အဲဒီအထဲမှာ မသူဇာရဲ့ခင်ပွန်းနဲ့ အစ်ကိုနှစ်ယောက်လည်း ပါသွားပါတယ်။ သူ့ခင်ပွန်းက ထန်းသမားခါး ပတ်ပတ်ထားတာကို PDF လို့ စွပ်စွဲပြီးသတ်တာလို့ ပြောပြပါတယ်။

“စစ်သားတွေ ရွာထဲ တောင်ကနေဝင်လာတော့ ကျွန်မအိမ်သားက ဒီခါးပတ်လေး ပတ်ပြီးတော့ ပြေးပါတယ်ရှင့်။ ဆရာလေးကျောင်း ဘုရားလေးကုန်းတော့ လွတ်လောက်ပါတယ်ဆိုပြီးတော့ ပြေးတာ။ သူတို့က ခါးပတ်မြင်ပီးတော့ သူတို့က ခင်ဗျား PDF အစစ်ပဲလို့ ပြောတာ။ ကျွန်တော်မဟုတ်ပါဘူး ဗျာ။ ကျွန်တော်က ထန်းသမားလေးပါဗျာ လို့ပြောရင်းတန်းလန်းနဲ့ ပေါင်ကို ပစ်လိုက်တာပါရှင့်၊ မှောက် မှောက် ဆိုပီးတော့ တင်ပါးကိုပစ်လိုက်တာပါ။ နောက်ဆုံးတော့ ခေါင်းကိုပစ်တာပါ။ ကျွန်မအိမ်သား က သုံးချက် အပစ်ခံရပါတယ်ရှင့်။ PDF လည်းမဟုတ်ပါဘူး။ ထန်းသမားအစစ်ပါရှင့်။ တောင်သူရိုးရာ လုပ်စားနေတဲ့သူပါရှင်။ ကျွန်မတို့ဆီမှာ ထန်းသမားတွေက ဒီခါးပတ်လေးတွေ ပတ်ပြီး လူတိုင်း ထန်းတက်နေကြတာပါရှင်။ ကျွန်မမှာ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်နဲ့ ဘာလုပ်စားရမှန်းမသိတော့ပါဘူးရှင်”

စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီတပ်တွေကို အပြင်းထန်ဆုံးခုခံတော်လှန်နေတဲ့ဒေသဖြစ်သလို၊ စစ်ကောင်စီကလည်း လူသတ်မီးရှို့စစ်ဆင်ရေးနဲ့ အကြမ်းတမ်းဆုံး တောက်လျှောက်နှိမ်နင်းနေတာပါ။ ဒါပေမဲ့ မီးရှို့တာနဲ့အရပ်သားတွေကို သတ်တာ တပ်မတော်က မဟုတ်ဘူးလို့ စစ်ကောင်စီဘက်က အမြဲငြင်းဆိုပါတယ်။

ဒီလိုငြင်းတာနဲ့ ပတ်သက်လို့ ဦးတင်စိုးရဲ့ဇနီးက အခုလိုပြောပါတယ်။

“သူတို့က ငြင်းသေးတာ။ အိမ်တွေကို မီးလိုက်လိုက်ရှို့၊ နယ်ပေါင်းစုံ ရွာပေါင်းစုံလိုက်ရှို့ ပြည်သူလူထုကို မတရားသဖြင့် လက်နက်အားကိုးနဲ့သတ်၊ သတ်ပြီးတော့ မသတ်ပါဘူးလို့ငြင်းတာ။ အိမ်တွေကို မီးရှို့တော့လည်း မရှို့ပါဘူးလို့ငြင်းတာ။ မယုံကြပါနဲ့တော်၊ သူတို့ကိုယ်တိုင် ရှို့သွားလို့ ကျွန်မအိမ်လေးကုန်တာပါ။ မရှိတော့ပါဘူး”

စစ်တပ်အာဏာသိမ်းထားတဲ့ လပေါင်း ၂၀ အတွင်း ဒီမိုကရေစီလိုလားသူနဲ့ အရပ်သားတွေ တစ်နိုင်ငံလုံးမှာ ပုံစံမျိုးစုံနဲ့သတ်ဖြတ်ခံရတဲ့အရေအတွက်ဟာ အနည်းဆုံး ၂၃၇၀ ကျော်နေပြီလို့ AAPP နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့အောက်တိုဘာ ၁၉ ရက် ထုတ်ပြန်ချက်အရသိရ ပါတယ်။ စစ်ကိုင်းတိုင်းမှာ မီးရှို့ခံရတဲ့အိမ်ပေါင်းက နှစ်သောင်းခွဲကျော်ပြီလို့ Data For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။