ဝမ်းရေးအတွက် အန္တရာယ်ကြား ရုန်းကန်နေတဲ့ အုန်းတက်သမား
2024.04.03

အမြင့်ပေ ငါးဆယ်ဝန်းကျင်ရှိတဲ့ အုန်းပင်ထိပ်ဖျားရောက်ဖို့ ခြေထောက်နဲ့လက်ကိုအားပြုရင်း အုန်းသီးခူးနေသူကတော့ ဘိုကလေးမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာက အသက် ၄၂ အရွယ် ကိုထွန်းဇော်ပါ။ အပင်ပေါ်တက်ဖို့ ပုဆိုးကို ခြေကွင်း၊ လက်ကွင်းအဖြစ် သုံးရပြီး အဲဒါပြတ်ကျရင် အသက်အန္တရာယ်ရှိပါတယ်။
ကိုထွန်းဇော်ရဲ့ မိတ်ဆွေတွေထဲမှာ အုန်းပင်တက်ရင်း အုန်းပင်ပေါ်ကပြုတ်ကျလို့ အသက်ဆုံးရှုံးရသူရှိသလို ခြေလက်ကျိုးသွားသူ သုံးဦးလောက်လည်း ရှိပါတယ်။
အရင်က ရေလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ ကိုထွန်းဇော်ကတော့ အသက်အန္တရာယ်များတဲ့ အုန်းပင်တက်တဲ့အလုပ်ကို စိတ်ကုန်နေပေမယ့် စားဝတ်နေရေးအတွက် မစွန့်လွှတ်နိုင်သေးပါဘူး။
“ဒီနှစ် ပိုဆိုးတယ်။ လုပ်စားရတာ မလွယ်ဘူး။ အဲဒါကြောင့်မို့လို့လည်း ဒီအုန်းကို ပြန်တက်ဖြစ်တာ။ ဘယ်လိုကြောင့်လဲဆိုတော့ ဘေးအလုပ်ကို လုပ်ပြန်တော့လည်း ကိုယ့်အိမ်က မိသားစုစားဝတ်နေရေးက သူရတဲ့ရလဒ်နဲ့ မလုံလောက်ဘူး။ ဒီအုန်းလေးတက်လိုက်ရင် တစ်သောင်း၊ ကိုးထောင်ရရင် ကျွန်တော့်အတွက် ထမင်းစားဖို့ တစ်နေ့စာရတယ်။ ဒါကြောင့်မို့ ပြန်တက်နေတာ”
ကိုထွန်းဇော်တက်လို့ရတဲ့ အုန်းသီးတွေကိုတော့ အုန်းဆီချက်လုပ်ဖို့ အုန်းသီး အသားခြောက်လုပ်ပြီး ရန်ကုန်မြို့ကို တင်ပို့ကြပါတယ်။ အုန်းခြံပိုင်ရှင်က အုန်းသီးတစ်လုံးကို ငွေလေးရာကျပ်ရပြီး ကိုထွန်းဇော်အတွက် လုပ်အားခအနေနဲ့ တစ်လုံးကို လေးဆယ်ကျပ် ရပါတယ်။
“အုန်းတက်သမားဘဝကိုစွန့်လွှတ်ပြီး ကိုယ်ပိုင်လှေတစ်စီးနဲ့ ငါးဖမ်းပိုက်ရဖို့ မျှော်လင့်နေတာပါ”
မိုးအကုန်နဲ့ ဆောင်းရာသီမှာ အုန်းသီး အသီးများလို့ နေ့စဉ်အလုံးရေ တစ်ထောင်လောက် သူခူးနိုင်ပေမယ့် နွေရာသီနဲ့ မိုးဦးကျမှာတော့ အသီးနည်းသွားလို့ တစ်နေ့ကို နှစ်ရာဝန်းကျင်ပဲ သူခူးနိုင်ပါတော့တယ်။
အုန်းသီးအလုံးရေ တစ်ထောင်ခူးရတဲ့အခါ သူ့အတွက် တစ်နေ့ကို ငွေကျပ် လေးသောင်းအထိ ရပါတယ်။ အသီးနည်းချိန်တွေမှာတေ့ သူ့အတွက် တစ်နေ့ကို လုပ်အားခ ကျပ်တစ်သောင်းဝန်းကျင်သာ ရပါတယ်။
ဒီလုပ်အားခက မိသားစုစားစရိတ်ကို မကာမိတာကြောင့် ကိုထွန်းဇော်ရဲ့ ဇနီးဖြစ်သူ အသက် ၄ဝ အရွယ် မလှလှက အပိုဝင်ငွေရအောင် ကဏန်းထောင်၊ ငါးဖမ်းလုပ်ပါတယ်။
“လက်ထွန်ပစ်တယ်၊ ကဏန်းထောင်တယ်။ အဲဒီလိုပေါ့။ အခုတော့ ခရုလေး ကောက်နေတယ်။ အဲဒီလိုလေးပဲ တစ်ဖက်တစ်လမ်းက ရှာရတာပေါ့။ကိုယ့်အိမ်က မိသားစုနဲ့ အဲဒီလိုမျိုး။ အုန်းက ဒီနေ့ကျပေမယ့် နောက်နေ့ကျချင်မှ ကျတာလေ။ အခုလည်း သူ့ကို ပြောတယ်။ နားပါတော့လား မတက်နဲ့လို့။ မိန်းမတဲ့ တို့မိသားစု ဒါလေးနဲ့မှ စားလို့လောက်တယ်ပေါ့နော်။ နည်းနည်း သင့်သင့်လေးရှိတယ်တဲ့။ ဆက်တက်ရမယ်ပေါ့”
သူတို့မိသားစုမှာ သားသမီးလေးဦးရှိပြီး နေ့စဉ်ဝမ်းရေးအတွက် မနည်းရုန်းကန်နေရတဲ့ ကိုထွန်းဇော်အဖို့ သားသမီးတွေ ပညာရေးကို မထောက်ပံ့နိုင်ပါဘူး။
“သက်စွန့်ဆံဖျားသာ လျှောက်လုပ်နေတယ်။ သူ့အိမ်မှာ တစ်ခါတလေကျရင် အဆင်တောင် မပြေဘူး။ တစ်ခါတလေကျရင် မလည်ပတ်ဘူးပေါ့။ ကလေး ဘာညာတွေကစပြီးတော့ ကျောင်းတက်ရမယ့်အချိန်လည်း တော်ရုံတန်ရုံ ကလေးတွေလည်း မတက်နိုင်ဘူးပေါ့။ စားရေးသောက်ရေး အခက်အခဲဖြစ်နေတဲ့အတွက်”
အရင်ကပိုက်မျှောလုပ်တဲ့ ကိုထွန်းဇော်ဟာ အရှုံးပေါ်လို့ ဆက်မလုပ်နိုင်တော့ဘဲ ငွေအရင်းအနှီးမလိုတဲ့ အုန်းပင်တက်တဲ့အလုပ်လုပ်ပြီး မိသားစုစားဝတ်နေရေး ဖြေရှင်းနေတာပါ။ ရေလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ ကိုထွန်းဇော်က အုန်းတက်သမားဘဝကိုစွန့်လွှတ်ပြီး ကိုယ်ပိုင်လှေတစ်စီးနဲ့ ငါးဖမ်းပိုက်ရဖို့ မျှော်လင့်နေတာပါ။
“ကျွန်တော်က ရေလုပ်ငန်းသမားဆိုတော့ ရေလုပ်ငန်းကို နည်းနည်းအားသန်တယ်လေ။ လှေလေးတစ်စီးလောက်ဖြစ်ဖြစ် သို့မဟုတ် စက်လှေလေးပေါ့။ ဒီလိုလေးရခဲ့မယ်ဆိုရင် ကိုယ်ပိုင်ပိုက်ကလေး ထွက်ချင်တာပေါ့။ အဲဒါမျိုးကျရင် ကျွန်တော်ဟာ ကျွန်တော် အဆင်ပြေလောက်တယ်”
နေ့တဓူဝ စားစရိတ်ကာမိဖို့တောင် အနိုင်နိုင်ရုန်းကန်နေရတဲ့ ကိုထွန်းဇော်အဖို့ ကိုယ်ပိုင်လှေတစ်စီးနဲ့ ငါးဖမ်းပိုက်ရဖို့ မျှော်လင့်ချက် ဝေးနေဆဲပဲလို့ ပြောပါတယ်။