စစ်မှုထမ်းဥပဒေကြောင့် သောကရောက်နေရတဲ့ မိသားစု
2024.04.12

“အဲဒါ ဘယ်နေ့လာခေါ်မလဲ၊ ဘယ်နေ့လာခေါ်မလဲ ပူပင်ပြီးတော့လေ၊ လာခေါ်မယ့်ရက်ကိုစောင့်ပြီးတော့ မအိပ်နိုင်၊ မစားနိုင်ဖြစ်နေတာ။ တစ်နေ့နဲ့ တစ်နေ့ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေတာ ကျွန်မက။ အဲဒီလို ဖြစ်နေပါတယ်။ ကျွန်မသားလေးတွေ မပေးနိုင်ဘူး။ မပေးနိုင်တဲ့သူ ပိုက်ဆံပေးရမယ်။ ပိုက်ဆံပေးပါဆိုလည်း မပေးနိုင်ဘူး။ စားဖို့တောင် မရှိဘူးလေ”
လုံခြုံရေးအရ အမည်လွှဲထားတဲ့ ဒေါ်နွယ်တစ်ယောက် သူ့ရဲ့စိုးရိမ်စိတ်ကို ပြောပြနေတာပါ။ သူတို့က ကြုံရာကျပမ်း အလုပ်လုပ်ကိုင်ရင်း ဝမ်းရေးဖြေရှင်းနေကြရတဲ့ မိသားစုပါ။ ပြီးခဲ့တဲ့မတ်လဆန်းမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူဦးရေစာရင်းကို သူတို့အိမ်ရှိရာ ရပ်ကွက်ထဲ စာရင်းကောက်ယူခဲ့တာကြောင့် နေ့စဉ်နဲ့အမျှ သူတို့မိသားစု ပူပင်သောက ရောက်နေရပါတယ်။
ဒေါ်နွယ်ရဲ့ သားသမီးတွေထဲ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ သားသမီးသုံးဦးရှိပါတယ်။
“စစ်မှုထမ်းဆိုပြီး လာခေါ်တယ်။ ကျွန်မတို့မှာတော့ ဘာစစ်မှုထမ်းမှန်းကို မသိဘူး။ သူတို့ကိုခေါ်သွားမယ့်အစား ကျွန်မကိုခေါ်သွား။ ကျွန်မ အသေခံလိုက်မယ်။ သားသမီးတွေတော့ ကျွန်မ မထည့်နိုင်ဘူး။ ကျွန်မရင်ထဲမှာ ဒါအဆုံးအဖြတ်၊ အကောင်းဆုံးပဲပြောတာပါ။ တကယ် ခံစားနေရတာပါ။ သားသမီးတွေနဲ့ သိုက်သိုက်ဝန်းဝန်းနေတယ်။ ဘယ်တော့မှ ခွဲပြီးလည်းမနေတော့ အဲဒီလိုခေါ်သွားရင် ကျွန်မ သေသလိုပါပဲ”
ဒီစစ်မှုထမ်းဥပဒေကြောင့် မိခင်ဖြစ်သူတိုင်း သူ့လိုပဲ ခံစားနေကြမှာပဲလို့ ဒေါ်နွယ်က ဆိုပါတယ်။
“စစ်ကောင်စီက ကျန်ခဲ့တဲ့မိသားစုဝင်တွေကို ခြိမ်းခြောက်အကျပ်ကိုင်တာတွေရှိပါတယ်”
ဒေါ်နွယ်ရဲ့ သားတစ်ဦးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် အမည်လွှဲထားတဲ့ ကိုထွန်းထွန်းကလည်း ထမင်းနပ်မှန်ဖို့တောင် မနည်းကြိုးစားရုန်းကန်နေရတာကြောင့် သူ့အတွက် ရွေးချယ်စရာလမ်း မရှိတော့ဘူးလို့ ပြောပါတယ်။
“တုံးတွေ့ရင် တိုက်၊ ကျားတွေ့ရင် ကိုက်ပဲရှိတော့တာပေါ့။ လာသမျှ အန္တရာယ်ကို ရင်စည်းခံပြီးတော့ပဲ ရင်ဆိုင်ရတော့မှာပေါ့”
ဒီရက်ပိုင်းမှာ သူတို့နေထိုင်တဲ့ပတ်ဝန်းကျင်က လူငယ်တချို့ မကြာခဏ ဖမ်းဆီးခံနေရတဲ့အတွက် အထူးသတိထား သွားလာနေရတယ်လို့လည်း ဆိုပါတယ်။
အခုဆိုရင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများစုက ပြည်ပနိုင်ငံတွေဆီ နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာနေကြသလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိမ်းရှောင်နေကြသူတွေ၊ ဒီဥပဒေကို ဆန့်ကျင်နေကြသူတွေလည်း ရှိနေပါတယ်။
တိမ်းရှောင်ကြတဲ့ လူငယ်တွေ များလာတာနဲ့အမျှ စစ်ကောင်စီက ကျန်ခဲ့တဲ့မိသားစုဝင်တွေကို ခြိမ်းခြောက်အကျပ်ကိုင်တာတွေရှိတယ်လို့ တွေ့ကြုံခဲ့ရသူတွေက RFA ကို ပြောထားပါတယ်။
ငွေကြေးမတတ်နိုင်တဲ့ အခြေခံလူတန်းစားမိသားစုတွေကတော့ ဖြစ်လာသမျှ လက်ပိုက်ကြည့်ရုံကလွဲလို့ တခြားနည်းမရှိဘူးလို့ လုံခြုံရေးအရ အမည်လွှဲထားတဲ့ ဒေါ်နွယ်ရဲ့ခင်ပွန်းဖြစ်သူ အမည်လွှဲ ဦးမြင့်ထွေးက ပြောပါတယ်။
“သေမယ်ဆိုတာကတော့ ကိုယ်က သိနေကြတာချည်းပဲ။ သေမယ့်ကြားထဲကနေ သူတို့ (စစ်ကောင်စီတပ်) က အတင်းဆွဲလွှဲပြီး ခေါ်နေတယ်ဆိုတော့ ကိုယ့်ဘက်ကလည်း စိတ်မကောင်းတာ တစ်ခုကလွဲလို့ တွန်းလှန်လို့ရတဲ့အလုပ်မှမဟုတ်တာ။ အဲဒီတော့ ကိုယ့်က လက်ပိုက်ကြည့်နေရရုံပဲရှိတာ။ ကျွန်တော်တို့ဘဝတွေ အဲဒီလို ဖြစ်သွားပြီဗျာ”